ဆောင်းနှမ်းဈေးကွက် ဆက်တိုက်ကောင်းမွန်ခဲ့ပြီး ယခုရက်အတွင်း အနည်းငယ်အေးနေ

ဒီဇင်ဘာ ၂၀

 

၂၀၂၁ ခုနှစ် ဆောင်းနှမ်းရိတ်သိမ်းခြွေလှေ့သည့် ရာသီချိန်အတွင်း ဈေးကွက်ဆက်တိုက် ကောင်းမွန်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ဈေးကွက်အနည်းငယ် ပြန်လည်အေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ နှမ်းနက်စိုက်ပျိုးသူများထံမှ သိရသည်။

 

"နှမ်းနက်ဈေးကွက်က အခုရက်တော့ ပြန်အေးနေတယ်။ လအစတုန်းက ဈေးကောင်းခဲ့တယ်။ အခုမှ နည်းနည်းပြန်ကျသွားတာ။ အခုပေါ်နေတာကတော့ ဆောင်းနှမ်းပါ။ ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့ နှမ်းနက်အမျိုးအစားပေါ့။ အခုနောက်ပိုင်းကာလတွေက ရိုးရိုးနှမ်းထက်စာရင် နှမ်းနက်ကိုပဲ အများဆုံး စိုက်ပျိုးထုတ်လုပ်လာကြပါတယ်။ ဈေးကွက်လိုလားမှုရှိတဲ့ နှမ်းအမျိုးအစား ဖြစ်လို့ပါ။ နှမ်းအထွက်နှုန်း တိုးတက်ဖို့ဆိုတာက မျိုးကောင်းမျိုးသန့်အပြင် စိုက်ပျိုးရာသီချိန်မှာ ရာသီဥတုမှန်ကန်ဖို့တော့ အထူးလိုအပ်ပါတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာမှ နှမ်းနက်စိုက်ပျိုးသူ ဦးဟန်ထွန်းက ပြောသည်။

 

နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း နှမ်းနက် ၃ တင်း တစ်အိတ်လျှင် ၂၁၀,၀၀၀ ကျပ် ရရှိခဲ့ပြီး ယခုရက်ပိုင်းတွင် နှမ်းနက် ၃ တင်းဝင် တစ်အိတ်လျှင် ၁၉၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။

 

"နှမ်းနက်ဈေးက အရင်နှစ်ကထက်စာရင်တော့ ဈေးကကောင်းတယ်ပြောရမယ်။ ဒီနှစ်က နှမ်းအထွက်နှုန်းကလည်း ကျဆင်းမှုရှိတယ်။ တောင်သူတွေကလည်း မြေဆီဈေး ဆေးဖိုးတွေ ဈေးတက်တာကြောင့် သိပ်မစိုက်ပျိုးနိုင်ကြဘူး။ အဲ့ဒါတွေကြောင့်ပဲ ဈေးတက်တာလား၊ ဒါမှမဟုတ် ဝယ်လက်များလာလို့ပဲ ဈေးတက်တာတော့ မသိရပါဘူး။ ကျွန်တော်တို့ဒေသက နှမ်းနက်ကို အဓိက စိုက်ပျိုးတာပါ။ ကုန်သည်ပွဲစားတွေကတစ်ဆင့် မန္တလေးမြို့ပေါ်က ပွဲရုံတွေဆီ တင်ပို့ရောင်းချကြပါတယ်။ စိုက်စရိတ်တွေများ အထွက်နှုန်းနည်းတဲ့အတွက် နှမ်းဈေးတက်ပေမယ့်လည်း သိပ်တော့တွက်ခြေမကိုက်ကြပါဘူး"ဟု ဦးဟန်ထွန်းက ဆက်လက်ပြောသည်။

 

မြန်မာနိုင်ငံတွင် နွေနှမ်းကို မေလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လတွင် ရိတ်သိမ်းခြွေလှေ့ကြသည်။ ဆောင်းနှမ်းကိုမူ ဩဂုတ်လကုန်တွင် စတင်စိုက်ပျိုး၍ နိုဝင်ဘာလတွင် ရိတ်သိမ်းခြွေလှေ့ကြသည်။ ဆည်ရေသောက်ဒေသများတွင်မူ နွေနှမ်းနှင့်ဆောင်းနှမ်း ၂ မျိုးလုံးကို စိုက်ပျိုးလေ့ရှိကြသော်လည်း၊ မိုးကောင်းသောက်ဒေသ (ဆည်ရေမရရှိသည့်ဒေသ) များတွင်မူ ဆောင်းနှမ်းကိုအဓိက စိုက်ပျိုးကြောင်း သိရသည်။

 

နန်းထက်ထက်ချစ်