ဆောင်းပီပါမှ

ဆူးငှက်

 

ရှစ်မျက်နှာ ယှက်ကာခြုံသည်

ထက်အာကာယံ့ နယ်ဖြစ်အင်။

ပက်ပါရွာအံ့ ခြယ်ရစ်ဆင်သည်

တိမ်နယ့်ပိုင်ရှင် မာန်မူ၍

မင်ခဲမင်ညွန့် ကနုတ်ထောင်သည်

အဟုတ်ပြိုဆောင် ဖန်အားတတ်နိုင်ပေ့၊

ခွင့်မကာရ ဒါလကြုံမှာ ... ခွာမြဝတ်မှုန် လေပြည်ဝေ့ ...

ငွေနှင်းစွေအန် ဟေမန်လေမို့

လေပြည်ဈာန် မွေ့ဖွေ့လှိုက်ခုန်

ရထည်ခြုံလွှာ ပြန်ပြန်ထပ်တယ်

ဖန်ဖန်မလက် ဘွင်သည်းစိမ့်ကာတုန် . . .။

လေအေးလှိုင်းတွေ နယ်ချဲ့။

မထင်မှတ်သော ဆောင်းလေအေးက လေးငါးရက် ဆက်တိုက်ဆက်တိုက် ဖက်ရမ်းခဲ့သည်။ ဟိုး…. တောင် တရုတ်ပင်လယ်ဆီက လေအေးလှိုင်းတွေ နယ်ချဲ့လာ

သတဲ့။ သူ့လက်ဖျံမှ နှင်းက အပြေးအလွှား နေရာယူရလေ တော့၏။ နှင်းရယ် လာမှ လာနိုင်ပါ့မလားရယ်လို့ စိုးရိမ် ပူပန်လိုက်ရတာကွယ်။ လာမည့် လာတော့လည်း ရက်လ နှစ်ချီ အလီလီ ခွဲရလေသော သည်းသည်းလှုပ် ချစ်သူနှစ်ဦး ဆုံတွေ့ရသလို နှင်းကလည်း ကဲလွန်း သည်းလွန်း လှချေ ၏။ မိုးလေလား နှင်းလေလား ထင်မှတ်မှားရအောင် ဖြိုးဖြိုးဖြောက်ဖြောက် မိုးသီးမိုးပေါက်အလား ထင်မှတ် မှားရ၏။ သရက်ကုန်း ကျောင်းတိုက်ဆီက ဆွမ်းခံ တုံးမောင်းခေါက်တော့ အပျိုပေါက် နေခြည်က “နှင်း” စောင်ထူထူအောက် အိပ်မောကျဆဲ..၊ ကိုမာလီက သူ့ နို့စားနွားမဆီက နွားနို့ညှစ်ယူဖို့ သားခွဲသံ တဘူးဘူး ညံသော်လည်း နှင်းလွှာမကွဲသေး…။

နုဆတ် စိမ်းရွှင်သော ငှက်ပျောရွက်ဖားဖားတို့က နှင်းမိုးရေချိုးကြတာ အပြိုင်းအရိုင်း….။ တံစက်မြိတ်က နှင်းမိုးရေသောက်ကြတာ အလုအယက်….။ ကန်သင်းလမ်း ကွေ့ကောက်ကောက်ကလည်း မိုးစွေအပြီး နှင်းအရည် အဖျန်းအပက်မှာ စိုစိုစွတ်စွတ် အလူးအလဲ….။ ရွက်သစ် ခြုံလွှာ မဝယ်နိုင်မီစပ်ကြား ဒန့်သလွန်ပင်ပိန်ရှည်ရှည် လက်ပြင်ကိုင်းကလည်း နှင်းတောမှာ ခိုက်ခိုက်တုန်...။ ငှက်ပျောခြံစပ်က ရှို့ထားသော အမှိုက်မီးခိုး အူအူကတော့ နှင်းကို အန်တုကာ ကခုန်ဖို့ ကြိုးစားနေရှာသည်။

သည်လိုနဲ့ . . .။

 

ဝီရိယလွန် ချိုးကူသံလေးတွေ

မနက်မိုးလင်းသည်နှင့် ရိုးမတောင်တန်းပြာပြာတွေဆီ ငေးမျှော်ရင်း၊ ဝီရိယလွန် ချိုးကူသံလေးတွေ နားထောင် ရင်း အညွန့် မတက်နိုင်သော သပြေပင်ပေါက်လေးတွေ ကြည့်ကာ သက်ပြင်းချရင်း၊ နွားနို့စစ်စစ်၊ ကော်ဖီစစ်စစ် လေးတစ်ခွက် ငတ်မွတ်ရင်း….၊ မင်နံ့မပြယ်သေးသည့် လတ်ဆတ်သတင်းစာကို စောင့်မျှော်ရင်း၊ ဖောင်တော်ဦး ပရဟိတသွားမည့် ကလေးတွေပေးဖို့ သကြားသီး ညို မှည့်မှည့်တွေ ခူးဆွတ်ရင်း….၊ မြန်မြန်နမ်းလှည့်ပန်း၏ အရောင်နီရဲရဲကို ရင်ခုန်ခံစားရင်း၊ ပုလင်းခွံ၊ အိတ်ခွံသည်ကို လည်ဆန့်ရင်း….၊ ခပ်ဝေးဝေးက ပျံ့လွင့်လာမည့် အက်ဖ် အမ်ရေဒီယိုက ခပ်ဝဲဝဲ မပီကလာ အသံကို နားစွင့်ရင်း ...

သေချာတာကတော့ နက်ဖြန်မနက် နှင်းတွေ ဝေနေမှ ဖြစ်မှာပါလေ။

“ ငွေနှင်းမှုန်ရီ ဝေဝေစီ

မြောက်လေဆော်သွေး အေးတဲ့လရာသီ သမယအခါဆီ

ပြာသို ခွာညို ညှာစိုစိမ်းလဲ့လန်း ရွှေနန်းတော်သွင်း လဲ့ဝင်းမူရာပလီ

သူဇာ ဒေဝီ တော်ဝင်ပန်းကို မြန်းလို့ဆင်ရှာသည်

ဗျာပါဆံလေးချ အရွယ်ညီ

ဗွေသဖန်း ရဝေနန်း ရွှေကြငှာန်း ဆောင်ဘုံဆီ။

 

ဆောင်းနတ်သမီး ရုတ်ခြည်း ထွက်လာ

ဆောင်းအဝင်နောက်ကျသော်လည်း နတ်တော် လပြည့်ခါနီးတွင် ဆောင်းကဆောင်းအစွမ်းပြလာချေပြီ။ လွန်ခဲ့သော နှစ်ကာလများဆီက တန်ဆောင်မုန်းလပြည့် စစ်ကိုင်းတောင်ကထိန်ညများသည် ငွေနှင်းဖွဲဖွဲအောက်၌ ခိုက်ခိုက်တုန်မျှ ချမ်းသော်လည်း မန္တလေးသူ မန္တလေးသား တို့၏ မောင်ရင်းနှမအသွင် ရင်းနှီးချစ်ကြည်မှုဖြင့် ပုညရှင် ရင်ပြင်တော်ပေါ်၌ သွေးနွေးခဲ့ကြသည်။ အခုတော့ တန်ဆောင်မုန်းလပြည့် စစ်ကိုင်းတောင် ကထိန်ညများက အတိတ်မှာ ဝေး.....ဝေး....ဝေး.....ကျန်ရစ်ခဲ့ချေပြီ။ ခြင်္သေ့ တစ်ကောင်စောင်းတန်း၊ ပုညရှင်နှင့် ဥမင်သုံးဆယ် တော လမ်းတစ်လျှောက် တရုတ်စံကားပင်ရိပ်၊ ဧရာဝတီ မြစ်ကမ်းနံဘေး စစ်ကိုင်းတောင်ခြေရင်းက ဇရပ်ဖြူဆိပ် တွေမှာ ကြိတ်ကြိတ်တိုး လူအုပ်အစား လမ်းပိတ်ဆို့ ကားတန်းကြီးအဖြစ်ပြောင်းလဲသွားသည်။ အရင်က တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး စည်ကားခဲ့သည့် သရက်ပင်ဆိပ်လမ်းဆုံမှာတော့ ဘီယာဆိုင်၊ ကာရာအိုကေ ဆိုင်၊ ကွမ်းယာဆိုင်၊ အကင်မျိုးစုံဆိုင်တို့ဖြင့် အစားထိုး သွားသည်။

ကထိန်လပြည့်ည စရိုက်ပြောင်းလဲခြင်းနှင့်အတူ ဝေ နေသော၊ ဝေခဲ့သောနှင်းတွေ ဘယ်ဆီမှာလဲမသိ။ နှင်းမရှိ တော့ ဆောင်းလည်းမရှိ။ နှင်းဝတ်လွှာရုံမရှိလေသောအခါ ဆောင်းနတ်သမီးကား အဘယ်မှာလျှင် လူကြားတိုးဝံ့ပါ မည်နည်း။ ဆောင်းကား ပျောက်ပေါ့။ ဆောင်းနေရာတွင် လောဘကြီးလွန်းသော နွေက နေရာယူထားဆဲ ဖြစ်သည်။ နွေကားမိုးကိုသိမ်းပိုက်ရုံမျှမက သူနှင့်အလှမ်းကွာလွန်း သော ဆောင်းနတ်သမီးကိုပင် ထိကပါးရိကပါး လုပ်ချင် သည့် သဘော...။ အခုတော့ ခြေခင်းလက်ခင်းသာလို့နေ လား မသိ။ နတ်တော်လပြည့်ခါနီးမှ ဆောင်းနတ်သမီး ရုတ်ခြည်းထွက်လာပြီ။ နှင်းဝတ်ရုံက ပါးလွန်းလှတော့ သူမက မဝံ့မရဲ...၊ ရှက်ကိုးရှက်ကန်း....ဒါပေမယ့် ဝတ်ရုံ မပါဘဲ ဆောင်းနတ်သမီး အလှကြီးလှလို့ ချမ်းတုန်အေး လှရှိချေ၏။

 

ဖောက်လှဲဖောက်ပြန်ရာသီဥတုကြောင့်

တကယ်တော့ ဆောင်းကား သူ့နယ်မြေဝေစုကို နွေနှင့် မိုးအတွက် ဖဲ့ဖဲ့ပေးနေရတာ ကြာချေပြီ။ ဆောင်း၏ ပိုင် ဆိုင်မှု ကျန်တော့လေမည်လားမသိ။ နားလည်တတ်ကျွမ်း သူ အချို့ကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ အာနိသင်တဲ့ ...။ ကမ္ဘာကြီးပူနွေးလာလို့တဲ့။ ဝင်ရိုးစွန်းဖျားတွေက ဆယ့် နှစ်ရာသီအေးခဲနေသော ရေခဲတိုက်ကြီးတွေ ဖြည်းဖြည်း အက်ကွဲပြိုကျ အရည်ပျော်ရသတဲ့။ သမုဒ္ဒရာကြီးထဲက ကုန်တင်သင်္ဘောကြီးတွေ၊ လူစီးသင်္ဘောကြီးတွေ မထင် မှတ်ဘဲ မျောပါနေကြသော ဧရာမရေခဲတုံးကြီးတွေကို မတိုက်မိမခိုက်မိအောင် ရှောင်ရှားမောင်းနှင်ဖို့ သတိပေး နေကြပါသတဲ့။ ဂျပန်အနီးက ပစိဖိတ်သမုဒ္ဒရာကြီးထဲ

မြန်မာပြည်ထက်နှစ်ဆလောက်ကြီးမားသော အမှိုက်ပုံ ကြီးဖြစ်ထွန်းနေပြီတဲ့။ စွန့်ပစ်အီလက်ထရောနစ်ပစ္စည်း တွေ၊ ပလတ်စတစ်တွေ၊ ကြွပ်ကြွပ်အိတ်တွေ ရေပေါ်မှာ ပေါလော ...မြင်မကောင်း၊ ရှုမကောင်း ...၊ နှစ်ဆယ့်တစ် ရာစု၏ ကမ္ဘာကြီးမှာဖြင့် စားဖို့သောက်ဖို့အလုအယက် ပြေးလွှားရှာဖွေနေကြရသည့်အထဲ၊ အတ္တမာနတွေဖြင့် ကြီးနိုင်ငယ်ညှဉ်း စစ်တလင်းခင်းကြရရုံသာမက ဖောက်လှဲ ဖောက်ပြန်ရာသီဥတုကြောင့် ရှိမြဲနေမြဲ သဘာဝတရားက တန်ပြန်ဒဏ်ခတ်ရန် ပြင်ဆင်ပါလေပကော...။

နွေရဲလျှင် မိုးရဲပါမှ၊ မိုးရဲလျှင်လည်း ဆောင်းရဲပါမှ၊ ဆောင်းမပီသော ဆောင်းသည် အန္တရာယ်ဟု သိမှတ် လက်ခံနိုင်ကြပါလေကုန်။ ဆောင်းပီနိုင်ဖို့ နှင်းမင်းသမီးတို့ ငွေလွှာဝတ်ရုံတို့ဖြန့်ကာပျော်မြူး ကခုန်ကြလေကုန်။ ။

 

ကြေးမုံ