ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)
တောင်ဇလပ်ပန်းသည် တောင်ကုန်း၊ တောင်တန်းနှင့် တောင်စွယ်ဒေသများတွင် အများဆုံးတွေ့မြင်ရပြီး လူတိုင်းကြိုက်နှစ်သက်သည့် ပန်းအမျိုးအစားဖြစ်ပေသည်။ တောင်ကုန်း၊ တောင်တန်းများကြားတွင် ဆောင်းနှင်းစက်များနှင့်အတူ လိုက်ဖက်ညီထွေစွာ ဝေဆာဖူးပွင့်သည့် တောင်ဇလပ်ပန်းအလှကို ရှုမျှော်နိုင်ရန်နှင့် အလှဓာတ်ပုံများ ရိုက်ကူးရန်အတွက် ဆောင်းရာသီကာလရောက်တိုင်း တောင်ဇလပ်ပန်းများရှိရာ တောင်ပေါ်ဒေသများတွင် ပြည်တွင်း၊ ပြည်ပက ခရီးသွား ဧည့်သည်များဖြင့် အစဉ်စည်ကားလျက်ရှိပေသည်။
တောင်ဇလပ်ပန်းသုံးမျိုးလုံး ချင်းပြည်နယ်တွင်သာ ပေါက်ရောက်လျက်ရှိ
တောင်ဇလပ်ပန်းကို သိပ္ပံအမည်အားဖြင့် Rhododendron arboretum ဟု အဓိပ္ပာယ်ရပြီး ကမ္ဘာပေါ်တွင် တရုတ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံ တောင်ပေါ်ဒေသများ၌ ပေါက်ရောက်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တွေ့မြင်နိုင်သည်။ တောင်ဇလပ်ပန်းပင်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ မှ ပေ ၆၀၀၀ အမြင့်အတွင်း ပေါက်ရောက်နိုင်သော အပင်တစ်မျိုး ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဇလပ်နီ (တောင်ဇလပ်ပန်း အနီရောင်)၊ ဇလပ်ဝါ (တောင်ဇလပ်ပန်းအဝါရောင်) နှင့် ဇလပ်ဖြူ (တောင်ဇလပ်ပန်းအဖြူရောင်) စသည့် တောင်ဇလပ်ပန်း သုံးမျိုးလုံးကို ချင်းပြည်နယ်တွင်သာ ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။
တောင်ဇလပ်ပန်းများ ဖူးပွင့်ဝေဆာချိန်သည် နှစ်စဉ်နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆောင်းရာသီကာလ ဖြစ်ပြီး အပွင့်များကို မတ်လကုန်အထိ တွေ့မြင်နိုင်သည်။ တောင်ဇလပ်ပန်းများ အပွင့်စုံလင်ပြီး အလှဆုံး အချိန်သည် ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများဖြစ်သည်။ တောင်ဇလပ်ပန်းတို့မှာ လချီပွင့်လေ့ရှိတတ်ပြီး တောင်ပေါ်ဒေသကို အချိန်ကာလကြာမြင့်စွာ အလှဆင်သောပန်းအမျိုးအစားလည်းဖြစ်သည်။ တောင်ဇလပ်ပန်းမှာ ပန်းခိုင်အမျိုးအစားဖြစ်ပြီး ပန်းပွင့်မှာ ခေါင်းလောင်းပုံစံရှိကာ အမြင့်ပေမှာ ၂၀ မီတာခန့်အထိရှိသည်။ ပန်းခိုင်တစ်ခိုင်တွင် ပန်းပွင့်ငယ် ၁၅ ပွင့်မှ အပွင့် ၂၀ အထိပါရှိကာ ပန်းပွင့်၏အရှည်နှင့် အကျယ်မှာ ၁ ဒသမ ၅ လက်မခန့်အထိ ကြီးထွားသည်။ ပန်းပွင့်အတွင်း အနက်ရောင်အပြောက်များနှင့် ဝတ်ရည် အိတ်အနက်ရောင်များ တွေ့ရှိနိုင်သည်။ တောင်ဇလပ်ပင်၏ပင်စည်မှာ အပူပိုင်းဒေသများတွင် ပေါက်ရောက်လေ့ရှိသော စောင်းပင်ကဲ့သို့ အစိမ်းရင့်ရောင်ဖြစ်ပြီး ပင်စည်အတွင်းရှိအမျှင်များမှာ ကျစ်လျစ်စွာ ပူးကပ်တည်ရှိသည်ကို တွေ့ရသည်။ အပင်အကိုင်းအခက်များလည်း ၁၂ မီတာ ခန့် ကျယ်ဝန်းပြီး ခိုင်မာသော သဘောဆောင်ခြင်း တို့ကြောင့် လေတိုက်နှုန်းဒဏ်များ ခံနိုင်စွမ်းရှိသည်။
တောင်ဇလပ်ပန်းအဝါရောင်သည် သွားလာရန် ခက်ခဲသည့်နေရာများ၌ ပေါက်ရောက်
တောင်ဇလပ်အနီနှင့် အဝါတို့သည် မြေကြီးပေါ်တွင် ပေါက်ရောက်လေ့ရှိပြီး တောင်ဇလပ်ပန်းအဖြူ အချို့မှာမူ သစ်ပင်ကြီးများပေါ်တွင် ကပ်ပါးပုံစံဖြင့် ပေါက်ရောက်သကဲ့သို့ မြေကြီးပေါ်တွင်လည်း ပေါက်ရောက်နိုင်သည်။ တောင်ဇလပ်ပန်း (အနီရောင်)နှင့် တောင်ဇလပ်ပန်း (အဖြူရောင်) တို့ကို ချင်းပြည်နယ်ရှိ တောင်ပေါ်ဒေသ နေရာအနှံ့အပြားတွင် တွေ့မြင်ရသော်လည်း ရှားပါးသည့်တောင်ဇလပ် ပန်းအဝါရောင်ကိုမူ မြို့၊ ကျေးရွာများနှင့် အလှမ်းဝေး ကွာသည့်နေရာများ၊ သာမန်လူ သွားလာရန်ခက်ခဲသည့်နေရာများတွင်သာ ပေါက်ရောက်သည်ကို တွေ့ရသည်။
ကမ္ဘာပေါ်တွင် တောင်ဇလပ်ပန်းအနီကို နီပေါနိုင်ငံက အမျိုးသားပန်းအဖြစ် သတ်မှတ်ထားသည် ကိုတွေ့ရပြီး မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၏ အမျိုးသားပန်းအဖြစ် သတ်မှတ်ကြသည်။ တောင်ဇလပ်ပန်းကို ချင်းတိုင်းရင်းသားများက မိမိဘာသာစကားဖြင့် ဒေသအလိုက် နာမည်အမျိုးမျိုး ခေါ်ဝေါ်ကြပြီး တောင်ဇလပ်ပန်း အနီကို ရဲရင့်ခြင်း၊ တောင်ဇလပ်ပန်းအဖြူကို ရိုးသားဖြောင့်မတ်ခြင်းစသည်ဖြင့် ကိုယ်စားပြုသည်ဟု တင်စားခေါ်ဝေါ်ကြသည်။ ထိုအချက်များကြောင့်ပင် ချင်းတိုင်းရင်းသားများက တောင်ဇလပ်ပန်းကို ဂုဏ်ယူဖွယ် အမှတ် အသားတစ်ခုအဖြစ် ခေတ်အဆက်ဆက်အမြတ်တနိုး ထိန်းသိမ်းကာကွယ်လာကြခြင်းဖြစ်သည်။
တောင်ဇလပ်ပန်းများစွာ ပေါက်ရောက်ရှင်သန် သည့် ချင်းပြည်နယ်တွင် ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများက ဘာသာရေးအခမ်းအနားများနှင့်ပွဲတော်များတွင် အလှချိတ်ဆွဲရန် အပင်များခုတ်လှဲ ခြင်း၊ အကိုင်းအခက်များ ချိုးယူခြင်း၊ ဝိုင်ပြုလုပ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများက နှစ်သက်မြတ်နိုးမှုကို အကြောင်းပြကာ ပန်းပွင့်များ ခူးယူခြင်း၊ အကိုင်းအခက်များ ချိုးယူခြင်းတို့ကြောင့် တောင်ဇလပ်ပင်များမှာ အပင်ခြောက်သွေ့ပြီး ပျက်စီးမှုများဖြစ်လာခဲ့ပြီဖြစ်သည်။
တောင်ဇလပ်ပန်းများကို အရောင်လှသော၊ ရနံ့ မွှေးသော၊ အရသာကောင်းမွန်သော တောင်ဇလပ်ဝိုင်အဖြစ် ဖန်တီးအသုံးပြုကြရာ လူကြိုက်များသော ဝိုင်တစ်မျိုးဖြစ်လာခဲ့သည်။ တောင်ဇလပ်ပန်းပွင့်များစွာကို ဆုံတွင်ထောင်းပြီး ကျန်ရှိသည့်အနှစ်များကို ဝိုင်အဖြစ်ပြုလုပ်ရခြင်းဖြစ်ရာ တောင်ဇလပ် ဝိုင်တစ်ပုလင်း ရရှိနိုင်ရေး အပင်များစွာမှ ပန်းပွင့်များလိုအပ်သည်။ ထို့ကြောင့် တောင်ဇလပ်ပန်းပွင့်များ ရရှိနိုင်ရေးအတွက် နှစ်ရှည်အပင်ကြီးများနှင့်အပွင့်များသည့် အပင်များကို ခုတ်လှဲလေ့ရှိကြသည်။ တောင်ဇလပ်ဝိုင် ထုတ်လုပ်ခြင်းသည် အပင်များ ပျက်စီးပြုန်းတီးခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။
တောင်ဇလပ်ပင်များကို ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် အပင်အမျိုးအစားအဖြစ် မှတ်ယူသင့်
တောင်ဇလပ်ပင်များကို ရေမဝပ်သည့်နေရာများတွင် စနစ်တကျ စိုက်ပျိုးထိန်းသိမ်းနိုင်ပါက အောင်မြင်ဖြစ်ထွန်း ရှင်သန်နိုင်သည်ဟု မှတ်သားရပါသည်။ တောင်ဇလပ်ပန်းသည် နှစ်ရှည်ပင်အမျိုးအစားတစ်ခုဖြစ်သည့် အားလျော်စွာ ပြန်လည်စိုက်ပျိုးနိုင်သော်လည်း အပင်ရှင်သန်ကြီးထွားရန်မှာ ခဲယဉ်းလှပါသည်။ ထို့အပြင် ချိုးယူထားသည့် တောင်ဇလပ်ပင် အကိုင်းအခက်များ ပြန်လည်စုံလင်ရန်မှာ အချိန်ကာလအားဖြင့် နှစ်နှစ်မှ လေးနှစ်အထိ ကြာမြင့်သည်ဟု သိရသည်။ ယခုအချိန်ထိ ချင်းတောင်တန်းဒေသများ၌ တောင်ဇလပ်ပန်းများ မရေတွက်နိုင်အောင် ပေါက်ရောက်နေဆဲဖြစ်သလို အပင်ငယ်များနှင့် ပျိုးပင်ငယ်များကိုလည်း မြင်တွေ့ နေရဆဲဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ရှားပါးစွာတွေ့မြင်ရပြီး သဘာဝအတိုင်းဖူးပွင့်ဝေဆာသည့် တောင်ဇလပ်ပန်းများ၏ အလှတရားများကို ဒေသခံတိုင်းရင်းသားများနှင့် ခရီးသွားပြည်သူများအားလုံးက ခူးယူရန်သာ စိတ်ကူးခြင်းမပြုဘဲ ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် အပင် အမျိုးအစားအဖြစ် မှတ်ယူသင့်ပါသည်။
တောင်ဇလပ်ပင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် လူသွားလူလာများသည့် နေရာများ၊ အဆောက်အအုံများတွင် အသိပညာပေးပိုစတာများ စိုက်ထူခြင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များနှင့် ဒေသခံပြည်သူများအား စိတ်ဝင်စားဆွဲဆောင်စေမည့် တောင်ဇလပ်ပန်းဥယျာဉ်ခြံအဖြစ် စိုက်ပျိုးထိန်းသိမ်းခြင်းတို့ဖြင့် တောင်ဇလပ်ပန်း ပျက်စီးပြုန်းတီးမှုကို ကာကွယ်သင့်ပါသည်။
တောင်ဇလပ်ပန်းအဖြူ၏ပင်စည်ကို သွေးလိမ်းလျှင် ဝက်ခြံ၊ တင်းတိပ် စသောအရေပြားရောဂါများ သက်သာစေကြောင်း သိပ္ပံပညာရှင်များ၏ လေ့လာစမ်းစစ်ချက်များအရ သိရှိရပြီး ဂျပန်နိုင်ငံတွင်လည်း တောင်ဇလပ်ပန်းအနီ၊ ပန်းရောင်၊ အဖြူရောင် ရောစပ်လျက် Bonsai (ဘွန်ဇိုင်းသက်ကြီးပုပင်) နည်းပညာဖြင့် အလှစိုက်ပန်းအိုးအဖြစ် ဖန်တီးပြုလုပ် ကြကြောင်း လေ့လာသိရှိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနက ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ (ဂ)အရ မျိုးဆက် ပျက်သုဉ်းမည့် အန္တရာယ်ရှိသော သဘာဝအပင်များကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။ အဆိုပါသဘာဝအပင်စာရင်းတွင် တောင်ဇလပ် (ဖြူ၊ နီ၊ ဝါ) တောင်ဇလပ်နှင်းဆီ၊ မြန်မာဂျပ်ဆင်း၊ သစ်ခွနက်၊ ချင်းသစ်ခွနီ၊ ဘုမ္မရာဇာ၊ တောင်လုံး ကျော်/ ဆာချီ၊ မြေပုစွန်ကွေးတို့ ပါဝင်သည်။
ယခုခေတ်တွင် တောင်ဇလပ်ပန်းများအပါအဝင် သဘာဝပန်းပင်များကို စီးပွားရေးအဖြစ် ရောင်းဝယ်ခြင်းများ ရှိလာကြပြီဖြစ်သည်။ မြန်မာနိုင်ငံ၌ ဆောင်းရာသီကာလရောက်တိုင်း တောင်ပေါ်ဒေသများကို အလှဆင်နေသည့် တောင်ဇလပ်ပန်းများကို ခရီးသွားပြည်သူများအနေဖြင့် ခူးဆွတ်လိုခြင်း၊ ပိုင်ဆိုင်လိုခြင်း မပြုလုပ်ဘဲ မျှဝေရန်သာ၊ အလှကြည့်ရုံသာဖြစ်သင့်ပါသည်။ တောင်ဇလပ်ပန်းများရှင်သန်ပေါက်ရောက်သည့် တောင်ပေါ်ဒေသများရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့်လည်း တောင်ဇလပ်ပန်း၏ အလှတန်ဖိုး၊ ရှားပါးမှု တန်ဖိုးတို့ကို နားလည်သိရှိပြီး အပင်ခုတ်လှဲခြင်း၊ အကိုင်းအခက်များချိုးယူခြင်းနှင့် အပွင့်ခူးယူခြင်းများ မပြုလုပ်ကြဘဲ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ပါသည်။ ထို့ကြောင့် ချင်းတိုင်းရင်း သားများက အမြတ်တနိုးတန်ဖိုးထားသည့် ‘တောင်ဇလပ်ပန်းများ’ ထာဝစဉ်ရှင်သန်ပွင့်လန်း ဝေဆာနိုင်စေရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့် ပြည်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့်ပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။