ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ်

၃ ဇန်နဝါရီ

 

ဆောင်းရာသီလိုမျိုး ခြောက်သွေ့အေးစက်တဲ့ ကာလဆိုတာ ရောဂါပိုးမွှားတွေ ပျံ့နှံ့ပေါက်ဖွားဖို့ အရမ်းလွယ်ကူတဲ့ အချိန်ကာလပါ။ အဲ့ဒါကြောင့်လည်း ဒီလိုမျိုး အေးတဲ့အချိန်ဆို ခဏခဏ ဖျားနာတာ၊ နှာစေးအအေးမိ၊ လည်ချောင်းနာနေကြတာပေါ့။ ဒါ့အပြင် ပါးစပ်ကို လက်ကိုင်ပဝါနဲ့ မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမျိုးမှာဆို သူတို့ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးမွှားပေါင်းများစွာက လေထဲကို အလွယ်တကူ ပျံ့နှံ့သွားပြီး တခြားသူတွေဆီကို ကူးစက်ဖို့ ပိုလွယ်တာပေါ့။

 

လည်ချောင်းနာတယ်ဆိုတာ ပုံမှန် ရိုးရိုးဖျားနာတာ၊ ရာသီအပြောင်းအလဲကြောင့် ဓာတ်မတည့်ဖြစ်တာ စတဲ့ကျန်းမာရေးပြဿနာအနေနဲ့ ရင်ဆိုင်ရတဲ့အခါ တွေ့နေကျ လူတွေနဲ့လည်း သိပ်မစိမ်းတော့တဲ့ လက္ခဏာတစ်မျိုးပါပဲ။ အရမ်းကြီး စိုးရိမ်စရာမဟုတ်ပေမဲ့ လည်ချောင်းနာတဲ့ ဝေဒနာကြီးကို ဒီအတိုင်းနေရင်လည်း ခံစားနေရတယ်။ အစာစားလိုက်တဲ့အချိန်၊ ရေသောက်လိုက်တဲ့အချိန်ဆိုရင်လည်း လည်ချောင်းက ပူစပ်ပူလောင်နဲ့ နာနေတော့ နေရတာ အဆင်မပြေတော့ဘူးပေါ့။

 

ဒါဆို ဘာကြောင့် လည်ချောင်းနာတာလည်း။

 

ရိုးရိုး အအေးမိဖျားနာတာ

 

ဗိုင်းရပ်စ်ပိုးဝင်ပြီး လည်ချောင်း၊ လေပြွန်ရောင်ရမ်းခြင်း

 

ရေကျောက်၊ ဝက်သက်ပေါက်ခြင်း

 

လေထဲမှာရှိတဲ့ ဖုန်တွေ၊ အမှုန်အမွှားတွေနဲ့ ဓာတ်မတည့်ဖြစ်ခြင်း

 

ကျနေတဲ့ နှာရည်တွေကို အထဲပြန်ရှူသွင်းပြီး မျိုချခြင်း

 

ပါးစပ်ဖွင့်ပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ခြင်း

 

ရင်ပူခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။

 

အဓိကကတော့ လူများလွန်းတဲ့ နေရာတွေကို သွားတာ၊ ရောဂါပိုးရှိတဲ့လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်အုပ်တာ၊ ဘာကိုင်ကိုင် ကိုင်ပြီးတိုင်း လက်မဆေးတာတွေကြောင့်လည်း ရောဂါပိုးတွေ ပျံ့နှံ့ဖို့ ပိုလွယ်ကူသွားတာပါပဲ။

 

ဒါဆို လည်ချောင်းမနာရအောင် ဘယ်လိုကာကွယ်လို့ ရမလဲ။

 

လည်ချောင်းနာတာကို ရာနှုန်းပြည့် ကာကွယ်လို့မရပေမယ့် တတ်နိုင်သလောက် ဖျားနာခြင်း နည်းစေဖို့အတွက် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်ကြည့်လို့ရပါတယ်။ ဘာတွေပြုပြင်ဖို့ လိုအပ်သလဲဆိုရင်

 

၁။ အပြင်ကနေ ပြန်လာရင်၊ အိမ်သာတက်ပြီးတိုင်း၊ အစာမစားခင်၊ အစာစားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုပါတယ်။

 

၂။ အပြင်မှာ လက်ဆေးဖို့ နေရာမရှိရင် လက်သန့်စင်ဆေးရည် ဆောင်ထားပါ။ လိုသလောက် ပမာဏကို လက်ဖဝါးပေါ်ထည့်ပြီး လက်နေရာအနှံ့ကို လိမ်းပေးပါ။

 

၃။ လက်မဆေးဘဲ မျက်နှာ၊ ပါးစပ်၊ နှာခေါင်းကို မပွတ်ပါနဲ့။

 

၄။ ချောင်းဆိုး၊ နှာချေတော့မယ်ဆိုရင် ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ပါ။ တခြားသူတွေ စည်းမဲ့ကမ်းမဲ့ နှာချေချောင်းဆိုးနေရင်လည်း ကိုယ့်နှာခေါင်းကို တစ်ခုခုနဲ့ လုံအောင်အုပ်ထားပါ။

 

၅။ ရေများများသောက်ပါ။ အေးနေတဲ့အချိန်ဆိုရင် ရေသောက်ဖို့ တော်တော်များများ ပျင်းတတ ်ကြပါတယ်။ ဒီလိုအချိန်တွေဆိုရင် ကိုယ်ခန္ဓာက ရေဓာတ်ခမ်းခြောက်လွယ်တဲ့အတွက် လွယ်လွယ်နဲ့ ဖျားနာနိုင်ပါတယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၃လီတာထက်မနည်း သောက်ပေးဖို့လိုပါတယ်။

 

၆။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများစားပေးပါ။

 

၇။ မနက်ပိုင်းမှာ ဗီတာမင် စီ အားဆေးတစ်လုံး သောက်ပေးပါ။

 

၈။ ညအိပ်ချိန် တစ်နေ့ ၈နာရီရှိအောင် အိပ်ပေးပါ။ ပိတ်ရက်တွေမှာ ပိုအိပ်စက်အနားယူပါ။

 

၉။ ဖျားနာနေတယ်လို့ သံသယရှိတဲ့သူနဲ့ ဝေးဝေးမှာနေပါ။ အဲ့ဒီလူရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ထိတွေ့မိရင် လက်ကို ဆပ်ပြာနဲ့ ပြောင်စင်အောင် ဆေးပေးပါ။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”