ဆောင်းတွင်းကာလတွင် သပြေကန်ရွာမှ ရိုးရာဖျင်ကြမ်းတဘက် မှာယူသူများပြား

တံတားဦး ၃၀ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ သပြေကန်ရွာသည် အိမ်ခြေလေးရာ ကျော်ရှိပြီး လက်မှုလုပ်ငန်းများဖြင့် ပုံမှန်ဝင်ငွေရရှိအောင် လုပ်ဆောင်နေသော ကျေးရွာတစ်ရွာဖြစ်သည်။ ဒေသခံရွာသူရွာသားများသည် ကိုယ်တိုင် ဝါ စိုက်ပျိုးကာ စိုက်ခင်းမှထွက်သော ဝါများဖြင့် ကိုယ်တိုင်လက်ငင်ချည်များ ပြုလုပ်သည်။ ထို့နောက် ရရှိလာသော ချည်များကို ဆေးဆိုးပြီး ရိုးရာဖျင်ကြမ်းတဘက် ရက်လုပ်ကာ ပုံမှန်ဝင်ငွေရအောင် ဆောင်ရွက်ကြသည်။ လက်ရှိ ဆောင်းတွင်းကာလတွင် ရိုးရာဖျင်ကြမ်းတဘက်များကို မှာယူသူ များပြား လျက်ရှိကြောင်း သိရသည်။

သပြေကန်ရွာတွင် ဝါကို ကဆုန်လတွင်စိုက်ပျိုးကာ ဝါကောက်ခြင်းကို တော်သလင်းလတွင် ပြုလုပ်ကြသည်။ ရရှိလာသော ဝါများကို ရိုးရာ ဝါကြိတ်စက်ဖြင့် ကြိတ်ကာ ဝါစေ့နှင့် ဝါဂွမ်းကွဲသွားအောင် ပြုလုပ်ကြရသည်။ ရရှိလာသော ဝါဂွမ်းများကို ဝါဖတ်စက်ဖြင့် ညက်နေအောင်ဝါဖတ်ခြင်းကို ပြုလုပ်ရသည်။ ဝါဖတ်ပြီးသည်နှင့် ဘိုင်းတောင့်ပြုလုပ်ကာ ချည်ရရှိအောင်ရစ်ခုံဖြင့် ချည်ငင်ပေးကြရသည်။ ချည်ခင်ဖြစ်သွားပါက ချည်ခင်ဆေးဆိုးခြင်းလုပ် ငန်းများ လုပ်ကိုင်ကာ ကိုယ်ပိုင်လက်ရက်ကန်းစင်ကလေးများဖြင့် ဖျင်ကြမ်းတဘက်များကို ရက်လုပ်ကြသည်။ 

ကိုယ်ပိုင်ဖျင်ကြမ်းတဘက်ရက်ကန်းစင်တွင် ချည်အမျိုးအစားအလိုက် အတောင် သုံးဆယ် တစ်စင်အဖြစ် စင်တင်ကာ ရက်လုပ်ကြသည်။ တဘက်ရက်လုပ်ရာတွင် တဘက်တစ်ထည်၏ အတိုင်းအတာမှာ အလျားနှစ်တောင်နှင့််တစ်ထွာ (နှစ်တောင့်ထွာ)၊ အနံမှာ တစ်တောင်တစ်ထွာ(တစ်တောင့်ထွာ)ရှိသည်။  လူတစ်ဦးလျှင် တစ်နေ့ တစ်ပတ်လေးထည်မှ ငါးထည်ပြီးစီးသည်။ တဘက် တစ်ထည်လျှင် ငွေကျပ်နှစ်ထောင့်ငါးရာ နှုန်းဖြင့် ရောင်းချပေးသည်။ သပြေကန်ဖျင်ကြမ်းတဘက်များမှာ ဆေးသားကောင်းပြိီး ဆေးကျွတ်ခြင်း မရှိသည့်အတွက် မှာယူမှုများပြားလျက်ရှိကြောင်း သိရသည်။

တိမ်တမန်