ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား

ရာသီဥတုကအေးနေရင် အရေပြားမှာပြဿနာသိပ်များတာ သိကြမှာပါ။ ဒီအတိုင်းနေရင်းတောင် အသားပပ်ရတာနဲ့၊ နှုတ်ခမ်းကွဲတာလိုမျိုး အက်ကွဲတာတွေဖြစ်နေကြတာ၊ အနာဖြစ်လည်း တခြားအချိန်တွေထက် အနာကျက်နှေးတာကြုံဖူးကြမှာပါ။အေးတတ်တဲ့ မိုးနဲ့ဆောင်းရာသီတွေမှာ အအေးမိ၊တုပ်ကွေးတွေ အဖြစ်များကြသလို ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ သက်ဆိုးရှည်တဲ့ရာသီဥတုကိုဖန်တီးပေးလေ့ရှိပါတယ်။ ဒီလိုမျိုးတွေအတွက် ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်က ခုခံနေရတဲ့အတွက် ဒီဘက်မှာ အနာပိုးဝင်နိုင်ခြေများစေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

 

နောက်တစ်ချက်ကအေးနေပြီဆို လူတွေက အိမ်ထဲ၊အခန်းထဲအောင်းနေဖို့ စဉ်းစားကြတော့ ပြဿနာရှိလာပြန်ပါတယ်။ လှုပ်ရှားမှုနည်းခြင်း သွေးလည်ပတ်မှု ကောင်းစေမှာမဟုတ်တဲ့အပြင် ရောဂါပိုးတွေက အေးနေရင်ပြင်ပမှာ ပိုပြီးကြာကြာရှင်သန်နိုင်တာကြောင့် အလုံပိတ်အိမ်ခန်းထဲမှာ အနာနဲ့ ပိုးမွှားဘကျတီးရီးယားတွေထိတွေ့မှုပိုများနိုင်ပါတယ်။

 

အရေပြားတစ်ရှူးကျန်းမာရေး

 

သိထားကြတဲ့အတိုင်း ဆောင်းတွင်းမှာ အရေပြားအပေါ်ယံအလွှာကို ခြောက်သွေ့စေတဲ့အတွက် အရေပြားမှာဖြစ်တဲ့အနာ၊ ဒဏ်ရာမှန်သမျှအတွက် အဆင်မပြေနိုင်ပါဘူး။ အနာဆိုတာ အစိုဓါတ်ရှိတဲ့ပတ်ဝန်းကျင်မှာမှကောင်းကောင်းအနာကျက်တာမို့ ဒီလိုအချိန်မှာ အနာကို ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ စနစ်တကျ ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။ ဒီလိုဖုံးအုပ်ထားခြင်းအားဖြင့် အစိုဓါတ်ထိန်းရာရောက်တဲ့အပြင် မှိုပိုးကအစ ဘက်တီးရီးယားတွေပေါတဲ့ရာသီမှာ အနာကိုပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်

 

တုပ်ကွေးရာသီမှာ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်က ဒီအတွက်ပဲ အဓိကကာကွယ်နေမှာဖြစ်လို့ အနာကျက်ဖို့၊ ပိုးမဝင်အောင် ကာကွယ်ဖို့မှာ အားလျော့သွားနိုင်ပါတယ်။ တချို့မှာ နေမကောင်းဖြစ်နေရင် အနာကျက်ဖို့နှေးတယ်ဆိုတာ ဒီအချက်ကြောင့်ဖြစ်နိုင်ပါတယ်။

 

သွေးလည်ပတ်မှု

 

ပတ်ဝန်းကျင်အအေးဒဏ်ကြောင့်သွေးလည်ပတ်မှုကိုလည်းနှေးစေနိုင်ပါတယ်။သွေးလည်ပတ်မှုကောင်းဖို့က အနာကျက်ခြင်းအတွက် အရေးပါတဲ့အချက်ပါ။သွေးလည်ပတ်မှုမကောင်းရင် အနာတဝိုက် ဧရိယာကို အောက်ဆီဂျင်မရောက်နိုင်တော့ဘဲ အနာကျက်ဖို့နှေးစေပါတယ်။နောက်ပြီး သွေးလည်ပတ်မှု မကောင်းတဲ့အခါ အနာတဝိုက်က အရေပြားတစ်ရှူးအသစ်ဖြစ်ပေါ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်။

 

အေးမှာစိုးပြီး နွေးအောင်နေတဲ့အခါမှာလည်း သွေးမလျှောက်နိုင်လောက်အောင် တင်းကျပ်အောင် ဝတ်စားတာ၊ စည်းနှောင်တာတွေကို နည်းနည်းလျှော့ပါ။ အနာကိုပလာစတာ၊ ပတ်တီးစည်းတဲ့ အခါမှာလည်း အရမ်းမတင်းဖို့ အရေးကြီးပါတယ်။

 

ဒီတော့အေးတဲ့ရာသီမှာ အနာကျက်မြန်အောင် ဒီအချက်တွေ သိထားသင့်ပါတယ် –

 

လှုပ်လှုပ်ရှားရှားနေပါ( ဒဏ်ရာကြီးမားသူကလွဲလို့)

 

သွေးလည်ပတ်မှုအတွက် လှုပ်ရှားမှုကအရေးကြီးတဲ့အတွက် လှုပ်လှုပ်ရှားရှားနေဖို့ အကြံပြုတယ်ဆိုပေမယ့် အနာကိုနွေးထွေးအောင်၊ လုံခြုံအောင် ဖုံးအုပ်ကာကွယ်ဖို့လိုပါတယ်။ လမ်းလျှောက်တာ၊ ယောဂ ကစားတာလိုမျိုးသွေးလည်ပတ်မှုကောင်းစေမယ့် လှုပ်ရှားမှုမျိုးဆို ရပါတယ်။

 

အနာကို ဖုံးအုပ်ပါ

ထိခိုက်ဒဏ်ရာရှိတဲ့နေရာကိုရောဂါပိုးအန္တရာယ်ကိုကာကွယ်ဖို့နဲ့ အစိုဓါတ်ထိန်းနိုင်ဖို့ သန့်စင်တဲ့ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ခြောက်သွေ့မသွားရအောင် အနာကျက်ဆေး သို့မဟုတ် moisturizer တစ်ခုခုလိမ်းထားပေးလို့ရပါတယ်။လေ့လာမှုတွေအရ အစိုဓါတ်ထိန်းထားနိုင်ရင် ၅၀% အနာကျက်ပိုမြန်တယ်လို့ ဆိုပါတယ်။

 

အနာဖေးတက်လာတိုင်း အနာကျက်တဲ့လက္ခဏာမဟုတ်

 

အနာဖေးတက်တယ်ဆိုတာ အနာမှာလိုအပ်သလောက် အစိုဓါတ်မရတဲ့အခါ ခြောက်သွေ့လာတာပဲ ဖြစ်ပါတယ်။ အနာဖေးတွေက အနာမကျက်ခင်ကာလအတွင်းမှာ မလိုလားအပ်တဲ့ဘက်တီးရီးယားတွေ ကပ်ငြိနေစေနိုင်တဲ့အရင်းအမြစ်တွေဖြစ်ပြီး အနာပိုးဝင်ခြင်းအတွက် လမ်းစဖြစ်ပါတယ်။ အနာမကျက်ခင် အနာဖေးတွေကွာတဲ့အခါ အနာပေါက်အသစ်ဖြစ်ကျန်ခဲ့ပြီး အနာကျက်နှေးစေနိုင်တဲ့အပြင် အမာရွတ်ပါဖြစ်စေနိုင်ပါတယ်။

 

အနာမှာ ယားလာတိုင်း အနာကျက်လို့အသားတက်တာ မဟုတ်

 

အနာတစ်ခုခုဖြစ်ပြီဆို တင်းတင်းလေးဖြစ်လာပြီး ယားသလိုလိုဖြစ်တတ်တာမျိုး ကြုံဖူးမှာပါ။ အထူးသဖြင့် အပေါ်ယံအနာတွေမှာဖြစ်လေ့ရှိပါတယ်။ ဟုတ်ပါတယ်။ ပုံမှန်အတိုင်း အနာကျက်လာတာဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

 

ဒါပေမယ့် သတိထားဖို့က အနာမှာ ယားတာအပြင် နီလာတာ၊ ပြည်တည်လာတာ၊ တဒိတ်ဒိတ်သွေးခုန်တိုးသလို ခံစားရတာတွေဖြစ်လာရင် အနာပိုးဝင်တဲ့လက္ခဏြာဖစ်နေနိုင်ပါတယ်။ အနာက ယားလာပြီဆို အနာတဝိုက် အခြေအနေနဲ့ သန့်ရှင်းမှုကိုသတိထားကြည့်ဖို့ လိုပါတယ်။

 

 

ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”