ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် နှစ်စဉ်လူ (၈) သန်းကျော်သေဆုံးလျက်ရှိ

နေပြည်တော် ၃၁  မေ 


ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမာ့္ဘနိုင်ငံများတွင် နှစ်စဉ်လူဦးရေ (၈)သန်းကျော် သေဆုံးနေပြီး ၎င်းတို့အထဲတွင် တစ်ပါးသူ၏ ဆေးလိပ်ငွေ့ကို ရှုရှိုက်ရသောကြောင့် သေဆုံးသူ (၁)သန်းခန့် ပါဝင်ကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားမှ သိရသည်။


“ဆေးလိပ်ငွေ့အန္တရာယ်ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ နှစ်စဉ်လူရှစ်သန်းခန့် သေဆုံးနေပါတယ်။ ကိုယ်တိုင်ဆေးလိပ်သောက်လို့ သေဆုံးနေရတာတွေ၊ ရောဂါဖြစ်ပွားနေတာ တွေရှိသလို တစ်ဆင့်ခံဖြစ်တဲ့ ဆေးလိပ်သောက်သူရဲ့ မီးခိုးငွေ့တွေကို ရှူရှိုက်မိပြီး သေဆုံး နေရာတာ တွေရှိသလို ရောဂါဝေဒနာတွေ ခံစားနေရတာတွေလည်း အများကြီးရှိပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန မကူးစက်နိုင်သော ရောဂါများကာကွယ် နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောသည်။


ယနေ့ကျရောက်သည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရှိ ပြည်သူများ ဆေးလိပ် ဆေးရွက်ကြီး သောက်သုံးမှုနှင့် ဆက်စပ်နေသည့် အန္တရာယ်များကို သတိပေးနိုင်ရန်နှင့် ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှု လျော့ကျစေရန်နှင့် ထိရောက်သည့် နည်းဗျူဟာ၊ မဟာဗျူဟာများ ချမှတ် အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်ပြီးကျင်းပခြင်း ဖြစ်သည်။

ဆေးလိပ်သောက်သုံးခြင်းမရှိသော အများပြည်သူများ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက် နေရခြင်းကြောင့် ရောဂါရရှိမှုကို ကာကွယ်နိုင်ရန်အတွက် ဆေးလိပ်ကင်းစင် နယ်မြေများ သတ်မှတ်ဖော်ဆောင်ပေးလျက် ရှိကြောင်းသိရသည်။ ဒေါက်တာကျော်ကံကောင်းက “ဆေးလိပ် မသောက်သူတွေ ဆေးလိပ်ငွေမရှုမိစေဖို့ ဆေးလိပ်ကင်းစင်နယ်မြေတွေ သတ်မှတ်ပြီး လုပ်ဆောင် နေတာတွေရှိပါတယ်။ အောင်မြင်မှုလည်း ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပိုအောင်မြင်ဖို့က ကျွန်တော်တို့ဌာနဆိုင်ရာတွေကပဲ  ဆေးလိပ်ကင်းစင်နယ်မြေ သတ်မှတ်ဖို့ ညွှန်ကြားနေလို့မရပါဘူး။ မိမိဒေသမှာ ဆေးလိပ်ကင်းစင်နယ်မြေ ထူထောင်ဖို့ ကြိုးစားကြဖို့လည်း လိုပါတယ်။ ဆေးလိပ်ကင်းစင်တဲ့ နယ်မြေကို ကိုယ့်ရဲ့ Own Initiate နဲ့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ဌာနဆိုင်ရာတွေ အနေနဲ့လည်း အကူအညီ တွေပေးသွားမှာပါ” ဟုပြောသည်။


မြန်မာနိုင်ငံရှိ ၁၃ နှစ်မှ ၁၅ ကြား ကျောင်းသား လူငယ်များ ဆေးလိပ်သောက်သုံးမှုနှင့် စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဦးစီးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးက “ကျွန်တော်တို့နိုင်ငံမှာ ကျောင်းသားအရွယ် လူငယ်တွေမှာ ဆေးလိပ်သောက်သုံးမှု ဘယ်လောက်ရှိတယ်ဆိုတာကို Monitoring လုပ်တဲ့  Survey ကို ၂၀ဝ၇ ခုနှစ်မှာ တစ်ကြိမ် ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်လုပ်ခဲ့ပါတယ်။ အချက်အလက်တွေအရဆိုရင် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ် ကျောင်းသား အရွယ်ကလေးတွေမှာ ယောကျာ်းလေး ၂၁ ရာခိုင်နှုန်းက ဆေးလိပ်သောက်ကြတယ်။ မိန်းကလေးတွေမှာလဲ ၂ ရာခိုင်နှုန်းကျော်ကျော်က ဆေးလိပ်သောက်ကြတယ်။ သောက်နေတဲ့ ပမာဏကို ကြည့်ရင် ၁၃ နှစ်ကနေ ၁၅ နှစ် အရွယ် ကလေး ၅ ယောက်မှာ ၁ တစ်ယောက်က ဆေးလိပ်နှင့် ဆေးရွက်ကြီးပါတဲ့ ကွမ်းစားသုံးနေတာကို တွေရပါတယ်။ ၂၀ဝ၇ တုန်းက ကျွန်တော်တို့နိုင်ငံမှာ ၁၃ နှစ်ကနေ ၁၅ နှစ်ကြား ကလေးတွေ ဆေးလိပ်သောက်သုံးတဲ့ ရာခိုင်နှုန်းက ၆ ဒသမ ၆ ရာခိုင်နှုန်းပဲရှိတယ်။ တစ်ရာမှ ခြောက်ယောက်ပဲ ဆေးလိပ်သောက်ရာကနေ ၂၀၁၆ မှာ ၁၅ ရာခိုင်နှုန်းလောက်က ဆေးလိပ်သောက်တာကိုတွေ့ရတယ်” ဟု ပြောသည်။


ဆက်လက်၍ ၎င်းက “ကျွန်တော်တို့နိုင်ငံမှာ ဆေးလိပ်မသောက်ဖို့ ဥပဒေတွေ Action တွေ၊ Activity တွေ လုပ်နေပေမယ့် လိုအပ်နေတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်တာအား နည်းနေပါသေးတယ်။ ဒီထက်ပိုပြီး အားထုတ်ဆောင်ရွက်ရဦးမယ်ဆိုတာကို တွေ့မြင်နေရပါတယ်” ဟုပြောသည်။


ဆက်လက်၍၎င်းက “ဒါကြောင့် ကျွန်တော်တို့ ကျောင်းကျန်းမာရေးဌာနခွဲက အဓိက focus  အနေနဲ့ တာဝန်ယူပြီးတော့ မကြာခင်မှာ national level seminar လုပ်ဖို့ ရှိပါတယ်။ အဲဒီ national level seminar မှာ ကျောင်းတွေမှာရှိတဲ့ ကလေးတွေ ဆေးလိပ်ကို စပြီးစမ်းမသောက်နိုင်အောင် မိဘတွေနဲ့ ကျောင်းတွေကနေ ဘာတွေလုပ်ပေးမလဲ။ ကလေးတွေ ကိုယ်တိုင်ကလည်း ဒီအလေ့အကျင့်ကို မစွဲသွားအောင် ဘယ်လိုလုပ်မလဲ။ ဒီလိုဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုဖန်တီးပေးမလဲ။ ကလေးတစ်ယောက်က ဘေးအန္တရာယ်ကင်းရမယ်၊ ဆေးလိပ်ငွေ့အပါအဝင် မူးယစ်ဆေးတွေ၊ alcohol ၊ သူရဲ့ active lifestyle တွေအကုန်လုံး safe ဖြစ်ပြီး ပိုပြီးကျန်းမာတဲ့၊ နိုင်ငံအတွက်၊ အနာဂတ်အတွက် ကျန်းမာသန်စွမ်းတဲ့ လူငယ်လူရွယ်တွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်ပြီးတော့ seminaries လုပ်ဖို့ရှိတယ်။ အဲဒီ seminar မှာလည်း နှီးနွယ်တဲ့ဌာနတွေ၊ ပညာရှင်တွေအားလုံးက ကျောင်းတွေကို အခြေပြုပြီးတော့ ဆေးလိပ်အပါဝင် အန္တရာယ်ဖြစ်စေတဲ့ အမူအကျင့်တွေကို မစဖို့၊ နည်းပါးသွားဖို့ ဘယ်လိုလုပ်မလဲဆိုတာ ဝိုင်းဝန်း ဆွေးနွေးပြီးတော့ action plan တွေထွက်သွားအောင် ကျွန်တော်တို့ လုပ်ဖို့ရည်ရွယ် ထားပါတယ်” ဟုပြောသည်။ 


(ဟန်လင်းနိုင်)