ဆေးလိပ်ဖြတ်လိုက်တဲ့အခါ

ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

အခုနောက်ပိုင်း အမျိုးသားတွေတင်မကပါဘူး။ လေဒီလေးတွေပါ ဆေးလိပ်ကို စိတ်အပန်းဖြေစရာ တစ်ခုအနေနဲ့ သောက်သုံးလာကြပါတယ်။ တကယ်တော့ ဆေးလိပ်သောက်တာက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတဲ့ စကားကို ငယ်စဉ်ကတည်းက ကြားဖူးခဲ့မယ်ထင်ပါတယ်။ ဒီတော့ အကောင်းဆုံးက ဆေးလိပ်ဖြတ်တာပါ။ ဆေးလိပ်ဖြတ်လိုက်ရင် ဘာတွေများထူးလာမှာမို့လဲလို့ တွေးနေမိနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းက ကျန်းမာရေးကို ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်သလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား……….

 

ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး

 

ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ငွေကုန်ကြေးကျသက်သာရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်မှာလည်း ကျန်းမာရေး သိသိသာသာကောင်းလာမှာပါ။ ဆေးလိပ်ဖြတ်လိုက်ချိန်ကနေစပြီး တစ်ရက်ပြီး တစ်ရက်ပိုကျန်းမာလာတာကို တွေ့ရမယ်ဆိုတာ အသေအချာပါ။ ဆေးလိပ်ဖြတ်လိုက်ပြီဆိုရင်

 

နီကိုတင်းစွဲလမ်းမှုကင်းသွားမယ်

 

ဆေးလိပ်ဖြတ်ပြီး တစ်လလောက်ကြာတဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေက ပုံမှန်အခြေအနေကို ပြန်ရောက်သွားပြီး နီကိုတင်းစွဲလမ်းမှုလုံးဝကင်းစင်သွားပါလိမ့်မယ်။

 

သွေးလည်ပတ်မှုကောင်းလာမယ်

ဆေးလိပ်ဖြတ်ပြီး ၂ ပတ် ကနေ ၁၂ ပတ်တာကာလအတွင်း ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှုကောင်းလာပြီး ရုတ်တရက်နှလုံးရပ်နိုင်ခြေ တော်တော်လေးနည်းသွားပါလိမ့်မယ်။ အမောလည်းခံနိုင်လာပါလိမ့်မယ်။

 

အနံ့အရသာခံနိုင်စွမ်းပိုကောင်းလာမယ်

 

ဆေးလိပ်က နှာခေါင်းနဲ့ ပါးစပ်တွင်းက အာရုံခံနိုင်တဲ့ ဆဲလ်လေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၂ ရက်အတွင်းမှာ အနံ့အရသာခံနိုင်စွမ်းသိသိသာသာကောင်းလာပါလိမ့်မယ်။

 

ခန္ဓာကိုယ်မှာ အားရှိလာမယ်

 

အသက်ရှုရတာ ပိုကောင်းလာတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်တာနဲ့အတူ ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင်ပမာဏတိုးလာတာကြောင့် အားပြည့်နေစေမှာပါ။

 

ကိုယ်ခံအားပိုကောင်းလာမယ်

 

ကိုယ်တွင်းမှာ သွေးစီးဆင်းမှုကောင်းလာတာ၊ အောက်ဆီဂျင်ပမာဏများလာတာတွေကြောင့် ကိုယ်ခံအားကောင်း လာပါလိမ့်မယ်။ နာဖျားလွယ်မှုကနေ ကင်းစင်လာပါလိမ့်မယ်။

 

သွားနဲ့ခံတွင်းကျန်းမာလာမယ်

 

သွားတွေအရောင်ပြောင်းတာ၊ ခံတွင်းနံ့ဆိုးတာတွေ နဲ့ ခံတွင်းမှာပိုးဝင်ကူးစက်တာ မျိုးဖြစ်နိုင်ခြေ တော်တော်လေးနည်းသွားပါလိမ့်မယ်။ တစ်ပတ်အတွင်း ခံတွင်းကျန်းမာရေးကောင်းလာပါလိမ့်မယ်။

 

ကင်ဆာဖြစ်နိုင်ခြေနည်းသွားမယ်

 

ဆေးလိပ်ဖြတ်တာကြောင့် အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ အစာရေမြို ကင်ဆာဖြစ်နိုင်ခြေတွေ သိသိသာသာလျော့ကျသွားပါလိမ့်မယ်။

 

ငွေကုန်ကြေးကျလည်းသက်သာ ကျန်းမာရေးလည်းကောင်း ချစ်ရသူတွေနဲ့လည်း သက်ဆုံးတိုင် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မယ်ဆိုတော့ ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ ဆေးလိပ်ဖြတ်သင့်တယ် မထင်မိဘူးလား။ဆေးလိပ်ဖြတ်တာက ကိုယ်တိုင်အတွက်ရော ပတ်ဝန်ကျင်အတွက်ပါ ကောင်းတဲ့ အချက် ဖြစ်တာကြောင့် ဆေးလိပ်ဖြတ်ကြဖို့ တိုက်တွန်းပါရစေလား…

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်