ဆေးလိပ်သောက်ခြင်းက မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်နိုင်သလဲ

နေပြည်တော် ၁၃ ဇန်နဝါရီ

ဆေးလိပ်သောက်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ပါသည်။ ယနေ့အခါတွင် ထိုစာတမ်းအား သင်ခဏခဏ တွေ့မြင်ဖူးမည်ဖြစ်ပြီး ၎င်း၏ မူကွဲများအဖြစ် “ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်သောက်ခွင့်မပြုပါ၊ ဆေးလိပ်သောက်ခြင်းသည် ဆိုးဝါး၏၊ ကလေးများရှိသောကြောင့် ဆေးလိပ်မသောက်ရ…” စသည်တို့အား နေရာအနှံ့တွင် တွေ့နိုင်၏။

ကျွန်ုပ်တို့အားလုံး ဆေးလိပ်က မိမိခန္ဓာကိုယ်နှင့် မိမိဘေးမှလူတို့အား ဘာတွေဖြစ်စေတတ်ကြောင်း သိထားပြီးသားပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အဆုတ်ကင်ဆာဖြစ်နေသော လူတစ်ယောက်အကြောင်း ကြားခဲ့ရသည်။

သူကိုယ်တိုင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သွားရသည်မဟုတ်ပဲ ဆေးလိပ်သောက်သူများနှင့် ပြည့်နေသော အင်တာနက်ဂိမ်းဆိုင်တွင် သွားဆော့ရာမှ ဖြစ်သွားခြင်းပင်။ ဒါသည် ကျန်းမာရေးနှင့် မညီညွှတ်သော ကစားခြင်းကြောင့်ဖြစ်ရသော်လည်း ဆေးလိပ်သောက်ခြင်းလည်း ပါဝင်နေပါသည်။

ထို့ကြောင့် ဆေးလိပ်သည် အသက်ဆုံးရှုံးနိုင်ပါသည်။ ဘဝ၏အစပိုင်း အစောပိုင်းအဆင့် ကိုယ်ဝန်ဆောင်စဉ်တောင်မှ အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းသည် အထက်ပါဥပမာလို ကိစ္စမျိုးကို ဆိုလိုပါသည်။ သင်ကိုယ်တိုင်း မသောက်သော်လည်း တစ်ခြားတစ်ယောက်၏ ဆေးလိပ်ငွေ့အား ရှူမိနေခြင်းဖြစ်သည်။ ကိုယ်တိုင်သောက်သည်ထက် အန္တရာယ်နည်းသော်လည်း အန္တရာယ်ရှိသည်သာပင်။

သင့်ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိလျှင် သင့်ကလေးအတွက်လည်း ကောင်းမည်မဟုတ်၊ သို့မဟုတ် ယခုပြောနေသည်မှာ ကိုယ်ဝန်ကိစ္စဖြစ်သောကြောင့် သင်၏သန္ဓေသား သို့မဟုတ် သင်၏ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်ပါသည်။

အထူးသဖြင့် ဆေးလိပ်သောက်ခြင်းသည် သင့်ခန္ဓာကိုယ်အတွင်းသို့ ဓါတုပစ္စည်းပေါင်း ၇၀ဝ၀ ကျော်ကို ပျံ့နှံ့သွားစေပါသည်။ ထိုမှ သားဥကြွမှေု မူမမှန်ခြင်း၊ မျိုးရိုးဗီဇပြဿနာများ၊ မျိုးပွားအင်္ဂါထိခိုက်မှု၊ ကင်ဆာနှင့် ကိုယ်ဝန်ပျက်ကျခြင်းများလို မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်သည့် ပြဿနာများ ဖြစ်စေနိုင်ပါသည်။

အသက် ၃၀ အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်းသည် ခက်ခဲ၏။ ဆေးလိပ်သောက်သူ ၃၀ အရွယ်တွင် ကိုယ်ဝန်ဆောင်ရန်က နှစ်ဆပိုခက်၏၊ သို့မဟုတ် နှစ်ဆ၏ သုံးဆလည်း ပိုခက်နိုင်သည်။

ထို့အပြင် သင်သည် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူနေရသူဖြစ်ပါက ရုတ်တရတ် ကလေးသေဆုံးသော ရောဂါ (SIDS) ဖြစ်နိုင်ချေလည်း ရှိနေပါသည်။ ဆိုလိုသည်မှာ သင်ဆေးလိပ်မဖြတ်ပါက ကလေးတွင် အန္တရာယ်ကြီးသည်ဟု အဓိပ္ပါယ်ရသည်။

အမျိုးသားများတွင် သုက်ပိုးများကို ဆိုးဝါးစွာ ထိခိုက်နိုင်သည်။ အမျိုးသားများ သုက်ပိုးထွက်နည်းခြင်း (ဆိုလိုသည်မှာ ပိုးကောင်ရေသည် သုက်တစ်ခါလွှတ်စာအတွက် မလုံလောက်ခြင်း) ကို ဖြစ်စေနိုင်သည်။

ထို့အတူ သုက်ပိုးရွေ့လျားနိုင်စွမ်းကိုလည်း ကျစေနိုင်၏။ သဘာဝအားဖြင့် သုက်ပိုးများသည် အမျိုးသားဆီမှ အမျိုးသမီးထံရောက်ပြီးနောက် မမျိုးဥဆီသို့ ရောက်ရှိနိုင်ရန် ကူးခတ်ရ၏။ သို့သော် ရွေ့လျားနိုင်စွမ်း ကျနေပါက တစ်ခြားနေရာသို့ရောက်သွားနိုင်သလို လုံးဝမရွေ့နိုင်တော့သည်လည်း ဖြစ်နိုင်ပါသည်။

သိပ္ပံနည်းကျပြောရလျှင် ဆေးလိပ်သောက်သူ၏ သုက်ပိုးများသည် DNA ပိုပျက်စီးနေနိုင်၏။ သူတို့၏ သန္ဓေသားသည်လည်း ကောင်းကောင်း အသက်ရှင်နိုင်မည် မဟုတ်ပါ။ ရှင်ခဲ့လျှင်လည်း မွေးရာပါ ချို့ယွင်းခြင်းများက စောင့်နေမည်ဖြစ်သည်။

ထို့အပြင် ဆေးလိပ်ကြောင့် သုက်ပိုးများ အားနည်းသွားနိုင်ပြီး အားနည်းနေသော သုက်ပိုးများသည်လည်း သန္ဓေမအောင်နိုင်ပါ။ အောင်ခဲ့လျှင်လည်း ပျက်ကျရန် အခွင့်အရေးများပါသည်။

ဒါတွေမဖြစ်အောင် ဘာလုပ်ရမလဲ။

ဆေးလိပ်ဖြတ်လိုက်ပါ။ နောက်ဆက်တွဲအနေဖြင့် မြုံခြင်းဖြစ်လာပါက အကူအညီဖြင့်မျိုးပွားခြင်း မလုပ်ခင် ဆေးလိပ်ကို သုံးလကြိုတင် ဖြတ်ထားရမည်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ မျိုးပွားအင်္ဂါအဖွဲ့အစည်းသည် ကလေးတစ်ယောက်ရရန် ကောင်းစွာပြန်ဖွံ့ဖြိုးချိန် လိုအပ်သောကြောင့်ဖြစ်သည်။ ထို့အတူ သင်ဖြစ်နေသော မြုံခြင်းအမျိုးအစားပေါ် မူတည်ကာ ဆရာဝန်မှ လမ်းညွှန်ပါလိမ့်မည်။

အချုပ်ဆိုရလျှင် ဆေးလိပ်သောက်ခြင်းသည် မကောင်းပါ။ အတော့်အတော်လေးကို မကောင်းပါ။ အာရုံစိုက်ကောင်းသည် ကျေနပ်မှုရစေသည် စသည်တို့မှာ ခံရမည့် ကပ်ဆိုးကြီးနှင့်ယှဉ်လျှင် မစားသာပါ။ သင့်ခန္ဓာကိုယ်အတွင်းနှင့် သင့်ပါတ်ဝန်းကျင်မှ လူများအတွက်လည်း လုံးဝမကောင်းပါ။ ထို့ကြောင့် ဆေးလိပ်သောက်သလို ခံစားရနိုင်မည့် အာရုံစိုက်ကောင်းခြင်း ကျေနပ်မှုရစေခြင်းတို့အတွက် တခြားသော လှုပ်ရှားမှုများ အပန်းဖြေခြင်းများ ရှိနေတာကြောင့် တခြားသူများကို မထိခိုက်စေသည့် နည်းလမ်းကို ရွေးချယ်ရနိုင်ပါသည်။

ရေးသားသူ Dr. Hlaing Min Ko Ko
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”