ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း စာနယ်ဇင်းတွေဆုံပွဲ ကျင်းပ

ရန်ကုန်   ဇန်နဝါရီ   ၂၅

မြန်မာတရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း၏ ကြီးကြပ်မှုဖြင့် လစဉ်ထုတ်ဝေသော ဆွေမျိုးပေါက်ဖော်  မဂ္ဂဇင်းနှင့်  စာနယ်ဇင်းမီဒီယာများ တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက မဂ္ဂဇင်းတိုက် တည်ရှိရာ ရန်ကုန်မြို့၊ သဃ်န်းကျွန်းမြို့နယ်ရှိ Myanmar Sports Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာတရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း  ဗဟိုအလုပ်အမှုဆောင် ဦးအေးမင်းက မြန်မာတရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် မဂ္ဂဇင်း တာဝန်ခံ စာတည်းမှူးချုပ် ဦးရဲနိုင်စိုး(ရဲနိုင်)က မဂ္ဂဇင်းထုတ်လုပ်မှုနှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည်။ 

ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး အခမ်းအနားကို ညနေပိုင်းတွင် ရုတ်သိမ်းလိုက်သည်။ 

ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းသည် မြန်မာတရုတ် သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့်ကို ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး မြန်မာတရုတ် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အများပြည်သူသိရှိနိုင်ရန်  ရည်ရွယ်ပြီး လစဉ်ထုတ်ဝေ လျက်ရှိကာ မြန်မာတရုတ် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုများကို ဖော်ထုတ်ပြသသည့် ဆောင်းပါးများ၊ သတင်းများ အပါအဝင် သုတရသ စုံလင်အောင် ထည့်သွင်းဖော်ပြလျက်ရှိသည်။ မဂ္ဂဇင်း သက်တမ်းမှာ သုံးနှစ်အတွင်း ရောက်ရှိလာပြီဖြစ်ပြီး ပိုမိုကောင်းမွန်အောင် ဆက်လက်ထုတ်ဝေ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်းစဉ်