ဆွေမျိုးသားချင်းထဲမှ  အမျိုးသားတစ်ဦးမပါဘဲ အာဖဂန်အမျိုးသမီးများ ခရီးထွက်ခွာခွင့်မရ

ကဘူးလ် ဒီဇင်ဘာ ၂၈

 

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ ခရီးသွားလာသည့်အခါ ဆွေမျိုးသားချင်းထဲမှ အမျိုးသားတစ်ဦး အဖော်မပါဘဲ သွားလာခွင့်မရဟု တာလီဘန် အာဏာပိုင်များက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။

 

ထို့ပြင် ဟီဂျပ်ဝတ်ဆင်ထား သည့် အမျိုးသမီးများကိုသာ ယာဉ်စီးနင်းခွင့်ပေးရန် ယာဉ်ပိုင်ရှင်များကိုလည်း တောင်းဆိုထားသည်။ အမျိုးသမီးများ ၄၅ မိုင် အထက် ခရီးသွားမည်ဆိုပါက မိသားစုထဲမှ အမျိုးသားအဖော် လိုက်ခြင်းမရှိဘဲ သွားလာခွင့်မရှိဟု အာဖဂန် ဒုစရိုက်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာဒစ် အကစ်ဖ် မူဟာဂျီရာ က အေအက်ဖ်ပီသို့ ဒီဇင်ဘာ၂၆ ရက်တွင် ပြောသည်။

 

အမျိုးသမီးဇာတ်ကောင်များ ပါဝင်သည့် ရုပ်သံဒရမ်မာများကို အာဖဂန်ရုပ်သံလိုင်းများမှ ထုတ်လွှင့်ခြင်းမပြုရန် ဝန်ကြီးဌာနက တောင်းဆိုပြီးနောက် သီတင်းပတ်အကြာတွင် ယခုလိုညွှန်ကြားမှု ပေါ်ထွက်လာခြင်းဖြစ်သည်။

 

ရုပ်သံဂျာနယ်လစ်များသည် သတင်း တင်ပြနေစဉ်အတွင်း ဟီဂျပ်ဝတ်ဆင်ရမည်ဟုလည်း ဝန်ကြီးဌာနက တောင်းဆိုထားသည်။

 

ဩဂုတ်လအတွင်း တာလီဘန်များ အာဏာရလာသည့် အချိန်မှစတင်ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အမျိုးမျိုးသောကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များက ၎င်းတို့အာဏာရစဉ်အတွင်း အုပ်ချုပ်ခဲ့စဉ်က စည်းကမ်းချက်များနှင့် ယှဉ်လျှင်ပိုမိုပျော့ပျောင်းသည့် စည်းမျည်းများနှင့်အုပ်ချုပ်မည်ဟု ကတိပြုထားသော်လည်း အမျိုးသမီးများအပေါ် စည်းကမ်းချက်အမျိုးမျိုး ထုတ်လျက်ရှိသည်။

 

အေအက်ဖ်ပီ