ဆေးပညာရပ်ဆိုင်ရာများကို အမြဲတစေ ခေတ်မီတိုးတက်သော နည်းပညာများ အသုံးပြုနိုင်အောင် အားထုတ်ကြိုးပမ်း

 

ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းရင်း ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုများ၏ ဆေးအကာအကွယ်ပေးရေး လုပ်ငန်းများတွင် ယခုထက်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်

 

နေပြည်တော်၊ အောက်တိုဘာ   ၂

 

အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) နှစ် (၁၀၀) ပြည့်အခမ်းအနား၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာ ရောဂါကုသဆောင် ဖွင့်ပွဲနှင့် အကြိမ် (၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အဆိုပါဆေးရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

 

တက်ရောက်

 

အဆိုပါ အခမ်းအနားများသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားဆေးဝန်ထမ်းတပ်ဖွဲ့ဝင် အရာရှိကြီးများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်တို့က အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) နှစ်(၁၀၀) ပြည့် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

mdn

 

စက်ခလုတ်နှိပ်ဖွင့်လှစ်

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကအမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှတ်(၁) တပ်မတော် ဆေးရုံ (ခုတင်-၇၀၀) နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင် ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။

 

mdn

 

ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ဓာတ်ရောင်ခြည်နှင့် ကင်ဆကုသဆောင်အတွင်း လှည့်လည် ကြည့်ရှုကြ၍ ကင်ဆာဆောင်၌ တက်ရောက် ဆေးကုသမှုခံယူ လျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှု အားပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်နှင့် အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဆေးရုံကြီး တစ်ရုံဖြစ်သည့် အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တည်ထောင်ခဲ့သော နှစ် (၁၀၀) ပြည့်သည့် အခမ်းအနား ပင်ဖြစ်ကြောင်း၊ ဆေးရုံကြီးကို ၁၉၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခေတ်အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့သည့်အတွက် ယခုအခါတွင် အလွန်ဂုဏ်ယူဖွယ်ရာ နှစ်(၁၀၀)ပြည့် အခမ်းအနားသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့အတူ ဆေးဝန်ထမ်း တပ်ဖွဲ့၏ သုတေသနဆောင်ရွက်ချက်များကို နိုင်ငံတကာအထိ ရောက်ရှိအောင် တင်ပြနိုင်သည့် အကြိမ် (၃၀) မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရှည်လျားလှသော သမိုင်းကြောင်းရှိသည့် အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) (ပြင်ဦးလွင်)၌ ယခုနှစ်တွင် ကျင်းပနိုင်ခဲ့ခြင်းသည်လည်း အလွန်ပင်ဂုဏ်ယူဖွယ် ရာဖြစ်ကြောင်း။

 

အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) ဆေးရုံ၏ ရှည်လျားသည့် သမိုင်းကြောင်းကို ပြန်ပြောင်း ကြည့်မည်ဆိုပါက ၁၉၂၃ ခုနှစ် တွင် အင်္ဂလိပ်တို့သည် British Military Hospital အဖြစ် ပြင်ဦးလွင်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ စတင်ဖွဲ့စည်းစဉ်က (ခုတင်- ၂၅) လုံးဆံ့ ဆေးရုံအဖြစ် စတင်တည်ထောင်ထားရှိခဲ့ပြီး အင်္ဂလိပ်လူမျိုး စစ်မှုထမ်းအရာရှိ များကိုသာ တက်ရောက်စေခဲ့သည်ဟု အမိန့်မှတ်တမ်းများအရ သိရှိရကြောင်း။

 

ပိုမိုလက်ခံကုသ

 

၁၉၃၁ ခုနှစ်တွင် (ခုတင်-၅၀)ဆံ့ ဗြိတိသျှစစ်ဆေးရုံ၊ ၁၉၄၃ ခုနှစ် တွင် အမှတ် (၈) စစ်ဆေးရုံ (ခုတင်- ၁၀၀)၊ ၁၉၄၆ ခုနှစ်တွင် အမှတ်(၁)စစ်ဆေးရုံ(မေမြို့)၊ ၁၉၄၈ ခုနှစ် တွင် ဗမာ့တပ်မတော်ဆေးရုံ (ခုတင်-၃၀၀) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ် တွင် အခြေစိုက်စစ်ဆေးရုံ (ခုတင်- ၅၀၀) အဖြစ် တိုးချဲ့ကာ လူနာများကို ပိုမိုလက်ခံကုသ ခဲ့ပြီး ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၁၉၆၃ ခုနှစ်တွင် အမှတ် (၁) အခြေချစစ်ဆေးရုံ (ခုတင်-၅၀၀) အဖြစ် အမည်ပြောင်းလဲခဲ့ကြောင်း၊ ထိုသို့ပြောင်းလဲခဲ့ရာ ၁၉၈၆ ခုနှစ် တွင် အမှတ်(၁) အခြေချစစ်ဆေးရုံ (ခုတင်-၇၀၀)၊ ၂၀၀၂ ခုနှစ်တွင် အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) အဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်ခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ ၂၀၁၆ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ဌာနများ တိုးချဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ခဲ့ကြောင်း။

 

ဆေးရုံကို စတင်ဖွင့်လှစ်ခဲ့စဉ်က အုပ်ချုပ်မှုအဆောက်အအုံ ခြောက်လုံး၊ ဆေးကုသမှုအဆောက်အအုံ ၁၀ လုံးနှင့် လူနေအဆောက် အအုံငါးလုံး စုစုပေါင်း ၂၁ လုံးတို့ ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာမှ ယခုအချိန်တွင် အုပ်ချုပ်မှုအဆောက်အအုံ ၃၁ လုံး၊ ဆေးကုသမှု အဆောက်အအုံ ၃၈ လုံးနှင့် လူနေအဆောက်အအုံ ၁၀၇ လုံး စုစုပေါင်း ၁၇၆ လုံးအထိ အဆင့်ဆင့် တိုးချဲ့တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 

ဆေးရုံကြီးတွင် အဆောက်အအုံပိုင်းဆိုင်ရာ တိုးတက်သည့်နည်းတူ ကုသမှုဆိုင်ရာ စွမ်းဆောင်ရည်များသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးရုံစတင် ဖွင့်လှစ်ချိန် အစောပိုင်းကာလများ၌ အထွေထွေကုသမှုများကိုသာ ဆောင်ရွက်နိုင်ခဲ့သော်လည်း ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်မှုများကြောင့် အဆင့်မြင့် အထူးကုသမှုများအား တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆေးရုံကြီး၏ ထူးခြားသော စွမ်းဆောင်ရည်များ အနေဖြင့် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ဆေးပညာကုသမှုဌာနအား ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး လူနာပေါင်း ၇၀၀၀ ကျော်ကို သွေးသန့်စင်ပေးနိုင်မှု အကြိမ်အနေဖြင့် ၁၉၂၅၀ ခန့် ဆောင်ရွက် ပေးနိုင်ခဲ့သည်ကို တွေ့ရှိရ ကြောင်း။

 

ထို့အပြင် ၁၉၉၈ ခုနှစ်မှစတင်၍ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် မှန်ပြောင်းနှင့် ရောဂါရှာဖွေကုသ ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊

 

မှန်ပြောင်းမှတစ်ဆင့် သည်းခြေ ကျောက်တည်လူနာ ၁၁၉၄ ဦး အပါအဝင် စုစုပေါင်း လူနာ ၉၉၃၀ ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နှလုံးကုသမှုဆေးပညာဌာနကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှလုံး၏ လုပ်ဆောင်နိုင်မှုကို စမ်းသပ်ခြင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါ ရှိ/မရှိ စမ်းသပ်ခြင်းနှင့် နှလုံးစည်းချက် မှန်ကန်မှု ရှိ/မရှိ စမ်းသပ်ခြင်းများကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ယနေ့ အချိန်အထိ နှလုံးသွေးကြောချဲ့ ကုသခြင်း ၃၅၅ ဦး အပါအဝင် စုစုပေါင်း လူနာ ၁၅၈၅ ဦးကို ကုသပေးနိုင်ခဲ့ကြောင်း။

 

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ်ကုသမှုဌာန အနေဖြင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသပေးနိုင်ခဲ့သော လူနာ ၃၈ ဦးအပါအဝင် စုစုပေါင်း လူနာ ၁၉၇၄ ဦးကို ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသမှုဌာနအနေဖြင့် အရေးပေါ် ခွဲစိတ်ကုသခြင်း အပါအဝင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါ စုစုပေါင်း ၇၈၁ ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ ကြောင်း။

 

ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့

 

ထိခိုက်ဒဏ်ရာနှင့် အရိုးအကြော ကုသမှုဌာနအနေဖြင့် အရိုးရောဂါ အကြီးစားခွဲစိတ်ကုသမှုပေါင်း ၂၆၈၄ ဦး၊ အသေးစားခွဲစိတ် ကုသမှုပေါင်း ၃၄၆၉ ဦး စုစုပေါင်း လူနာ ၆၁၅၃ ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ ဆေးရုံကြီးတွင် ရောဂါရှာဖွေမှုများကို ဆောင်ရွက် လျက်ရှိသည့် ဓာတ်မှန်နှင့် ပုံရိပ်ဖော် နည်းပညာဌာနအနေဖြင့် ကွန်ပျူတာဓာတ်မှန်စက် (CT Scan) အသုံးပြု၍ ရောဂါရှာဖွေ ခြင်း ၇၆၆၉ ဦး၊ သံလိုက်လိုင်း အသုံးပြုရောဂါရှာဖွေခြင်း (MRI Scan) ၂၃၁၀ အပါအဝင် စုစုပေါင်း လူနာ ၁၂၂၄၈ ဦးအား ရောဂါရှာဖွေ ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

 

ထို့အပြင် ဆေးရုံကြီးဖွင့်လှစ် ချိန်ကစ၍ ယနေ့အချိန်အထိ ကလေးငယ်ပေါင်း ၃၁၀၇၁ ဦးကို မွေးဖွားသန့်စင်ပေးနိုင်ခဲ့ပြီး ယခု ကဲ့သို့ အန္တရာယ်ကင်းစွာဖြင့် မွေးဖွား ပေးနိုင်ခဲ့သည့်အတွက် အသက်ပေါင်းများစွာကို ကယ်တင် ပေးနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် တန်ဖိုးရှိသည့် သားကောင်း၊ သမီးကောင်း ရတနာများ ပေါ်ထွန်းစေ နိုင်ခဲ့ကြောင်း။

 

ယခုကဲ့သို့ အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀၀) ၏ နှစ်(၁၀၀)ပြည့် အခမ်းအနားနှင့်အတူ ယနေ့တွင် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ဖွင့်ပွဲအခမ်း အနားကိုလည်း တစ်ပေါင်းတည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း။

 

ဆေးဝန်ထမ်းတပ်ဖွဲ့သည် စတင်တည်ထောင်စဉ်ကပင် ကုသရေး၊ ရောဂါရှာဖွေရေးနှင့် ကာကွယ်ရေး လုပ်ငန်းများအပြင် ဆေးသုတေ သနလုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ သုတေသနတွေ့ရှိ ချက်များကို ၁၉၉၀ ပြည့်နှစ်ကပင် စတင်ခဲ့ပြီး ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပလာခဲ့သည်မှာ ယခုအကြိမ်(၃၀) ပြည့်မြောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ ခေတ်မီတိုးတက်ပြောင်းလဲ လာသည့် ဆေးပညာရပ်များနှင့်အညီ နှီးနှောဖလှယ်ပွဲများတွင် တင်သွင်းခဲ့သော ဆေးပညာရပ်ဆိုင်ရာ အကြောင်းအရာများသည်လည်း မျက်မှောက်ခေတ် အခြေအနေများနှင့်အညီ အဆင့်မြင့် တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကြိမ်(၃၀)မြောက်အထိ ဖြတ်သန်းလာခဲ့သည့် ခရီးစဉ် တစ်လျှောက်တွင် စာတမ်းပေါင်း ၁၅၄၄ စောင်၊ ပိုစတာပေါင်း ၉၂၀၊ ဟောပြောဆွေးနွေးမှုပေါင်း ၂၃၁ ခု စသည်တို့ကို တင်သွင်းဖော်ပြနိုင်ခဲ့ခြင်းသည်လည်း ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်များပင်ဖြစ်ကြောင်း။

 

သုတေသနများမှ ရရှိလာသော တွေ့ရှိချက်များအား ရောဂါရှာဖွေရေး၊ ကုသရေးနှင့် ကာကွယ်နှိမ်နင်းရေး နယ်ပယ်များတွင် အသုံးပြုခြင်းအားဖြင့် တပ်မတော်နှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာ ရှိစေခဲ့ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည့် သုတေသန တွေ့ရှိချက်များသည် ရောဂါကာကွယ်ရေး၊ ရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းများတွင် များစွာအကျိုးရှိရှိ အသုံးချနိုင်ခဲ့ပြီး အောင်မြင်မှုများ များစွာရရှိခဲ့ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 

ယခုကျင်းပသည့် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို “ကျန်းမာရေးစနစ် ပြောင်းလဲမှု များတွင် တပ်မတော် ဆေးပညာရှင်များ၏ စွမ်းရည်မြှင့်တင်ခြင်း” ဆိုသည့် ခေါင်းစဉ်ကို အခြေခံပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများ အနေဖြင့်လည်း အဆိုပါခေါင်းစဉ်အပေါ်တွင် အခြေခံပြီး မိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတများနှင့် အမြင်ချင်းဖလှယ် ကာ ဆွေးနွေးမှုများ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

 

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅) ရပ် ချမှတ်ပြီး ဦးတည်ချက်(၉)ရပ် ကို အကောင်အထည်ဖော်ရာတွင် လူမှုရေးဦးတည်ချက်(၃) ရပ်အနက် တစ်မျိုးသားလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက် အကူပြုပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရေးနှင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်စေရေး အတွက် ပြည်သူအားလုံး အကျိုးဖြစ်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားမြှင့်တင်မှု ဆောင်ရွက်ရေး ဦးတည်ချက်ကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုမည် ဖြစ်သကဲ့သို့ အသစ်ဖွင့်လှစ်လိုက် သည့် ကင်ဆာရောဂါကုသရေး စင်တာ တစ်ခုကလည်း ပြည်သူများ အားလုံး၏ ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍကို အထောက်အကူ များစွာ ပြုနေပြီးဖြစ်ပါကြောင်း။

 

ကဏ္ဍအစုံ လွှမ်းခြုံပါဝင်

 

ယခုနှစ် နှီးနှောဖလှယ်ပွဲတွင် သုတေသန စာတမ်းပေါင်း ၇၂ စောင်၊ သုတေသန ပိုစတာပေါင်း ၁၁၂ စောင်၊ ဟောပြောဆွေးနွေးမှု ၃၂ ခုနှင့် အခြားအစီအစဉ်များ ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ယခုနှစ် ဖတ်ကြားတင်သွင်း ဆွေးနွေးကြမည့် စာတမ်းများ၊ ပိုစတာများတွင် ဉာဏ်ရည်တု နည်းပညာ၊ ကူးစက်ရောဂါနှင့် မကူးစက်တတ်သော ရောဂါများ၊ အာဟာရသုတေသနဆိုင်ရာများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုး ခွဲစိတ်ကုသမှုဆိုင်ရာများ၊ ပြန်လည် သန်စွမ်းရေး ဆေးပညာဆိုင်ရာများ၊ အဆင့်မြင့် ကင်ဆာကုထုံးဆိုင်ရာများ၊ စစ်မြေပြင်ဆေးကာကွယ် ပေးခြင်းဆိုင်ရာ သုတေသနများ စသည့် ကဏ္ဍအစုံလွှမ်းခြုံပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 

ဆေးဝန်ထမ်း တပ်ဖွဲ့တွင်ရှိသည့် တပ်မတော်ဆေးသုတေသနတပ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော်ဆေးရုံနှင့် ဆေးတပ်ရင်းများက သုတေသီများသည် တပ်မတော်သားများနှင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရန်အတွက် ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်လျက်ရှိသည်ကို ဂုဏ်ယူဖွယ်ရာအဖြစ် ပြောကြားလိုပါကြောင်း။

 

ဆေးဝန်ထမ်း တပ်ဖွဲ့သည် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း နှင့်အတူ ပေါက်ဖွားလာခဲ့ခြင်းဖြစ်၍ ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် (၇၆) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ သမိုင်းကြောင်း ကောင်းသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် တိုင်းပြည်တာဝန်များကို ကျရာ ကဏ္ဍများမှ ကျေပွန်စွာထမ်းဆောင် နိုင်ခဲ့ကြကြောင်း၊ တပ်မတော်က ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြီးများတွင်လည်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် ရှေ့တန်းကျကျ ဆေးကာကွယ်ပေး တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ ပြင်ဦးလွင်မြို့တွင်ရှိသည့် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)ရှိ တပ်ဖွဲ့ဝင်များသည်လည်း ကွမ်းလုံ ရက်(၄၀)တိုက်ပွဲ၊ ပါဂျိုနားဖော့တိုက်ပွဲ၊ လုပီ - လဂျားယန်း တိုက်ပွဲ၊ လောက်ကိုင်-မုံးကိုး တိုက်ပွဲစသည့် တိုက်ပွဲကြီးများတွင် ရှေ့တန်းကျကျ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်နိုင်ခဲ့ကြပြီး စစ်ဆင်ရေးကြီးများ ဆောင်ရွက်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများအတွက် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ကုသမှုများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

 

ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် စစ်မြေပြင် ဆေးကာကွယ်ပေးတာဝန်များအပြင် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း နိုင်ငံအနှံ့အပြားတွင်ရှိသည့် ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်ရန် အတွက်လည်း တပ်မတော်ဆေးရုံ (ခုတင်-၂၅) အဆင့်မှ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) အဆင့်အထိ လိုအပ်သည့်နေရာများတွင် တိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း။

 

ရောဂါကာကွယ် နှိမ်နင်းရေးအတွက် ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်ကို ဖွဲ့စည်းထားရှိ သကဲ့သို့ အထူးကုဆေးရုံများ အနေဖြင့် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး၊ တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံ ကြီးနှင့် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးရုံများကိုလည်း ဖွင့်လှစ်ထားရှိကြောင်း၊ ထို့အပြင် ရောဂါကုသမှုများနှင့် ပတ်သက်၍ ဆေးရုံများကိုလည်း အဆင့်မြှင့်တင်ခဲ့ရာ ယခုအချိန်တွင် ကျောက်ကပ် အစားထိုးကုသနိုင်သော ဆေးရုံလေးရုံ၊ အသည်းအစားထိုးကုသနိုင်သော ဆေးရုံတစ်ရုံ၊ နှလုံး သွေးကြောရောဂါ ရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သော ဆေးရုံလေးရုံ၊ နှလုံးခွဲစိတ်ကုသနိုင်သော ဆေးရုံနှစ်ရုံ၊ အစာအိမ်နှင့် အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ခွဲစိတ်ကုသနိုင်သောဆေးရုံ ငါးရုံရှိပြီး ဖြစ်ကြောင်း။

 

နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ ဆောင်ရွက်လာနိုင်

 

ထိုကဲ့သို့ ကြိုးစားဆောင်ရွက်နိုင်ခဲ့သည့်အတွက် တပ်မတော် အနေဖြင့် ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက်ထည့်သွင်းခြင်း၊ နှလုံးသွေးကြော Stent ထည့်ကုသခြင်း၊ ဦးနှောက်နှင့် ရင်ခေါင်း ခွဲစိတ်ကုသခြင်း စသည့်အဆင့်မြင့်ကုသမှုမျိုးစုံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ ဆောင်ရွက်လာနိုင်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်အတွင်းတွင် အသည်းအစားထိုး ခွဲစိတ်ကုသမှု ရှစ်ကြိမ်ကို အောင်မြင်စွာ ခွဲစိတ်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကို ထည့်သွင်းပြောကြားလိုကြောင်း။

 

ယနေ့အချိန်တွင် နိုင်ငံတကာ နှင့် နိုင်ငံအတွင်းမှာပင် ကိုဗစ်-၁၉ ရောဂါ ကြောင့် ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်များ လျော့နည်း ကျဆင်းလာမှုများ တွေ့ကြုံနေရသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၏ လုပ်ငန်းခွင်စွန့်ခွာမှုများ ပြုလုပ်လာခဲ့သည့်အတွက် နိုင်ငံတစ်ဝန်းရှိသည့် ကျန်းမာရေး ဝန်ထမ်းအင်အားသည်များစွာ လျော့နည်းခဲ့ရကြောင်း၊ ထိုသို့ လျော့နည်းခဲ့သည့်အတွက် လစ်ဟာသွားသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) အပါအဝင် တပ်မတောဆေးရုံ၊ ဆေးတပ်များမှ တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ပြင်ပ လူနာ ၅၁၀၃၆၃ ဦး၊ ဆေးရုံတက် လူနာ ၁၅၅၂၁၇ ဦးတို့ကို ပြုစု စောင့်ရှောက်ပေးနိုင်ခဲ့ပါကြောင်း။

 

တပ်မတော်အနေဖြင့် နိုင်ငံအနှံ့ အပြားတွင်ရှိသည့် ဆေးရုံ၊ ဆေးတပ်များတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးနိုင်ရန် အတွက်လည်း ကြိုးစားဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်ဆေး တက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းများမှ တစ်ဆင့် ဆရာဝန်၊ သူနာပြုများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိကြောင်း။

 

mdn

 

တိုးချဲ့ဖွင့်လှစ်ပေးနိုင်

 

တပ်မတော် ဆေးတက္ကသိုလ် အနေဖြင့် ဆေးပညာဘွဲ့များအပြင် ပညာရပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ဘွဲ့များဖြစ်သည့် ဆေးပညာဘွဲ့လွန် ဒီပလိုမာအမျိုးအစားပေါင်း ၁၆ ခု၊ ဆေးပညာမဟာသိပ္ပံဘွဲ့ အမျိုးအစားပေါင်း ၂၇ ခုနှင့် ပါရဂူ ဘွဲ့အမျိုးအစားပေါင်း ၃၄ ခု တို့ကို တိုးချဲ့ ဖွင့်လှစ်ပေးနိုင်ပြီးဖြစ်ကြောင်း၊ ထိုသို့တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည့်အတွက် ယခုအချိန်အထိ ဆေးပညာဘွဲ့ရရှိသူ ၄၈၄၅ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ရရှိသူ ၈၉ ဦး၊ ဒီပလိုမာဘွဲ့ရရှိသူ ၅၉၀၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ရရှိသူ ၂၇၈၂ ဦး၊ သွားဘက်ဆိုင်ရာ မဟာသိပ္ပံဘွဲ့ရရှိသူ ၅၀ နှင့် ပါရဂူ ဘွဲ့ရရှိသူ ၄၂၁ ဦးရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် နိုင်ငံတကာတက္ကသိုလ်များသို့ စေလွှတ်ပြီး အဆင့်မြင့်ဆေးပညာများကို လေ့လာသင်ကြားစေခဲ့ရာ နိုင်ငံတကာ တက္ကသိုလ်များမှ ဆေးပညာ မဟာသိပ္ပံဘွဲ့ရရှိသူ ၄၀၊ ပါရဂူဘွဲ့ရရှိသူ ၂၄ ဦးနှင့် တော်ဝင်သမားတော်ဘွဲ့ရရှိသူ ၂၂၇ ဦးတို့ ရှိခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း။

 

တပ်မတော် ဆေးတက္ကသိုလ်နည်းတူ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်တွင်လည်း သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဒီပလိုမာသင်တန်း ခုနစ်မျိုး၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်သင်တန်း အမျိုးအစား ခြောက်ခုနှင့် ပါရဂူ သင်တန်း အမျိုးအစား သုံးခုတို့ကို တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ ဖွင့်လှစ်ပေးနိုင်ခဲ့သည့် အတွက် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ သူနာပြုနှင့် ကျွမ်းကျင်သူ စုစုပေါင်း ၄၁၅၈ ဦး၊ ဘွဲ့လွန် ဒီပလိုမာရရှိသူ ၅၂၆ ဦး၊ မဟာဘွဲ့ ရရှိသူ ၆၄၁ ဦးနှင့် ပါရဂူဘွဲ့ရရှိသူ ၃၀ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းအပြင် သူနာပြုနှင့် ကျွမ်းကျင်သူများကို နိုင်ငံတကာသို့ စေလွှတ်ပြီး ပညာသင်စေခဲ့ရာ နိုင်ငံတကာ တက္ကသိုလ်များမှ မဟာဘွဲ့ရရှိသူ ငါးဦးနှင့် ပါရဂူဘွဲ့ ရရှိသူ နှစ်ဦးရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း။

 

တက္ကသိုလ်ကြီးများက သင်တန်းသားများ၊ ကျောင်းဆင်းအရာရှိများကို အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) အပါအဝင် တပ်မတော်ဆေးရုံကြီးများတွင် လက်တွေ့ဆေးပညာ ဆက်လက်သင်ကြားပြီး ပြုစုပျိုးထောင်ပေးနေ ခြင်းကြောင့် ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဆေးဘက်ပညာ ပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သကဲ့သို့ မြန်မာ ပြည်သူပြည်သားတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးရာတွင်လည်း များစွာ အထောက်အကူပြုလျက်ရှိသည်ဟုဆိုရမည် ဖြစ်ကြောင်း။

 

ကင်ဆာရောဂါသည် အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်

 

ကမ္ဘာပေါ်တွင် ကူးစက်နိုင်သော ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားလျက်ရှိရာ မကူးစက်နိုင်သော ရောဂါများတွင် ကင်ဆာရောဂါသည် အဖြစ်အများဆုံး ရောဂါတစ်ခုပင်ဖြစ်ကြောင်း၊ ကင်ဆာရောဂါလူနာများ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ဓာတ်ရောင် ခြည်ဖြင့် ကုသမှုခံယူနိုင်ရန် လိုအပ်ပါကြောင်း။

 

ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည်ကုသမှု လိုအပ်ချက်သည် တစ်စတစ်စများပြားလာသည့်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူချိန်မှစပြီး Linear Accelerator (LA) ဟု ခေါ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်ကြီးများနှင့် ခေတ်မီကုသရေး အဆောက်အအုံများကို တပ်မတော်ဆေးရုံကြီးများတွင် တိုးချဲ့ဆောက်လုပ် တပ်ဆင်ပေးခဲ့ရာမှ ယခင်က အမှတ်(၂)တပ်မတော် ဆေးရုံ(ခုတင်-၅၀၀) (ရန်ကုန်)နှင့် အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) (အောင်ပန်း)တို့၌ သာ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်ကြီးများ ကုသရာမှ ယခုအခါတွင် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) (ပြင်ဦးလွင်) မှာပင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်ကြီးများကို တပ်ဆင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစက်သစ်ကြီးများ ရှိလာသည့်အတွက် မြန်မာပြည် အထက်ပိုင်းတွင်ရှိသည့် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအတွက် အားကိုးအားထားပြုရမည့် ကင်ဆာကုသပေးရာ ဌာနတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

 

ထို့အပြင် နေပြည်တော်တွင်ရှိသည့် အမှတ် (၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင်လည်း Cyberknife ဟုခေါ်သည့် အဆင့်မြင့်ဓာတ်ရောင်ခြည်ကုသ စက်တစ်လုံးရှိနေသည့်အတွက် ယနေ့အခါ တပ်မတော်ဆေးရုံကြီး လေးရုံတွင် ကင်ဆာရောဂါဝေဒနာရှင်များကို ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးများဖြင့် ကုသခြင်းအစရှိသည့် ပြီးပြည့်စုံသော ကင်ဆာကုသမှုများကို ပြုလုပ်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ ကင်ဆာရောဂါ ကုသ မှုလုပ်ငန်းများသည် သုတေသနလုပ်ငန်းများနှင့် ယှဉ်တွဲလုပ်ဆောင်ရခြင်းဖြစ်သည့်အတွက် တပ်မတော် ဆေးရုံကြီးလေးရုံမှ ကင်ဆာသုတေသန အချက်အလက်များကို အမြဲလေ့လာသုံးသပ်နေရန်လိုကြောင်း၊ ထို့အပြင် ကျန်းမာရေး ဝန်ကြီးဌာနက ပြုလုပ်ထားသည့် ကင်ဆာသုတေသန အချက်အလက်များနှင့် ပေါင်းစပ်လိုက်ပါက တစ်မျိုးသားလုံး၏ ကင်ဆာရောဂါနှင့်ပတ်သက်သည့် သုတေသနအချက်အလက်များ ပိုမိုပြည့်စုံစွာ သိရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံသားများ၏ ကင်ဆာရောဂါနှင့်ပတ်သက်သည့် ရောဂါကြိုတင်ရှာဖွေရေး၊ ကုသရေး၊ ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာမည်ဖြစ်ကြောင်း။

 

နိုင်ငံတကာတွင်လည်း ကျန်းမာရေးနှင့်ပတ်သက်၍ သုတေသနရလဒ်များသည် နှစ်စဉ်တိုးတက် နေခြင်း တွေ့ရှိနေရသည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်ထိတွေ့၍ အတွေ့အကြုံဖလှယ်ပြီး မိမိနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုတိုးတက်စေရေးကို ဆောင်ရွက် သွားကြရန်လိုကြောင်း။

 

ဆေးဝန်ထမ်းတပ်ဖွဲ့များသည် ပြည်သူလူထုအကျိုးပြု ဆေးကုသ မှုလုပ်ငန်းများကို သာမန်အချိန်များတွင်သာမက သဘာဝဘေး အန္တရာယ်များ ကျရောက်သည့် အချိန်များတွင်လည်း ရှေ့တန်းက တတ်တတ်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတွင် အထူးဆေးကုသ အဖွဲ့ ငါးဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စုစုပေါင်းလူနာ ၄၁၀၆၃ ဦးကို ပြုစုကုသပေးနိုင်ခဲ့ကြောင်း၊ အလားတူ ၂၀၁၀ ပြည့်နှစ် တွင် ဖြစ်ပွားခဲ့သည့် ဂီရိဆိုင်ကလုန်း မုန်တိုင်းတွင်လည်း အထူးဆေး ကုသ အဖွဲ့သုံးဖွဲ့သည် ရခိုင် ပြည်နယ်တွင် စုစုပေါင်းလူနာ ၃၆၉၄ ဦးကို ဆေးကုသမှုများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ဖြစ်ပွားခဲ့သည့် ရေဘေး အန္တရာယ်များတွင်လည်း အထူးကုဆေးအဖွဲ့ ၄၃ ဖွဲ့သည် ရေဘေးသင့်လူနာ စုစုပေါင်း ၅၇၆၀၉ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း။

 

အားကြိုးမာန်တက် ဆောင်ရွက်ပေးခဲ့

 

ယခုနှစ်အတွင်း မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်မြို့နယ်တွင် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အထူးဆေးကုသအဖွဲ့နှစ်ဖွဲ့နှင့် ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ ၁၀ ဖွဲ့ စေလွှတ်ပြီး ဒေသခံပြည်သူလူထု စုစုပေါင်း ၂၈၃၄၉ ဦးအတွက် ဆေးကုသမှုနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ကို အားကြိုးမာန်တက် ဆောင်ရွက် ပေးခဲ့ကြကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် နယ်လှည့်ဆေးကုသရေး လုပ်ငန်းများကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင် ရန်အတွက် တပ်မတော်အနေဖြင့် ရွေ့လျား ဆေးကုသယာဉ် ခြောက်စီး၊ အထူးစမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်းယာဉ် တစ်စီး၊ ပင်လယ်သွား ဆေးရုံရေယာဉ် တစ်စင်းနှင့် မြစ်တွင်းသွား ဆေးရုံ ရေယာဉ် တစ်စင်းတို့ကို ဝယ်ယူ ဖြည့်တင်း ပေးထားခဲ့ကြောင်း။

 

ထို့အပြင် ဆေးဝန်ထမ်းတပ်ဖွဲ့သည် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလများတွင်လည်း ပြည်သူများအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တွင် မန္တလေးတိုင်းဒေသကြီး အတွင်းတွင်ရှိသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လူနာများကို အစွမ်းကုန် ပြုစုကုသပေးခဲ့သည့် အပြင် ခေတ်မီရောဂါရှာဖွေရေး နည်းလမ်းတစ်ခုဖြစ်သည့် PCR နည်းဖြင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေ ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ရောဂါ ကာကွယ်ရေးအတွက် ကာကွယ် ဆေးထိုး လုပ်ငန်းစဉ်များတွင်လည်း ရှေ့တန်းကပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းကို ပြောကြားလိုပါကြောင်း။

 

ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် ပြည်သူအကျိုးပြုဆေးကုသမှုများ ဆောင်ရွက်ရာတွင် ဝေးလံခေါင်ဖျား ဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်း သွားရောက် တာဝန် ထမ်းဆောင်ခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ်မှစပြီး ပါရဂူများ၊ ဆေးမှူးအရာရှိများကို လေးကြိမ်တိုင်တိုင် စေလွှတ်ခဲ့ရာ ယခု စတုတ္ထအကြိမ်မြောက်တွင် ပါရဂူ/ဆေးမှူး ၁၈ ဦးသည် တိုင်းရင်းသား ညီအစ်ကိုများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဦးလည်မသုန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအကြိမ်စေလွှတ်ခဲ့ချိန်တွင် ဒေသခံပြည်သူလူထု ၂၀၂၃၃၂ ဦး၊ ဒုတိယအကြိမ်တွင် ၁၇၁၀၈၄ ဦးနှင့် တတိယအကြိမ် တွင် ၉၃၆၀၀ စုစုပေါင်း ၄၆၇၀၁၆ ဦး တို့ကို ထိရောက်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ၎င်းသည် မိမိတို့ တပ်မတော်၏ တိုင်းရင်းသား ပြည်သူများ၏ အရေးနှင့်ပတ်သက်၍ အစဉ်အမြဲ ဦးထိပ်ထား ဆောင်ရွက်ပေးနေခြင်းကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း။

 

အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)တွင် တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် နှစ်ပေါင်း ၁၀၀ ကာလအတွင်း တပ်မတော်မှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်ရွှေရတု တံဆိပ်ရရှိသူ ၃၁ ဦး၊ တပ်မတော်စိန်ရတုတံဆိပ်ရရှိသူ ၁၁၂ ဦး ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ သုံးဦးနှင့် သူရဲကောင်းလက်မှတ် ရရှိသူ တစ်ဦးရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း။

 

ဂုဏ်ပြုအသိအမှတ်ပြု

 

ထို့ကြောင့် နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတစ်လျှောက်နှင့် နိုင်ငံတော်တည် ဆောက်ရေးကာလ တစ်လျှောက်တွင်လည်းကောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ကုသမှုများကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ နှစ်ပေါင်း ၁၀၀ ကာလအတွင်းတွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြ သည့် အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀၀)မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ကျွမ်းကျင်သူများနှင့် စစ်သည်များအားလုံးကို ဂုဏ်ပြု အသိအမှတ်ပြုပါကြောင်း အလေးထား ပြောကြားလိုပါကြောင်း။

 

အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)သည် နှစ်ပေါင်း ၁၀၀ သက်တမ်း ပြည့်မြောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုနှစ်ပေါင်း ၁၀၀ ကာလတစ်လျှောက်တွင် ဆေးရုံ ကြီးတွင်ရှိသည့် ပါရဂူ၊ ဆေးမှူး၊ သူနာပြုနှင့် ကျွမ်းကျင်သူ ဆေးဝန် ထမ်းတပ်ဖွဲ့ဝင်များသည် တိုင်းပြည် နှင့်လူမျိုးအကျိုး၊ တပ်မတော် အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြကြောင်း၊ ဆေးရုံတွင်ရှိသည့် နှစ် ၁၀၀ သက်တမ်းရှိသည့် သမိုင်းဝင် အဆောက်အအုံများကို ဆက်လက် ထိန်းသိမ်းထားရှိသည့် နည်းတူ ဆေးပညာရပ်ဆိုင်ရာများကိုလည်း အမြဲတစေ ခေတ်မီတိုးတက်သော နည်းပညာများ အသုံးပြုနိုင်အောင် အားထုတ် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ ထို့အတူပင် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ တင်ပြ ဆွေးနွေးကြမည့် ဆေးဘက် ဆိုင်ရာ သုတေသနတွေ့ရှိချက်များ ကို လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးချနိုင်အောင် ကြိုးစားသွားရမည် ဖြစ်ကြောင်း၊ ဆေးတပ်ဖွဲ့ဝင်များ အနေဖြင့် ယခုကဲ့သို့ အစဉ်အလာကောင်းများ ကို လက်ဆင့်ကမ်းထိန်းသိမ်းရင်း ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုများ၏ ဆေးအကာအကွယ်ပေးရေး လုပ်ငန်းများတွင် ယခုထက်ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင် ပါစေကြောင်းနှင့် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) ၏ နှစ်(၁၀၀)ပြည့်ကာလမှသည် နောင် နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက် တည်တံ့ပါစေကြောင်း ကို ဆုမွန်ကောင်းပို့သပါကြောင်း ပြောကြားသည်။

 

mdn

 

ပေးအပ်ချီးမြှင့်

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က အမှတ်(၁) တပ်မတော် ဆေးရုံ(ခုတင်-၇၀၀) နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆုရရှိသည့် အရာရှိ တစ်ဦးကိုလည်းကောင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး က နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆုရရှိသည့် စစ်သည်တစ်ဦးကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀၀) နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် မှတ်တမ်း ရုပ်သံ Video ကိုပြသပြီး နိုင်ငံကျော် အနုပညာရှင်များနှင့် ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင်များက တေး သီချင်းများဖြင့် သီဆိုဖျော်ဖြေ ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ထံ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးက နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြု ပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တက်ရောက်လာကြ သည့် အငြိမ်းစားဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ပိုစတာများ၊ ဆေး နှင့် ဆေးပစ္စည်းပြခန်းများနှင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပြခန်းများအတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်