ဆေးသောက်ရင် ဆေးနဲ့မနီးသင့်တဲ့ အစားအသောက် (၅) မျိုး

၃  အောက်တိုဘာ

 

ဆေးသောက်မယ်ဆို အစာစားပြီးမှသောက်ကြနော်လို့ပြောကြတယ်။ တချို့ဆေးတွေက မစားခင် သောက်ရတာရှိသလို အစာတခုခုခံပြီးမှ သောက်သင့်တာတွေရှိပါတယ်။ အစာနဲ့ ဘယ်နှနာရီခြားပါလို့ ဆရာဝန်ကညွှန်ကြားလိုက်တယ်ဆိုရင် လိုက်နာဖို့လိုပါတယ်။ ကိုယ်စားလိုက်၊ သောက်လိုက်တဲ့အရာတွေက ဆေးဝါးတွေရဲ့အာနိသင်အပေါ် သက်ရောက်မှု တွေရှိလို့ပါပဲ။

 

ဒါ့ကြောင့် ဆေးဝါးတွေနဲ့ ဓာတ်ပြုသက်ရောက်မှုရှိနိုင်တဲ့ အစားအသောက်တွေအကြောင်းကို ပြောပြချင်ပါတယ်။

 

(၁) ဂရိတ်ဖရုသီး

 

အချဉ်ဓာတ်ပါတဲ့အရည်ရွှမ်းသီးဖြစ်တဲ့ ဂရိတ်ဖရုသီးက သိပ်မချဉ်ဘူးဆိုပေမယ့် အူလမ်းကြောင်းအတွင်း ရောက်လာတဲ့ဆေးဝါးတွေကို ဆဲလ်တွေရဲ့ စုပ်ယူနိုင်စွမ်းနဲ့ ရွေ့လျားနိုင်စွမ်းကို ပြောင်းလဲစေနိုင်ပါတယ်။ ဂရိတ်ဖရုသီးကြောင့် ဒီလိုဖြစ်စေနိုင်တာ ဆေးအမျိုးပေါင်း ၅၀ ကျော်ရှိပါတယ်။

 

(၂) နွားနို့

နေမကောင်းဖြစ်နေတဲ့အချိန် အားလည်းဖြစ်အောင် ရေအစား နွားနို့လေးနဲ့ ဆေးသောက်လိုက်တယ်ဆိုတာမျိုး မလုပ်ရပါဘူး။ နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ပဋိဇီဝဆေးတွေကို ခန္ဓာကိုယ်ရဲ့စုပ်ယူနိုင်စွမ်းအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နွားနို့မှာပါတဲ့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေ သောက်မယ်ဆို နွားနို့နဲ့ ဝေးဖို့ ဂရုစိုက်ပါ။

 

(၃) ချောကလက်

ချောကလက်ဟာ စိတ်ကိုတည်ငြိမ်စေတဲ့ဆေး ဒါမှမဟုတ် အိပ်ပျော်စေတဲ့ဆေးတွေကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။ သူက စိတ်ကိုလန်းဆန်းစေတဲ့ဆေးတွေအတွက် အာနိသင် ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ နောက်တစ်ချက်က စိတ်ကျရောဂါအတွက် ဆေးသောက်နေရတဲ့သူတွေမှာဆို အဲဒီဆေးနဲ့ချောကလက်ကို တွဲမိတဲ့အခါ အန္တရာယ်အဆင့်ထိ သွေးပေါင်တက်စေနိုင်ပါတယ်။

 

(၄) အရက်၊ဘီယာ

အရက်၊ဘီယာနဲ့ အယ်လ်ကိုဟောပါသမျှတွေဟာ ဆေးဝါးတွေကို အာနိသင်လျော့စေ၊ ပျက်ပြယ်စေနိုင်ပါတယ်။ အထူးသဖြင့် သွေးပေါင်ကျဆေးနဲ့ နှလုံးဆေးတွေအတွက် ပိုဆိုးပါတယ်။ တချို့ဆေးတွေကိုတော့ ရှိသင့်တာထက် အားပိုပြင်းစေတာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

 

(၅) ကော်ဖီ

ကော်ဖီက စိတ်ရောဂါအတွက်သောက်သုံးရတဲ့ဆေးတွေကို အာနိသင်လျော့စေပေမယ့် တခြားဆေးတွေ အတွက်တော့ အာနိသင်ရော၊ဘေးထွက်ဆိုးကျိုးတွေပါ ပိုတိုးစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူဖို့ခက်ခဲစေနိုင်ပါတယ်။

 

အကောင်းဆုံးကတော့ ဆရာဝန်ညွှန်ကြားလိုက်တဲ့အတိုင်း သောက်သုံးပါ

 

ဆရာဝန်က ဆေးပေးလိုက်တယ်ဆို ဒီတိုင်းပဲသောက်လိုက်တာများပါတယ်။ သောက်သင့်တဲ့ အချိန်မမှန်တာ၊ အစားနဲ့နီးသင့်တာ ဝေးသင့်တာတွေ မသိတာတို့ကြောင့် ဆေးအာနိသင်ကို လျော့နည်းစေပါတယ်။

 

ရေးသားသူ -Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်