ဆေးဝါးအတုနှင့် တရားမဝင်ဆေးဝါးများ အများပြည်သူသိရှိရန် အသိပေးနှိုးဆော်

နေပြည်တော် ၂၂ ဇန်နဝါရီ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင် ရန် စနစ်တကျကွပ်ကဲကြပ်မတ်လျက်ရှိပြီး ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေး ဆောင်ရွက်ခဲ့ရာ ဆေးဗူးပေါ်တွင် ဖော်ပြချက်အရ Henan Dekang Pharmaceutical Co., Ltd ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Quinine Dihydrochloride 0.5g/ml ဆေးဝါးသည် ဆေးဝါးအတု(အတု)ဖြစ်ကြောင်း၊ ဆေးဝါးအတု၊ စံမညီဆေးဝါး များကို မှီဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာကုန်ကျသည့်အပြင် မိမိတို့ခံစား နေရသော ရောဂါများပျောက်ကင်းခြင်း(လုံးဝ)မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေ ခံစားရ မည်ဖြစ်သည့်အပြင် အသက်အန္တရာယ်လည်းရှိနိုင်ကြောင်း၊ ဆေးဝါးတင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ် (ethic) အရ လုံးဝ(လုံးဝ)မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈)အရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။

အလားတူ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများကိုစိစစ်ခဲ့ရာ အောက်ဖော်ပြပါ ဆေးဝါး(၁၀)မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများဖြစ်ကြောင်း၊ အများပြည်သူများသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို  ဝယ်ယူသုံးစွဲခြင်း မပြုကြရန် နှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိထားသော ဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက်ဖြင့် ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ထို့အပြင် ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှု ဆောင်ရွက်ပေးသူများအနေဖြင့် မိမိတို့သုံးစွဲနေသည့် ဆေးဝါးများနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိပါက သတင်းပေးပို့ အကြောင်းကြားနိုင်ကြောင်း၊ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါး များကို တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း (လက်လီ/ လက္ကား) လုံးဝမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက အမျိုးသားဆေး ဝါးဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆိုအရေး ယူမည်ဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသိပေးနှိုးဆော်ထားသည်။

 

MDN