ဆီးဂိမ်းအမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်

၂၉ ဇူလိုင်


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။


ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် ဆီးဂိမ်းပြိုင်ပွဲ၏ ဘောလုံးအားကစားနည်းတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် ၁၁ နိုင်ငံစလုံး ယှဉ်ပြိုင်မည်ဖြစ်ကာအမျိုးသမီးပြိုင်ပွဲတွင် ရှစ်သင်းဖြင့် ကျင်းပမည်ဟု ထုတ်ပြန်ထားသည်။ အမျိုးသမီးပြိုင်ပွဲကို ရှစ်သင်းဖြင့် ကျင်းပမည်ဟု ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်ထိ ငါးသင်းသာ စာရင်းပေးသွင်းထားပြီး ထပ်တိုးစာရင်းပေးသွင်းမည့်အသင်းများအပေါ်မူတည်၍ ပြိုင်ပွဲပုံစံ သတ်မှတ်မည်ဖြစ်သည်။ အမျိုးသားပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၉ ရက်၊ အမျိုးသမီးပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ မနီလာနှင့် အခြားမြို့နှစ်ခုတွင် ကျင်းပမည်။


ဖြစ်သည်။ ပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြိုင်ပွဲနှစ်ခုစလုံးတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းကို အုပ်စု (က) နှင့် လက်ရှိချန်ပီယံအသင်းကို အုပ်စု (ခ) တွင် နေရာချကာ ကျန်အသင်းများကို နေရာချထားမည်ဖြစ်ကာ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲရလဒ်များအပေါ်မူတည်၍ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်မည်ဖြစ်သည်။ 


အမျိုးသားဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းက အုပ်စု (က)၊ လက်ရှိချန်ပီယံထိုင်းအသင်းက အုပ်စု (ခ) တွင် ပါဝင်ကာကျန်အသင်းများအနက်Pot-1 တွင် မလေးရှားနှင့် အင်ဒိုနီးရှား၊ Pot-2 တွင် မြန်မာနှင့် စင်ကာပူ၊ Pot-3 တွင် ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ တီမော၊ နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။ အမျိုးသမီးပြိုင်ပွဲတွင်မူ ပြိုင်ပွဲဝင်အသင်းအရေအတွက်အပေါ် မူတည်၍ အုပ်စုခွဲဝေမည်ဖြစ်ပြီး ငါးသင်းသာရှိပါက ပတ်လည်စနစ်ဖြင့် ကျင်းပဖွယ်ရှိပြီး ယင်းထက်အသင်းများမှသာ အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။


မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းက တတိယ၊ အမျိုးသားအသင်းက စတုတ္ထနေရာ ရရှိခဲ့သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်