ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ မေ ၆ ရက်တွင် စတင်ကျင်းပမည်

ရန်ကုန်   မေ   ၅

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဘရူနိုင်းနိုင်ငံမှလွဲ၍ ကျန်အရှေ့တောင်အာရှ ၁၀ နိုင်ငံစလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် လက်ရှိ ချန်ပီယံနှင့် အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တီမော၊ အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် လာအိုအသင်းတို့ ပါဝင် နေသည်။ အုပ်စုပွဲစဉ်များကို မေ ၆ ရက်မှ ၁၆ ရက် အထိ ပြုလုပ်မည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ်အသင်း ပါဝင်သော အုပ်စု (က) ပွဲစဉ်များနှင့် စတင်မည်ဖြစ်သည်။

ပြိုင်ပွဲပထမနေ့အဖြစ် မေ ၆ ရက်တွင် ဖိလစ်ပိုင်နှင့် တီမောအသင်း၊ ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုပထမပွဲကို မေ ၈ ရက်မှသာ ကစားရမည်ဖြစ်ပြီး မေ ၈ ရက်တွင် တီမော အသင်း၊ မေ ၁၀ ရက်တွင် ဖိလစ်ပိုင်အသင်း၊ မေ ၁၃ ရက်တွင် ဗီယက်နမ်အသင်း၊ မေ ၁၅ ရက်တွင် အင်ဒို နီးရှားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

အုပ်စုအနေအထားအရ မြန်မာအသင်းသည် တီမော၊ ဖိလစ်ပိုင်တို့နှင့်ပွဲများတွင် ရမှတ်အပြည့် ရယူထားနိုင်ရန်လိုအပ်ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား တို့နှင့်ပွဲများမှာ ဆီမီးဖိုင်နယ်တက်ရောက်ရေးအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်သည်။ မြန်မာအသင်းအနေဖြင့် တီမော၊ ဖိလစ်ပိုင်တို့နှင့်ပွဲများတွင် အမှတ်ပြည့်မယူနိုင်ပါက ဆီမီးဖိုင်နယ်တက်ရောက်ရန် ပိုမိုခက်ခဲသွား နိုင်ပေသည်။

မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့အစောဆုံးရောက်ရှိနေပြီး မေ ၃ရက် မှစတင်ကာ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ ဆီးဂိမ်းအမျိုးသားဘောလုံး ပြိုင်ပွဲကို မေ ၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MFF