ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့အဖြစ် မြန်မာနှင့် တီမော၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား ယှဉ်ပြိုင်မည်

ရန်ကုန်၊ မေ ၁

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို မေ ၂ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်သည်။ အုပ်စု (က) ဒုတိယနေ့အဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် မြန်မာနှင့်တီမော၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

 

 မြန်မာအသင်းသည် ပထမပွဲ စတင်ကစားရခြင်းဖြစ်သော်လည်း ကျန်သုံးသင်းမှာမူ ဒုတိယပွဲယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အုပ်စု (က) ဒုတိယနေ့တွင် အင်ဒိုနီးရှားပွဲစဉ် မပါဝင်ဘဲ ကျန်လေးသင်း ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် အုပ်စုတွင်း အင်အားအနည်းဆုံး ဖြစ်သည့် တီမောအသင်းနှင့် စတင်ကစားရခြင်းဖြစ်ပြီး အမှတ်ပြည့်အပြင် သွင်းဂိုးများများလည်း သွင်းယူထားနိုင်ရန် လိုအပ်နေသည်။ တီမောအသင်းမှာမူ ပထမပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားကို လေးဂိုးပြတ်အရေးနိမ့်ထားသည်။ အိမ်ရှင်ကမ္ဘောဒီးယားအသင်းမှာမူ ဖိလစ်ပိုင်ကို ထပ်မံအနိုင်ရပါက ဆီမီးဖိုင်နယ်တက်ရောက်ရန် မျှော်လင့်ချက် ပိုအားကောင်းသွား မည်ဖြစ်သည်။

 

ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ - ၂၂ အသင်း ကို နည်းပြချုပ်အဖြစ် ဂျာမနီ နိုင်ငံသားဖိုက်အွန်ဘိုင်နာက ကိုင်တွယ်နေပြီး ပထမဆုံးနိုင်ငံ တကာပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်းလည်း ဖြစ်သည်။ လက်ရှိဖွဲ့စည်းထား သည့် မြန်မာ ယူ-၂၂ အသင်းတွင် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ဖူးသည့် ကစားသမား အနည်းငယ်သာပါဝင်လာသည်။ မြန်မာအသင်းသည် တီမောအသင်းနှင့် ဆီးဂိမ်း ပြိုင်ပွဲသုံးကြိမ်ဆက်တိုက် အုပ်စုအဆင့်တွင် တွေ့ဆုံခြင်းဖြစ်သည်။

 

ရဲရင့်လွင်

ဓာတ်ပုံ-MFF