ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား ယနေ့ ကစားမည်

မေ ၁၂၊ ၂၀၂၂

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းအမျိူးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်များကို မေ ၁၃ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဖိလစ်ပိုင်အသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် တီမောအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ဖိလစ်ပိုင်အသင်းကို သုံးဂိုး-နှစ်ဂိုးတို့ဖြင့် အနိုင်ရထားပြီး နှစ်ပွဲစလုံး သုံးဂိုးစီသွင်းယူနိုင်သော်လည်း ပေးဂိုးများရှိနေသဖြင့် တီမော၊ ဖိလစ်ပိုင်အသင်းထက် ခြေစွမ်းပိုကောင်းသည့် ဗီယက်နမ်နှင့် တွေ့ဆုံရမည်ဖြစ်သောကြောင့် ခံစစ်ပိုင်းကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်မှသာ ရလဒ်ကောင်းရယူနိုင်မည်ဖြစ်သည်။

မြန်မာအသင်းသည် နှစ်ပွဲဆက် အနိုင်ရထားသော်လည်း ဆီမီးဖိုင်နယ်တက်ရောက်ရန် လက်ကျန်နှစ်ပွဲစလုံးမှာ အရေးပါနေသည်။ မြန်မာအသင်းအနေဖြင့် ပွဲကျပ်များမကစားမီ ရသင့်သည့် ရမှတ် ခြောက်မှတ်စလုံး ရယူထားနိုင်သဖြင့် ကျေနပ်စရာကောင်းသော်လည်း ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့်ပွဲများတွင် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။ မြန်မာအသင်းအနေဖြင့် ဗီယက်နမ်နှင့်ပွဲတွင် အနိမ့်ဆုံး သရေ သို့မဟုတ် အနိုင်ကစားနိုင်မှသာ ဆီမီးဖိုင်နယ်တက်ရောက်ရေး မျှော်လင့်ချက်မှာ ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။ ဗီယက်နမ်အသင်းသည် ပထမပွဲတွင် အင်ဒိုနီးရှားကို ဂိုးပြတ်အနိုင်ရသော်လည်း ဖိလစ်ပိုင်နှင့် မထင်မှတ်ဘဲ သရေကျခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် ရုန်းကန်ရမည့်အနေအထားဖြစ်သွားခြင်းဖြစ်သည်။


အုပ်စု (က) တွင် မြန်မာအသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ ဖိလစ်ပိုင်အသင်းက သုံးပွဲကစား လေးမှတ်၊ ဗီယက်နမ်အသင်းက နှစ်ပွဲကစား လေးမှတ်၊ အင်ဒိုနီးရှားအသင်းက နှစ်ပွဲကစား သုံးမှတ်ရထားပြီး တီမောအသင်းက သုံးပွဲကစား သုံးပွဲစလုံး အရေးနိမ့်ကာ အမှတ်မရဘဲ အုပ်စုအဆင့်မှ ထွက်ရန် သေချာသွားပြီဖြစ်သည်။ ထို့ကြောင့် ယနေ့ကစားမည့် နှစ်ပွဲစလုံးမှာ ဆီမီးဖိုင်နယ် တက်ရောက်ရန် အရေးပါနေပြီး အနိုင်ရသည့်အသင်းမှာ ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားမည်ဖြစ်သည်။ ယင်းလေးသင်းအနက် နောက်ဆုံးပွဲကစားရမည့် ဖိလစ်ပိုင်အသင်းမှာမူ အနိုင်ရမှသာ နောက်တစ်ဆင့်တက်နိုင်ရန် ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်ပြီး အရေးနိမ့်ပါက အုပ်စုအဆင့်မှထွက်ရန် သေချာသလောက်ရှိသွားမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MFF