ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးတက်ရေး အရေးပါသည့်ပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ် ယနေ့ ကစားမည်

ရန်ကုန်   မေ   ၁၃

ဆီးဂိမ်းအမျိုးသား ဘောလုံး ပြိုင်ပွဲအုပ်စု(က) ပွဲစဉ်များကို မေ ၁၃ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရေး အရေးပါသည့် နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဖိလစ်ပိုင်အသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ အုပ်စု(က)တွင် မြန်မာအသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ ဖိလစ်ပိုင် အသင်းက သုံးပွဲကစား လေးမှတ်၊ ဗီယက်နမ်အသင်းက နှစ်ပွဲကစား လေးမှတ်၊ အင်ဒိုနီးရှားအသင်းက နှစ်ပွဲကစား သုံးမှတ်ရထားပြီး တီမောအသင်းက သုံးပွဲကစား သုံးပွဲစလုံး အရေးနိမ့်ကာ အမှတ်မရဘဲ အုပ်စုအဆင့်မှ ထွက်ရန် သေချာသွားပြီဖြစ်သည်။

လက်ကျန်နှစ်ပွဲစလုံး အရေးပါ

ထို့ကြောင့် ယနေ့ကစားမည့် နှစ်ပွဲစလုံးမှာ ဆီမီးဖိုင်နယ်တက်ရောက်ရန် အရေးပါနေပြီး အနိုင်ရသည့် အသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားမည်ဖြစ်သည်။ ယင်းလေးသင်း အနက် နောက်ဆုံးပွဲကစားရမည့် ဖိလစ်ပိုင်အသင်းမှာမူ အနိုင်ရမှသာ နောက်တစ်ဆင့်တက်နိုင်ရန် ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်ပြီး အရေးနိမ့်ပါက အုပ်စုအဆင့်မှ ထွက်ရန် သေချာသလောက်ရှိသွား မည်ဖြစ်သည်။ မြန်မာအသင်းသည် နှစ်ပွဲဆက်အနိုင်ရထားသော်လည်း ဆီမီးဖိုင်နယ်တက်ရောက်ရန် လက်ကျန်နှစ်ပွဲစလုံးမှာ အရေးပါနေသည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF