ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို ကစားသမား ၄၅ ဦးဖြင့် ဖွဲ့စည်း

ရန်ကုန် ၉ ဇူလိုင်

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမား ၄၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ 

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၂ အသင်းတွင် ယခင်ဖွဲ့စည်းခဲ့သည့်အသင်းမှ ကစားသမားအများစုပါဝင်လာသလို လူငယ်လိဂ်ပြိုင်ပွဲနှင့် ပထမတန်းပြိုင်ပွဲမှ ကစားသမားအချို့လည်း ရွေးချယ်ခံခဲ့ရသည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ဩဂုတ်လလယ်တွင် စခန်းဝင်လေ့ကျင့်မည်ဖြစ်သော်လည်း ယခုလတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့များ၌ လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ကလပ်အသင်းများတွင် ပုံမှန်ပွဲထွက်ခွင့်မရသည့် ကစားသမားများအတွက် ရည်ရွယ်ကာ ဇူလိုင် ၁၀၊ ၁၇၊ ၂၄၊ ၃၁ ရက်တွင် လေ့ကျင့်သွားမည်ဖြစ်သည်။ နည်းပြချုပ် ပိုပေါ့ဗ်သည် ညနေ ၃ နာရီမှ ၆ နာရီထိ သုံးနာရီကြာ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရန် အချိန်ယူပြင်ဆင်မည်ဖြစ်ပြီး စက်တင်ဘာလဆန်းတွင် နိုင်ငံတကာခြေစမ်းပွဲကစားရန် ဩဂုတ် ၁၉ ရက်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခုဖွဲ့စည်းလိုက်သည့်လူစာရင်းတွင် ပိုပေါ့ဗ်လက်ထက် ပုံမှန်ပါဝင်နေသည့် ကစားသမားများဖြစ်သော ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း၊ စိုးအာကာ၊ ရဲမင်းသူ၊ ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်စသည့် ကစားသမားများ ပါဝင်လာပြီး ထက်လင်းလင်း၊ မင်းမြတ်စိုး၊ ညီညီဖြိုး၊ လွှမ်းမိုးဦး၊ ပြည့်မောင်မောင်၊ မင်းကိုကိုစသည့် ကစားသမားသစ်များလည်း ရွေးချယ်ခံခဲ့ရသည်။ 

မြန်မာ ယူ-၂၂ အသင်းတွင် ဂိုး- ဆန်းဆက်နိုင် (ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်းယူနိုက်တက်)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ နောက်တန်း- ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဇွဲသက်ပိုင်၊  (ရှမ်းယူနိုက်တက်)၊ ဇင်ရဲနောင်၊ ဝေလင်းဖြိုး (အား/ကာသိပ္ပံ)၊ စိုးမိုးကျော် (ဧရာဝတီ)၊ ရဲရင့်အောင်၊ ကျော်သက်ဦး (ရတနာပုံ)၊ သူရိန်စိုး၊ ထူးခန့်လွင် (ရန်ကုန်)၊ သက်ပိုင်ထွေး၊ အောင်ဝဏ္ဏစိုး၊ (ဇွဲကပင်)၊ သီဟစိုးထက် (စစ်ကိုင်း)၊ ဝင်းမိုးကျော်၊ ကျော်သူထွန်း (မကွေး)၊ အလယ်တန်း- လွင်မိုးအောင်၊ နန်းထိုက်ဇော် (ဧရာဝတီ)၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ပြည့်မောင်မောင်၊ ကျော်မိုးနိုင်၊ မင်းမြတ်စိုး၊ ညီညီဖြိုး၊ (အား/ကာသိပ္ပံ)၊ မြတ်ထွန်းသစ်၊ မင်းကိုကို၊ စိုးလွင်လွင်၊ နေမိုးနိုင် (မကွေး)၊  မျိုးမင်းဖြိုး (စစ်ကိုင်း)၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ သက်ပိုင်ထူး(ရှမ်းယူနိုက်တက်)၊ ရဲရင့်အောင်-၂ (ရတနာပုံ)၊ ရှေ့တန်း- ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ မြတ်ကောင်းခန့် (ရတနာပုံ)၊ စအောင်ပြည့်ကို၊ ရွှေကို၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)၊ လွှမ်းမိုးဦး၊ ကောင်းထက်စိုး (ရန်ကုန်)၊ ထက်လင်းလင်း (ဟံသာဝတီ) နှင့် ဇင်မင်းထွန်း (မကွေး) တို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ ဓာတ်ပုံ-စိုးညွန့်