ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း ယနေ့ စတင်လေ့ကျင့်မည်

ရန်ကုန် ၂၂ စက်တင်ဘာ

                           

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စက်တင်ဘာ ၂၃ ရက်တွင် ညနေပိုင်းတွင် စတင်လေ့ကျင့်မည်ဖြစ်သည်။
                         

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တောက်လျှောက်လေ့ကျင့်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်မည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှ ကစားသမားများမှာမူ ဗိုလ်လုပွဲပြီးမှ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် သြဂုတ်နောက်ဆုံးပတ်က စခန်းဝင်လေ့ကျင့်မှုပြုလုပ်ခဲ့သော်လည်း ကလပ်အသင်းများ၏ ရာသီပိတ်နောက်ဆုံးပွဲများ ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသောကြောင့် ထိုင်းခရီးစဉ်အပြီးတွင် လေ့ကျင့်မှု ရပ်နားခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ထိုင်းခြေစမ်းခရီးစဉ် သွားရောက်ကစားခဲ့သည့် ကစားသမားအချို့ကို အပြောင်းအလဲပြုလုပ်ကာ ၃၅ ဦးဖြင့် စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲ ကစားတော့မည်မဟုတ်ဘဲ အောက်တိုဘာမှသာ ပြန်လည်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့၌ လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲ ကစားမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာခြေစမ်းပွဲအချို့လည်း ထပ်မံကစားရန် စီစဉ်ထားကြောင်း သိရသည်။
                           

ပြန်လည်ဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၂ အသင်းတွင် ဂိုး-ဆန်းဆက်နိုင် (ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်း)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒာဦး (မြဝတီ)၊ ဇင်ညီညီအောင်(အား/ကာသိပ္ပံ)၊ နောက်တန်း-ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း (ရှမ်း)၊ အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးအောင် (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ စိုးမိုးကျော် (ဧရာဝတီ)၊ သူရိန်စိုး၊ထူးခန့်လွင် (ရန်ကုန်)၊ ဝင်းမိုးကျော်၊ ကျော်သူထွန်း (မကွေး)၊ အလယ်တန်း-နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်းထွန်း၊ ဇေယျာနိုင် (မကွေး)၊ လွင်မိုးအောင် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ ပြည့်စုံနိုင် (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ ဇွဲသက်ပိုင် (ရှမ်း)၊ ထက်လင်းလင်း၊ ဟိန်းထက်အောင်(ဟံသာဝတီ)၊ ရှေ့တန်း-ထက်ဖြိုးဝေ၊ အောင်ပြည့်ကို (ရှမ်း)၊ အောင်ကောင်းမာန် (ဧရာဝတီ)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)နှင့် သန့်ဇင်မြင့် (အား/ကာသိပ္ပံ) တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ