ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့်

ရန်ကုန်   မေ   ၉

 မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မေ ၇ ရက်မှ စတင်ကာ ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

မြန်မာအမျိုးသမီးအသင်းသည် တောင်ကိုရီးယား ခြေစမ်းခရီးစဉ်မှ မေ ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး မေ ၇ ရက်မှစတင်ကာ လေ့ကျင့်မှုများပြုလုပ်နေခြင်းဖြစ်သည်။ အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင် သွားရောက်ကစားနေသည့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမှာလည်း မြန်မာ အမျိုးသမီးအသင်း ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် အသင်းနှင့်စတင်ပူးပေါင်းလျက်ရှိပြီး ပြိုင်ပွဲဝင်ရန် အသင့်အနေအထားရှိနေပြီဖြစ်သည်။

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၈ ရက်က ပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးတင်မြင့်အောင် အပါအဝင် ထိုင်း၊ စင်ကာပူ၊ လာအို အသင်းများမှ နည်းပြချုပ်များ တက်ရောက်ခဲ့သည်။ မြန်မာအသင်းနည်းပြချုပ် ဦးတင်မြင့်အောင်က “ဆီးဂိမ်းပြိုင်ပွဲအတွက် အာရှဖလားပြိုင်ပွဲပြီးကတည်းက ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ချိန် လုံလောက်မှုရှိပါတယ်။ ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲက အားနည်းချက်၊ အားသာချက်တွေ အပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒီပြိုင်ပွဲမှာ အဓိကပြိုင်ဘက်ကတော့ အိမ်ရှင်ဗီယက်နမ်အပါအဝင် ထိုင်းနဲ့ ဖိလစ်ပိုင်ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းတိုင်းမှာ ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေးလည်းရှိပါတယ်။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားဖို့ပဲ လိုတာပါ”ဟု ပြောသည်။

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲကို မေ ၉ ရက်(ယနေ့) စတင်မည်ဖြစ်ပြီး ဖိလစ်ပိုင်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု(ခ)ပွဲစဉ်များကို မေ ၁၀ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF