ဆီးဂိမ်းပြိုင်ပွဲ၌ အောင်မြင်မှုရရှိရန် ကမ္ဘာ့ကရာတေးကလပ်မှ စပိန်နည်းပြ လေ့ကျင့်ပေးမည်

ရန်ကုန် ၁၄ စက်တင်ဘာ 


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အောင်မြင်မှုများရရှိရန် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်မှ လက်ရွေးစင်ကစားသမားများအား စပိန်နိုင်ငံရှိ ကမ္ဘာ့ကရာတေးကလပ်မှ နည်းပြဆရာက လေ့ကျင့်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။   


“ကျွန်တော်တို့ ဆီးဂိမ်းပြိုင်ပွဲအတွက် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးခြောက်ဦး ရွေးချယ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ဒီလနောက်ဆုံးအပတ်မှာ စပိန်နည်းပြဆရာနဲ့  ကရာတေးလေ့ကျင့် ဆွေးနွေးမှု ပြုလုပ်မယ်။ ဒါ့ပြင် အောက်တိုဘာမှာ ဂျပန်နိုင်ငံက ကစားသမားများနဲ့ ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်သွားပြီး တတိယအပတ်မှာ ဂျပန် ဖလားပြိုင်ပွဲမှာ လက်ရွေးစင်များနဲ့ လက်ရည်စမ်းသွားမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ကျော်မိုးက ပြောသည်။     


“အခုလက်ရွေးစင်ကစားသမားများ တနဂငေ်္နွမှအပ တစ်နေ့နံနက်တစ်ကြိမ် ညနေတစ်ကြိမ် လေ့ကျင့်လျက်ရှိပါတယ်။ ဆီးဂိမ်းမှာ ရွှေတံဆိပ်ရရင် အဖွဲ့ချုပ်အနေနဲ့ ဆုကြေးပေးဖို့မရှိပေမယ့် နိုင်ငံတော်က ချီးမြှင့်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။              


မြန်မာ့လက်ရွေးစင် ကရာတေးကစားသမားများသည် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး "ခတ'' တစ်ဦးချင်း အသင်းလိုက်နှင့် "ကုမိတဲ့'' အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ်မျှော်မှန်ထားကြောင်း သိရသည်။


အေကေလင်း