ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း စက်တင်ဘာမှစတင်ကာ နိုင်ငံတကာခြေစမ်းပွဲများ ကစားမည်

ရန်ကုန် ၂၃ ဇူလိုင်

 


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာမှစတင်ကာ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် သြဂုတ် ၁၉ ရက်တွင် စခန်းဝင်လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်ပြီး ကစားသမားသစ်များ၏ ခြေစွမ်းကိုစမ်းသပ်ရန် ယခုလအတွင်း သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြပြီး အလားအလာရှိသည့် ကစားသမား ၃၀ ကျော်ကို စမ်းသပ်လေ့ကျင့်ပေးလျက်ရှိသည်။ ယခုလအတွင်း လေ့ကျင့်ပေးနေသည့် ကစားသမားသစ်များအနက် အလားအလာရှိသည့် ကစားသမားများနှင့် ယခင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည့် ကစားသမားများကို ပြန်လည်ပေါင်းစပ်ကာ ပဏာမလူစာရင်းကို သြဂုတ်လဆန်းတွင် ထုတ်ပြန်မည်ဖြစ်သည်။ 

 


စက်တင်ဘာမှစတင်ကာ နိုင်ငံတကာခြေစမ်းပွဲများ ကစားမည်ဖြစ်ပြီး အောက်တိုဘာတွင် ကာတာနိုင်ငံသို့ သွားရောက်ကာ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။ ယင်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲကစားမည်ဖြစ်ပြီး ကာတာ ယူ-၂၂ အသင်းနှင့်လည်း ခြေစမ်းပွဲကစားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ယခုနှစ်အတွင်းယှဉ်ပြိုင်ခဲ့သည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ဖွဲ့စည်းမည်ဖြစ်သည်။

 


မတ်လက ယှဉ်ပြိုင်ခဲ့သည့် အာရှ ယူ-၂၃ ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်း၊ ဗီယက်နမ် ယူ-၂၂ အသင်းတို့နှင့် ခြေစမ်းပွဲကစားရန် မေနောက်ဆုံးပတ်မှ ဇွန် ၇ ရက်အထိ ကာလတိုလေ့ကျင့်ပြင်ဆင်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရန် သုံးလအချိန်ယူပြင်ဆင်မည်ဖြစ်ပြီး သုံးလအတွင်း နိုင်ငံတကာခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်ကာ အာဆီယံဒေသတွင်းအသင်းများအပြင် အာရှအသင်းများနှင့်လည်း ခြေစမ်းမည်ဖြစ်သည်။

 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်