ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထဆိုးများ

၅ ဇန်နဝါရီ

 

ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာမဟုတ်ပဲ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင်သည် ကျန်းမာရေးကောင်းလိုလျှင် ကောင်းမွန်သော အလေ့အထများကို ပြုလုပ်ပြီး ကျန်းမာရေးကောင်းစေရန် အားထုတ်ရန် လိုအပ်ပါသည်။ အောက်ပါတို့သည် ဆီးချိုရောဂါကို ပိုဆိုးစေသော အလေ့အထများ၊ အကျင့်များ ဖြစ်ပါသည်။

 

သကြားပါသောအချိုရည်များကို များစွာသောက်ခြင်း

 

အချိုရည်များကို အထိန်းအကွပ်မရှိပဲသောက်ခြင်းသည် ဆီးချိုရောဂါကို ဖြစ်စေပါသည်။ လူအများစုသည် ဖျော်ရည်များသည် ကျန်းမာရေးအတွက် ကောင်းစေသည်ဟု အထင်မှားနေကြသည်။ လက်တွေ့တွင်မူ အချိုရည်ထဲတွင် သကြားဓါတ်များစွာပါဝင်ပါသည်။ ရေငတ်လျှင် ရေသောက်ခြင်း၊ သကြားမပါဝင်သော လက်ဘက်ရည်၊ ကော်ဖီ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

 

အထိုင်များခြင်း

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်အနှစ်နှစ်ဆယ်တွင် အာရှနိုင်ငံများတွင် ဆီးချိုဖြစ်ပွားနှုန်း ၉၀% တက်လာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ဆယ်နှစ်အတွင်းတွင် ဗီယက်နမ်နိုင်ငံတွင် ဆီးချိုဖြစ်နှုန်း ၂ ဆ တက်လာပါသည်။ လူများသည် ကိုယ်လက်လှုပ်ရှားမှု နည်းလာသောကြောင့် အဝလွန်ခြင်းများ ဖြစ်လာနိုင်ချေ များလာပါသည်။

 

ညဘက် ညည့်နက်စွာနေခြင်း

 

တစ်နေ့လျှင် ၆ နာရီထက်ပို၍မအိပ်လျှင် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များကို အနှောင့်အယှက် ဖြစ်စေပါသည်။ ထို့ကြောင့် သင့်ဆီးချိုရောဂါကို ထိန်းချုပ်ရခက်ပါလိမ့်မည်။ အိပ်မပျော်ခြင်းသည် ဗိုက်ဆာစေသော ဟော်မုန်းကို ထွက်စေသောကြောင့် သင့်ကို ကိုယ်အလေးချိန်တက်စေပါသည်။ ထို့ကြောင့် ပုံမှန်အိပ်ရန် အရေးကြီးပါသည်။

 

မနက်စာမစားခြင်း

 

အလုပ်ရှုပ်သောကြောင့် သင်သည် မနက်စာ မစားရသည့်နေ့များ ရှိနိုင်ပါသည်။ မနက်စာသည် တစ်နေ့တာတွင် အရေးအကြီးဆုံး အစားအစာဖြစ်ပါသည်။ ၎င်းသည် သင့်ကို တစ်နေ့တာလုံးအတွက် စွမ်းအင်များပေးပါလိမ့်မည်။ မနက်စာလွတ်ခြင်းသည် သင့်ကို အချိန်အများကြီး မသက်သာစေပါ။ ထိုအရာသည် သင့်ကို ဆီးချိုရောဂါဖြစ်ရန် အကြောင်းဖြစ်လာနိုင်ပါသည်။ နေ့လယ်စာ မတိုင်ခင်အထိ ဗိုက်ဆာနေခြင်းသည် ခန္ဓာကိုယ်တွင် ပြောင်းလဲခြင်းများကို ဖြစ်စေပြီး အင်ဆူလင်ထွက်ခြင်းကို နှောင့်ယှက်ပြီး သကြားဓာတ်ကို တက်စေသည်။

 

ညဘက် အဆာပြေစားခြင်း

 

ညစာစားပြီးနောက် အဆာပြေမုန့်များ ထပ်စားခြင်းသည် ဆီးချိုလူနာများအတွက် တားမြစ်ရမည့် အရာဖြစ်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော အဆာပြေမုန့်များသည် ကိုယ်အလေးချိန်ကို တက်စေပြီး ညဘက်အစားစားခြင်းသည် သွေးထဲရှိ သကြားဓာတ်ကို တက်စေသည်။ ညစာစားပြီး ထပ်စားလိုလျှင် သစ်သီးအနည်းငယ်ကို သာစားပါ။

 

ရေးသားသူ Dr. Su Sandy

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်