ဆီးချိုသွေးချိုအန္တရာယ် ကာကွယ်ဖို့

ကိုယ်တိုင်သိရှိဆင်ခြင်စို့ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းသည် ကမ္ဘာ့နိုင်ငံများတွင်ရော မြန်မာနိုင်ငံ၌ပါ မြင့်တက်လျက်ရှိသည်ဟု သိရသည်။ ဆီးချိုသွေးချိုရောဂါသည် ကူးစက်ပြန့်ပွားနိုင်သည့် ရောဂါမဟုတ်သည့် နာတာရှည်ရောဂါမျိုးဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ လာမည့် ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးသော ရောဂါများအနက် နံပါတ် ၇ နေရာသို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော စစ်တမ်းအရ  အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်း  ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်း လူ ၁၀၀ လျှင်  ၁၀ ဒသမ ၅ ဦးခန့်ရှိနေရာ  မြန်မာ နိုင်ငံလူဦးရေအနက် လူ ၂ ဒသမ ၅ သန်းခန့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားလျက်ရှိသည်ဟု ခန့်မှန်းထားသည်။ ယင်းဖြစ်ပွားနှုန်းသည်  အိမ်နီးချင်းနိုင်ငံများထက်  ပိုမိုများပြားနေခြင်းကြောင့် နိုင်ငံသူနိုင်ငံသားများ ဆီးချိုသွေးချိုရောဂါဆိုင်ရာ အသိပညာများ ပိုမိုသိရှိရန်လိုအပ်ပြီး ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးအတွက် နေ့စဉ်ဘဝနေထိုင်မှု ပုံစံများကို ပြုပြင်ပြောင်းလဲ ကြရန်လည်းလိုအပ်သည်။

 

ဆီးချိုသွေးချိုရောဂါ အပါအဝင် နှလုံးသွေးကြောရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ကင်ဆာရောဂါ စသည်တို့မှာ မကူးစက်နိုင်သော ရောဂါများဖြစ်ပြီး ကျန်းမာရေးနှင့် မညီညွတ်သော လူနေမှုဘဝပုံစံများကြောင့် ဖြစ်ပေါ်လာသည့် နာတာရှည် ရောဂါများဖြစ်သည်ဟု ကျန်းမာရေး ပညာရှင်များကဆိုသည်။ ဆေးလိပ်၊ အရက်၊ ဆေးရွက်ကြီးသုံးစွဲခြင်း၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ စားသုံးမှုနည်းပါးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်း အဆီများခြင်း၊ သွေးတိုးရောဂါဖြစ်ပွားခြင်း၊ ဆီးချိုသွေးချိုဖြစ်ပွားခြင်း စသည့် အကြောင်းအရာ များကြောင့် အထက်ဖော်ပြပါ မကူးစက်တတ်သောရောဂါများ ဖြစ်ပေါ်လာရသည်။ ၂၀၂၁ ခုနှစ်အတွင်းက ကမ္ဘာတစ်ဝန်းတွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနေသူ ၅၃၇ သန်း ရှိနေပြီး ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနေသူများ၏ ထက်ဝက်ခန့်မှာ မိမိတို့တွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနေသည်ကို မသိရှိကြဟု ဆိုသည်။ ဆီးချို‌ရောဂါကြောင့် သေဆုံးမှုမှာ နှစ်စဉ်မြင့်တက်လျက်ရှိရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပိုမိုများပြားနေသည်ဟုလည်း သိရသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်တမ်းအရ ကနဦးဆီးချိုအဆင့် ရှိသူ ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိနေပြီး ၎င်းတို့သည် ဆက်လက်၍ ဆီးချိုရောဂါ ဝေဒနာရှင်အဖြစ် ရောက်ရှိလာကာ နောက်ဆက်တွဲ ရောဂါများ ဖြစ်နိုင်ခြေလည်း အလွန်များပြားသည်။ ဆီးချိုသွေးချို၏ နောက်ဆက်တွဲရောဂါများအဖြစ် ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိမြင်လွှာထိခိုက်၍ မျက်စိကွယ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ခြေထောက်ပုပ်ခြင်းတို့အပြင် ကင်ဆာရောဂါများလည်း ပိုမို၍ဖြစ်နိုင်ခြေများပြီး ဆီးချိုသွေးချိုရောဂါရှင် ၁၀ ဦးလျှင် ရှစ်ဦးမှာ နှလုံးသွေးကြော ရောဂါများ ဖြစ်ပေါ်လာနိုင်သည်။ ဆီးချိုသွေးချို ရောဂါရှိသူများသည် သွေးချိုဓာတ်ကို ပုံမှန်စစ်ဆေးပြီး မှတ်တမ်းပြုလုပ်ထားရန်၊ မျက်စိကိုအနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်စစ်ဆေးရန်၊ ကျောက်ကပ်ထိခိုက်မှုကို စောစီးစွာဖော်ထုတ်နိုင်ရန်အတွက် ဆီးတွင်အသားဓာတ်ပါဝင်မှုကို ခြောက်လတစ်ကြိမ်စစ်ဆေးရန်၊ သွေးတွင်းအဆီဓာတ်ကို ခြောက်လတစ်ကြိမ် စစ်ဆေးရန်၊ ခြေထောက်နှင့် ခြေဖဝါးများကို နေ့စဉ်ကြည့်ရှုစစ်ဆေးရန်၊ သွေးပေါင်နှင့်နှလုံးတို့ကို ပုံမှန်စစ်ဆေးရန်၊ သွေးချိုဓာတ်၊ သွေးတိုးရောဂါနှင့် သွေးတွင်းအဆီဓာတ်များကို ဆရာဝန်နှင့် ပုံမှန်ပြသ၍ ကုသမှု ခံယူရန်လိုသည်။

 

ဆီးချိုသွေးချိုရောဂါသည် အမြစ်ပြတ်အောင် ကုသ၍မရသော်လည်း ဆရာဝန်နှင့်ပြသ၍ သွေးချိုမှန်မှန် စစ်ဆေးရန်လိုသည်။ ဆီးချိုသွေးချိုရောဂါရှိသူများ ရှောင်ရန်ဆောင်ရန် အချက်များနှင့်အညီ စနစ်တကျ နေထိုင်စားသောက်ပြီး ကျွမ်းကျင်သူများနှင့် ဆေးကုသမှုခံယူခြင်းဖြင့် သက်တမ်းစေ့ နေထိုင်နိုင်ကြပါစေရန် ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ကျရောက်သော ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့၏ ‘‘ဆီးချို သွေးချိုအန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိဆင်ခြင်စို့” ဆောင်ပုဒ် နှင့်အညီ တိုက်တွန်းဆော်ဩလိုက်ရပါကြောင်း။

 

မြန်မာ့အလင်း