ဆီကြမ်းမှသည် ဆီသန့်ဆီချောဆီသို့

အိအိချော (CTQM)

မြန်မာနိုင်ငံတွင် ဟင်းချက်ဆီအဖြစ်အသုံးပြုသော ဆီအမျိုးအမည်များမှာ မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီ၊ သံလွင်ဆီနှင့် ရောနှောဆီများဖြစ်ကြသည်။ အချို့သော စားသုံးဆီများကို ပြည်တွင်း၌ပင်ထုတ်လုပ်ပြီး အချို့ကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းကြရပါသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးသည် အပင်ထွက်ဆီများသာ (Vegetable Oils) ဖြစ်ကြပါသည်။

အပင်ထွက်ဆီများဟုဆိုရာ၌ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်တို့ကဲ့သို့သော အစေ့အဆန်များ (Oleaginous Seeds)၊ သံလွင်သီး၊ ဆီအုန်းသီး ကဲ့သို့သောအသီးပိုင်း (Oleaginous Fruits)နှင့် ဖွဲနုကဲ့သို့သော ဘေးထွက်ပစ္စည်း (byproducts) များကို ၎င်းတို့၏ စုစုပေါင်းဆီပါဝင်မှုရာခိုင်နှုန်း (Total Oil Content) အပေါ်မူတည်၍ စက်ကိရိယာသုံးပြီး ဆီထုတ်ယူသောနည်း (Mechanical Expelling)ဖြင့်ဖြစ်စေ၊ ဓာတုဖျော်ရည်များကိုအသုံးပြုပြီး ဆီထုတ်ယူသောနည်း (Solvent Extraction) ဖြင့်ဖြစ်စေ ထုတ်ယူရရှိသောဆီကို ဆိုလိုခြင်းဖြစ်သည်။ အဆိုပါနည်းလမ်းများဖြင့် ရရှိလာသောဆီများကို ၎င်းတို့၏ ထုတ်လုပ်မှုနည်းစဉ်ပေါ်မူတည်ပြီး ဆီရိုင်း (Extra-Virgin or Virgin Oil) ဟူ၍တစ်မျိုး၊ အအေးနည်းဖြင့် ကြိတ်ခွဲရရှိသောဆီ (Cold Pressed Oil) ဟူ၍ တစ်သွယ်၊ ဆီကြမ်း(Crude Oil)ဟူ၍ တစ်ဖုံစသည်ဖြင့် အမျိုးအမည်ခွဲခြားထားကြပါသည်။

ဓာတုဖျော်ရည်များကို သုံးစွဲခြင်းမပြု

ယေဘုယျအားဖြင့် ဆီထွက်ပင်ရင်းများဖြစ်သော အသီးနှင့်အစေ့တို့သည် ဆီပါဝင်မှု ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းအထက်ရှိပြီး အပြစ်အနာအဆာကင်းကာ လတ်ဆတ်မှုမြင့်မားနေမည်ဆိုလျှင် ၎င်းကိုကြိတ်ချေဖိညှစ်၍ ရရှိလာသည့် ဆီမျိုးကို Extra-Virgin Cold Pressed Oil ဟု အထူးပြုအမည်သတ်မှတ်ကြပါသည်။ ဆီထွက်ပင်ရင်း၏ အရည်အသွေးအနည်းငယ်နိမ့်ပါက Virgin Cold Pressed Oil ဟု အမည်တပ်နိုင်ပါသည်။ ခြွင်းချက်အနေဖြင့် ၎င်းတို့ကိုထုတ်လုပ်သည့် နည်းစဉ် (Process) တစ်လျှောက်တွင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အောက်၌သာရှိရမည်ဖြစ်ပြီး မည်သည့်ဓာတုဖျော်ရည်များကိုမျှ သုံးစွဲခြင်းမပြုသင့်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ဆီပါဝင်မှုရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းအောက်ရှိသော ဆီထွက်ပင်ရင်းများကိုမူ ကြိတ်ချေခြင်းနည်းစဉ်အစား ဓာတုဖျော်ရည်များဖြင့်စိမ်၍ ဆီကိုထုတ်ယူရပါသည်။ ထွက်ရှိလာ သောဆီသည် ဓာတုဖျော်ရည်များနှင့် ရောနှောနေသည့် ဆီရော (Miscella) ဖြစ်နေခြင်းကြောင့် အပူပေးခြင်းဖြင့် ဓာတုဖျော်ရည်များကို အငွေ့ပျံစေကာ ဆီကိုသာကျန်ရှိစေခြင်းဖြင့် ဆီကြမ်း (Crude Oil) ကို ရရှိစေသည်။

စားသောက်ကုန်ပစ္စည်းတိုင်း၌ အရည်အသွေးသုံးမျိုးရှိ

စားသုံးဆီအပါအဝင် စားသောက်ကုန်ပစ္စည်းတိုင်း၌ အရောင်၊ အနံ့နှင့်အရသာဟူ၍ အဓိကအရည်အသွေးသုံးမျိုးရှိပါသည်။ စားသုံးဆီသည် ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုကို အသုံးပြု၍ရရှိလာ သော အစားအစာ (Processed Food) ဖြစ်သောကြောင့် မူလဆီထွက်ပင်ရင်း၏ စားချင့်စဖွယ် ပင်ကိုအရည်အသွေးများဖြစ်သော အရောင်၊ အနံ့နှင့် အရသာတို့ ကျန်ရှိနေနိုင်သည့် ဆီရိုင်း (Extra-Virgin and Virgin Cold Pressed Oil)ကို သဘာဝ အရသာအတိုင်း တိုက်ရိုက်စားသုံးနိုင်သော်လည်း ပင်ကိုအရည်အသွေးပျက်စီးနေသော ဆီအပါအဝင် ဆီကြမ်းများကို တိုက်ရိုက်စားသုံးရန်မသင့်ပေ။ စားချင့်စဖွယ်မရှိသော အရောင်၊ အနံ့နှင့် အရသာတို့အပြင် အချဉ်ဓာတ်နှင့် ရေငွေ့ပါဝင်မှုများနေသော ဆီနှင့်ဆီကြမ်းများကို ပြန်လည်သန့်စင်ခြင်း(Refining) အဆင့်ဆင့်ဆောင်ရွက်ပြီးမှသာ ဆီသန့်အဖြစ် စားသုံးသင့်ပါသည်။

ဟင်းသီးဟင်းရွက်ဆီများ၏ ဓာတုဗေဒဖွဲ့စည်းမှုကို လေ့လာမည်ဆိုလျှင် ဖက်တီးအက်စစ် (Fatty Acid) နှင့် ဂလစ်စရော (Glycerol)တို့ ပေါင်းစပ်ထားသည့် ထရိုင်ဂလစ်စရိုက် (Triglyceride)သည် အဓိကပါဝင်ပြီးဆီ ၁၀၀ ဂရမ်တွင် ၉၈ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းထိ ပါဝင်နေပါသည်။ ကျန်သော တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းထိပါဝင်နေသော အရာများမှာ ဆီနှင့်တူသော အကျိအချွဲများ (Pho-spholipids and Lipids)၊ ဖယောင်းများ(Waxes)၊ ရောင်ခြယ်ပစ္စည်းများ (Pigments and Carote-noids)၊ အပင်ဆိုင်ရာစတီရောများ (Phytosterols)၊ ဗီတာမင်အီးအုပ်စုဝင်များ (Tocopherols) စသည့် သဘာဝအတိုင်း ပေါင်းစပ်နေသောအရာများ (Natural Components)အပြင် ဓာတ်တိုးပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်ဖြစ်စေ၊ ထုတ်လုပ်မှုဖြစ်စဉ်များကြောင့် ဖြစ်စေ ပါဝင်လာရသောညစ်ညမ်းပစ္စည်းများ (Chemical Pollu-tants) စသည်တို့ဖြစ်ပါသည်။ အဆိုပါတစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိ ပါဝင်နေသည့် အရာများထဲမှ အချို့သောအရာများက လူတို့၏ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူပြုသကဲ့သို့ အချို့ကဆီကဲ့သို့ အသွင်သဏ္ဌာန်တူပြီး စားသုံးရန်မသင့်လျော်သော၊ ဆီ၏အရည်အသွေးနှင့် အထားခံနိုင်မှုတို့ကို ကျဆင်းစေသော ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားကြပါသည်။

အစားအစာဘေးကင်းမှုကို ဆောင်ရွက်လာ

ယနေ့ခေတ်ကာလတွင် တိုးတက်လာသော သတင်းအချက်အလက်နည်းပညာနှင့် ဂလိုဘယ်လိုက်ဇေးရှင်းတို့၏ အကျိုးဆက်များကြောင့် စားသောက်ကုန်များကို ဆာလောင်မှုပြေပျောက်စေရန်နှင့် ခန္ဓာကိုယ်အာဟာရဖြစ်စေရန် စားသောက်ကြရာ၌ အစားအစာဘေးကင်းလုံခြုံရေးအတွက် ပါထည့်သွင်းစဉ်းစားလာကြပြီဖြစ်ပါသည်။ ထို့ကြောင့်ပင် စားသုံးသူများသာမက ထုတ်လုပ်သူများကလည်း အစားအစာဘေးကင်းလုံခြုံမှုဖြစ်စေရန် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် အရည်အသွေးသတ်မှတ်ချက်များကိုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လာကြပြီ ဖြစ်ပါသည်။

သို့ဖြစ်ရာ စားသုံးသူများအပါအဝင် စားသုံးဆီထုတ်လုပ်ငန်းရှင်များက စားသုံးဆီ၏ ယေဘုယျအရည်အသွေးသတ်မှတ်ချက်ဖြစ်သော ‘‘စားသုံးဆီသည် စားသုံးသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို အဆိပ်အတောက်မဖြစ်စေဘဲ အရသာရှိ၍ ခံတွင်းတွေ့စေပြီး အာဟာရဓာတ်နှင့် ပြည့်စုံစေရမည်’’ ဟူသည့်အချက်ကို ရှင်းရှင်းလင်းလင်းသိရှိနားလည်ရန် လိုအပ်သကဲ့သို့ စားသုံးဆီတွင် သဘာဝအရည်အသွေးအာနိသင်များမှလွဲ၍ ဆီနှင့်တူသော အကျိအချွဲများကင်းစင်ပြီး မကောင်းသော အနံ့နှင့် အရောင်များမပါဝင်စေရုံသာမက ညစ်ညမ်း ပစ္စည်းပါဝင်မှုကင်းရှင်းစေရန် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

စားသုံးဆီတွင် မလိုလားအပ်သောညစ်ညမ်းပစ္စည်းများ၊ ဆီအရည်အသွေးကို ကျဆင်းစေနိုင်သော ဒြပ်ပေါင်းများနှင့် ဆီ၏ အထားခံနိုင်မှုသက်တမ်းကို ဟန့်တားနိုင်သည့်အရာများကို ဖယ်ရှားနိုင်မှသာ စားသုံးဆီဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီနိုင်မည်ဖြစ်ပါသည်။ ယင်းတို့ကိုဖယ်ရှားနိုင်ရန်အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ နည်းစဉ်များကို စားသုံးဆီ ပြန်လည်သန့်စင်ခြင်းနည်းစဉ်များ (Refining Process) ဟုခေါ်ပါသည်။ ၎င်းနည်းစဉ်များကို ဆီထွက်ပင်ရင်းမှ ဆီကြမ်းထုတ်ယူပြီး နောက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ရန်ဖြစ်သည်။

စားသုံးဆီသန့်စင်ခြင်းနည်းစဉ် နှစ်မျိုးခွဲခြားထား

စားသုံးဆီ ပြန်လည်သန့်စင်ခြင်းနည်းစဉ်များ (Refining Process) ကို ဓာတုနည်းဖြင့် ပြန်လည်သန့်စင်ခြင်း (Chemical Refining) နှင့် ရူပနည်းဖြင့် ပြန်လည်သန့်စင်ခြင်း (Physical Refining) ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။ ဓာတုနည်းဖြင့် ပြန်လည်သန့်စင်ခြင်းနည်းစဉ်တွင် ဆီစစ်ခြင်း (Filtration)၊ အချွဲချွတ်ခြင်း (Degumming)၊ အချဉ်ချွတ်ခြင်း (Deacidification)၊ အရောင်ချွတ်ခြင်း (Bleaching)၊ ဖယောင်းစစ်ခြင်း(Dewaxing)၊ အနံ့ချွတ်ခြင်း (Deodourizing) နှင့် အအေးခံဖယောင်းစစ်ခြင်း (Wintering)တို့ပါဝင်ပါသည်။ ရူပနည်းဖြင့် ပြန်လည်သန့်စင်ခြင်းနည်းစဉ်တွင်ပါဝင်သော အဆင့်တိုင်းသည် ဓာတုနည်းတွင်ပါဝင်သော နည်းစဉ်အဆင့်များနှင့် တူညီသော်လည်း အချဉ်ချွတ်ခြင်းအဆင့်ကိုမူ ရေနွေးငွေ့ (Steam) ဖြင့်သာ ဆောင်ရွက်လေ့ရှိပါသည်။

အထက်ပါအတိုင်း မည်သည့်နည်းဖြင့် ပြန်လည်သန့်စင်ခြင်းမဆို ဆီကြမ်းအရည်အသွေးမှသည် ဆီချောအရည်အသွေးဖြစ်လာစေရန် ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်၊၊ ဆီကြမ်းရှိမြင့်မားစွာဝင်သော အချဉ်ဓာတ်ကိန်းပမာဏကို လျော့ကျသွားစေပြီး အရောင်နှင့်အနံ့ ပိုမိုကောင်းမွန်လာကာ ဆီအထား ခံနိုင်မှု ပိုမိုကြာရှည်လာစေခြင်းများသည် စားသုံးဆီကို ပြန်လည်သန့်စင်ထားသော အကျိုးဆက်များပင်ဖြစ်ပါသည်။ ထို့အပြင် ညစ်ညမ်းပစ္စည်းပါဝင်မှု (ဥပမာ- မှိုဆိပ်နှင့် ပိုးသတ်ဆေးဓာတ်ကြွင်း)တို့ကိုလည်း လျော့နည်းနိုင်သမျှ လျော့နည်းစေနိုင်သောကြောင့် အစားအစာ ဘေးကင်းလုံခြုံမှုကိုလည်း မြင့်မားလာစေနိုင်ပါသည်။

ပြည်ပမှတင်သွင်းသော စားသုံးဆီများ၏ အထားခံနိုင်မှုကို နှစ်နှစ်အာမခံပေး

မြန်မာနိုင်ငံအတွင်းရှိ စားသုံးဆီဈေးကွက်တွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့၌ ပြည်ပမှတင်သွင်းလာသော စားသုံးဆီများ၏ အထားခံနိုင်မှုသက်တမ်းကို နှစ်နှစ်အာမခံပေးကြောင်း တွေ့ရှိ ရမည်ဖြစ်ပါသည်။ လက်တွေ့အားဖြင့် ပြည်ပမှတင်သွင်းလာသော နေကြာဆီနှင့် ပဲပုပ်ဆီများကို စည်ပင်သာယာဈေးမှဝယ်ယူ၍ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ထုတ်လုပ်သည့်ရက်စွဲမှသည် စစ်ဆေးချိန် (တစ်နှစ်တာကာလ)အထိ ဆီသားပျက်စီးမှုမရှိကြောင်း တွေ့ရပါသည်။ ထို့ပြင် ဆီအရည်အသွေးကောင်းမွန်မှု ရှိ/မရှိကို ဆုံးဖြတ်နိုင်သည့် အဆီအက်စစ်လွတ်ပါဝင်မှု ရာခိုင်နှုန်း (FreeFatty Acid Content) စစ်ဆေးချက်ဆိုင်ရာ ကိန်းဂဏန်းတန်ဖိုးများသည်လည်း နိုင်ငံတကာ စံချိန်စံညွှန်းတစ်ခုဖြစ်သော Codex Standard အတွင်းရှိနေသည်ကို တွေ့ရှိရပါသည်။ ယင်းဆီများ သည် ၁၀၀ ရာခိုင်နှုန်းသန့်စင်ပြီးသော စားသုံးဆီသန့်များ ဖြစ်ကြပါသည်။

ပြည်တွင်းဈေးကွက်တွင် ပြည်တွင်းထုတ် ပဲပုပ်ဆီ၊ နေကြာဆီတို့ကို အမှတ်တံဆိပ်ကပ်၍ ရောင်းချခြင်းမရှိဘဲ ဒေသသုံးအဖြစ် တစ်ပိုင်တစ်နိုင်သာ ထုတ်လုပ်နေကြရာမှ အွန်လိုင်းဈေးကွက် ခေတ်စားလာချိန်၌ နေကြာဆီကို ယင်းဈေးကွက်မှ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေကြောင်း တွေ့ရှိလာရပါသည်။ အွန်လိုင်းဈေးကွက်မှ ရောင်းချသောနေကြာဆီများတွင် ကိုယ်ပိုင်တံဆိပ်ပါရှိသော်လည်း ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်မည့်ရက်စွဲတို့ကို ဖော်ပြထားခြင်းမရှိသည့်အပြင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA) ၏ ထောက်ခံချက်မပါရှိကြောင်း တွေ့ရှိရပါသည်၊၊ ၎င်းကိုဓာတ်ခွဲခန်းတွင်  စစ်ဆေးချိန်၌ ဆီသား ပျက်စီးမှုမရှိသော်လည်း ဆီအရောင်ရင့်ပြီး ဆီသားပျစ်ကာစူးရှသောရနံ့ကို ခံစားရပါသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ အရောင်ချွတ်ခြင်း၊ အနံ့ချွတ်ခြင်း၊ အချွဲချွတ်ခြင်းနှင့် အအေးခံဖယောင်းချတို့ကို လုံလောက်စွာ ဆောင်ရွက်ထားခြင်းမရှိကြောင်း သုံးသပ်တွေ့ရှိရသည်။

ပြည်တွင်းထုတ်လုပ်မှု အရည်အသွေးမြင့်လာ

မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ တိုးတက်လာမှုနှင့်အတူ ပြောင်းလဲလာသော စားသောက်နေထိုင်မှု ပုံစံအသစ်များကြောင့် စားသုံးဆီမျိုးစုံကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ ကုန်ကျနေရခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် တန်ချိန်အကန့်အသတ်ဖြင့်သာ တင်သွင်းစေခဲ့ပြီး တစ်ဖက်တွင်လည်း ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုတိုးချဲ့စိုက်ပျိုးစေခဲ့ပါသည်။ စိုက်ဧကတိုးချဲ့လာခြင်းနှင့် မျိုးကောင်း ရွေးချယ်စိုက်ပျိုးထားခြင်းကြောင့် အထွက်နှုန်းများပြားမည်ဖြစ်ပါသည်။ ထို့ကြောင့် နေကြာသီးနှံကို ဆီကြိတ်၍ရရှိလာမည့် နေကြာဆီများကို ဆက်လက်သန့်စင်မှုပြုလုပ်မည်ဆိုပါက ပြည်တွင်းထုတ် နေကြာဆီ၏အရည်အသွေး မြင့်မားလာနိုင်ပါသည်။ ပြည်တွင်းထုတ်လုပ်နိုင်မှုတိုးတက်လာပြီး အရည်အသွေးမြင့်လာသည်နှင့်အမျှ ပြည်ပမှ မှာယူတင်သွင်းမှုလည်း လျော့နည်းလာရမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆီစက်လုပ်ငန်းများ နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နေပြည်တော် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က စားသုံးဆီများ သန့်စင်သည့်နည်းပညာများ ပံ့ပိုးပေးနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပေးခဲ့ပါသည်။ ယင်းဆွေးနွေးပွဲဆိုင်ရာ မှတ်တမ်းများအရ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက စားသုံးဆီသန့်စင်သည့် နည်းပညာနှင့်ပတ်သက်၍ မူဝါဒပိုင်း ဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို အားဖြည့်ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နေကြာဆီအပါအဝင် စားအုန်းဆီ၊ ပန်းနှမ်းဆီ၊ မုန်ညင်းဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီနှင့် ဝါစေ့ဆီ စသည့် ဆီအမျိုးမျိုးတို့ကို အဆင့်အတန်းမီထုတ်လုပ်နိုင်လျှင် စားသုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေချွေတာနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ စားသုံးဆီဖူလုံ ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းနှင့်အတူ ဆီစက်များ အဆင့်မြှင့်တင်ရန်လည်း လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့ခြင်းများကို သိရှိရပါသည်။

ထို့အပြင် ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ရည်ရွယ်၍ ဆီစက်လုပ်ငန်းများ ကို ချေးငွေထုတ်ချေးနိုင်ရေး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့နှင့် အခြား အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဆီစက်လုပ်ငန်းရှင်များအားချေးငွေများ စတင်ထုတ်ချေးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ဆီစက်လုပ်ငန်းရှင်များအနေဖြင့် အတွေ့အကြုံရှိပညာရှင်များနှင့်ချိတ်ဆက်

ဤကဲ့သို့ နိုင်ငံတော်အပိုင်းက ပြည်တွင်းစားသုံး ဆီဖူလုံရေးအပြင် ပြည်သူများကျန်းမာရေးနှင့် ညီညွတ်သော ဆီကောင်းဆီသန့်များ စားသုံးနိုင်ရန်အတွက် အဘက်ဘက်မှ အားပေးဆောင်ရွက်နေချိန်တွင် စိုက်ပျိုးသူများ၊ ဆီထုတ်လုပ်သူဆီစက်လုပ်ငန်းရှင်များအပိုင်းကလည်း ကဏ္ဍအလိုက် လိုအပ်ချက်များ ပြည့်မီစေရေး လိုက်ပါဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ထို့ပြင် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီပြန်လည်သန့်စင်မှုနှင့် ပတ်သက်သော သက်ဆိုင်ရာဘာသာရပ်ပိုင်း၊ နည်းပညာပိုင်း အတွေ့အကြုံရှိပညာရှင်များနှင့် ချိတ်ဆက်၍ မိမိတို့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ဆွေးနွေးမေးမြန်းပြီး အကြံဉာဏ်ကောင်းများ ရယူဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် မြန်မာပြည်တွင်း ထုတ်စားသုံးဆီများကို အစားအစာဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီစွာ အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရေးအတွက် Extra-virgin Cold Pre-ssed Oil နှင့် Virgin Cold Pressed Oil များမှအပ ကျန်စားသုံးဆီများကို ပြန်လည်သန့်စင်မှု ပြုလုပ်ခြင်းဖြင့် ဆီကြမ်းမှသည် ဆီချောများထွက်ပေါ် လာနိုင်ရေးကို နိုင်ငံတော်အစိုးရ၏ အားပေးမြှင့်တင်မှုနှင့်အတူ ဆီကြမ်းမှသည် ဆီသန့်ဆီချော ထုတ်လုပ်ဖြန့်ဖြူးနိုင်သည့်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး တိုက်တွန်းရေးသားလိုက်ရပါသည်။   ။