ဆီးရီးယား မြောက်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွား ရှစ်ဦးသေဆုံး

၁၁ နိုဝင်ဘာ

 

တူရကီစစ်တပ်က ဖမ်းဆီးခဲ့သော နယ်မြေဖြစ်သည့် ဆီးရီးယား မြောက်ပိုင်းရှိ မြို့တစ်မြို့တွင် ကားဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးခဲ့ပြီး အခြား ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

 

တူရကီနယ်စပ်၏ တောင်ဘက် ၁၀ ကီလိုမီတာ အကွာရှိ မြို့တစ်မြို့တွင် ယမန်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ကားဗုံးပေါက်ကွဲမှုကြောင့် ကားတစ်စီး မီးလောင်ကျွမ်းခဲ့ပြီး အနီးနားရှိ အဆောက်အဦများ ပျက်စီးသွားပုံကို ထိုနေရာ၌ ရိုက်ကူးထားသော ဗွီဒီယိုဖိုင်တွင် ပြသထားသည်။

 

တူရကီ ကာကွယ်ရေး ဝန်ကြီးဌာက ရန်လိုသော ကာ့ဒ်စစ်သွေးကြွအုပ်စုကို အပြစ်တင်ခဲ့သည်။

 

နိုဝင်ဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့သော သီးခြားဖြစ်စဉ် တစ်ခုတွင် တူရကီတပ်များက ဖမ်းဆီးခဲ့သော အခြားနယ်စပ်မြို့တွင် အလားတူ ကားဗုံးခွဲ တိုက်ခိုက်ခဲ့သဖြင့်  ၁၃ ဦးသေဆုံးခဲ့သည်။

 

ပြီးခဲ့သည့် အောက်တိုဘာလက တူရကီတို့သည် ဆီးရီးယားမြောက်ပိုင်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး တူရကီနှင့် ဆီးရီးယားနယ်စပ်မှ ကာ့ဒ်စစ်သွေးကြွများကို ဖယ်ရှားရန် ကြိုးပမ်းသည့် စစ်ဆင်ရေး လှုပ်ရှားမှုတစ်ခုကို ထိုအချိန်ကတည်းက လုပ်ဆောင်ခဲ့ကြသည်။

 

တူရကီစစ်တပ်သည် ထိုးစစ်ကို ရပ်ဆိုင်းထားခဲ့သော်လည်း တောင်းဆိုခဲ့သည့်အတိုင်း ထိုနယ်စပ်ဒေသမှ ကာ့ဒ်စစ်သွေးကြွများ ဆုတ်ခွာမပေးခဲ့လျှင် စစ်ဆင်ရေး ပြန်လည်စတင်မည် ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို