ဆီးရီးယားအပေါ် အစ္စရေးတို့လေကြောင်း တိုက်ခိုက်မှုပြုလုပ်

၃ ဇွန်

ပြီးခဲ့သည့်နေ့က ဒုံးလက်နက်ဖြင့် ပစ်ခတ်သည့်အတွက် လက်တုံ့ပြန်သည့် အနေဖြင့် ဆီးရီးယားစစ်တပ် တပ်ချထားရာနေရာသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ဆိုသည်။

ပြီးခဲ့သည့် စနေနေ့ညက အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဆီးရီးယားမှ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ရာ ဒုံးကျည်တစ်စင်းမှာ အစ္စရေးသိမ်းပိုက်ထားသော ဂိုလန် ကုန်းမြင့်ဒေသ စစ်တပ်အဆောက်အအုံများ၏ အနီးဝန်းကျင်ရှိ နေရာတစ်ခုသို့ ကျရောက်ခဲ့သည်ဟု အစ္စရေးက ဆိုသည်။

အဆိုပါ ဒုံးကျည်ပစ်ခတ်မှုအရ ဒဏ်ရာရသေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။


အစ္စရေးစစ်တပ်က ကွန်နီထရာ Quneitra ပြည်နယ်တောင်ပိုင်းနှင့် ဒမတ်စကတ်မြို့တော်အနီး ဆီးရီးယားစစ်တပ် တပ်ချထားသည့်နေရာ ငါးနေရာကျော် သို့ တနင်္ဂနွေနေ့မနက် အစောပိုင်းက ၎င်းတို့၏ ဂျက်တိုက်ယာဉ်များ နှင့် ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ ဗြိတိန် အခြေစိုက် ဆီးရီးယားလေ့လာစောင့်ကြည့်ရေးအဖွဲ့က တနင်္ဂနွေနေ့ လေကြောင်းတိုက်ခိုက်မှုတွင် ဆီးရီးယား စစ်သားသုံးဦး အပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့သည် ဟုဆိုသည်။

ကိုးကား - အန်အိတ်ချ်ကေ            
ဘာသာပြန် - မြင့်မြင့်ချို