ဆီးရီးယားတွင် အစ္စရေး၏ဒုံးကျည်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးအစောင့်တပ်အကြီးတန်းအကြံပေး သေဆုံးကြောင်း အီရန်ပြော

တီဟီရန်   ဒီဇင်ဘာ  ၂၆

ဆီးရီးယားနိုင်ငံ၌       အစ္စရေး၏ ဒုံးကျည် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ၎င်းတို့၏  တော်လှန်ရေး အစောင့်တပ်   အကြီးတန်းအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း  အီရန်က  ပြောသည်။

တော်လှန်ရေးအစောင့်တပ်မှ ထုတ်ပြန်သော  ကြေညာချက်တစ်စောင်ကို   အီရန်နိုင်ငံပိုင် သတင်း မီဒီယာက  ဒီဇင်ဘာ ၂၅ ရက်တွင်  ဖော်ပြခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင်     ဆေယက်ဒ် ရာဇီ  မူဆာဗီဆိုသူသည် ဆီးရီးယားနိုင်ငံ၏မြို့တော်  ဒမတ်စကတ်မြို့၏   ဆင်ခြေဖုံးတွင်   အသတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင်  ၎င်းကို  ဆီးရီးယားနိုင်ငံရှိ တော်လှန်ရေးအစောင့်တပ်၏ စစ်ဘက်ဆိုင်ရာ အကြီးတန်း အကြံပေးတစ်ဦးအဖြစ်   ဖော်ပြခဲ့သည်။ အီရန်သမ္မတ  အီဗရာဟင်ရိုင်စီက  အဆိုပါ ဒုံးကျည်တိုက်ခိုက် မှုကို ဆိုးရွားသောလုပ်ရပ်ဖြစ်ကြောင်း   ပြောသည်။   ထိုကဲ့သို့ တိုက်ခိုက်မှုအတွက် အစ္စရေးအနေဖြင့်   ကျိန်းသေပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း   ၎င်းက ပြောသည်။

မူဆာဗီသည်  အစ္စရေးနှင့် အမေရိကန်ကို ရန်လိုသော စစ်သွေးကြွများအား  ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း  သိရသည်။ ထို့အပြင် ၎င်းသည်  တော်လှန်ရေးအစောင့်တပ်  အထူးစစ်ဆင်ရေး၏     အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ဆီးရီးယားနိုင်ငံ၌   အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ၎င်းတို့၏ အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ ကြောင်း   တော်လှန်ရေးအစောင့်တပ်က    ယခုလအစောပိုင်းတွင် ပြောသည်။  အစ္စရေးနှင့် အီရန်တို့ ကြား   လက်တုံ့ပြန်မှုသံသရာသည် အရှေ့အလယ်ပိုင်းတွင်  မတည်ငြိမ်မှုများ       ပိုမိုဆိုးရွားလာမည့် အပေါ် စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။

အင်န်အိတ်ချ်ကေ