ဆီးရီးယားတွင် လုံခြုံစိတ်ချရသည့်ဇုန်တည်ထောင်ရေး အမေရိကန် နှောင့်နှေးနေမှုကို သည်းမခံနိုင်ဟု တူရကီပြော

အန်ကာရာ ၁၆  သြဂုတ်

ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် လုံခြုံစိတ်ချရသည့်ဇုန် တည်ထောင်ရေးအတွက် အမေရိကန်ဘက်မှ နှောင့်နှေးနေမှုများကို တူရကီဘက်မှ သည်းခံလိမ့်မည်မဟုတ်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက သြဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်ဘက်မှ ဦးစွာရိုးသားရန် လိုအပ်ပြီး ပရိယာယ်ကြွယ်ဝစွာဖြင့် အမေရိကန်ဘက်က နှောင့်နှေးမှုများကို တူရကီဘက်မှ သည်းခံသွားမည် မဟုတ်ကြောင်းကိုလည်း သဘောပေါက်သင့်ကြောင်း ဆီရာလီယွန်နိုင်ငံခြားရေးဝန်ကြီး နာဘီလာတူနစ်နှင့် တွေ့ဆုံစဉ် တူရကီ နိုင်ငံခြားရေးဝန်ကြီး မာဗလက်ကော့ ဆိုဂလူက ပြောသည်။

သြဂုတ် ၇ ရက်တွင် အမေရိကန်နှင့် တူရကီတို့သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် လုံခြုံစိတ်ချရသည့်ဇုန် တည်ထောင်ရန် သဘောတူခဲ့သည်။ တူရကီကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တူရကီနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ပူးတွဲစစ်ဆင်ရေးစင်တာကို တူရကီတွင် စတင်မည်ဟု သဘောတူထားပြီး အဆိုပါနေရာမှ ဆီးရီးယားနိုင်ငံမြောက်ပိုင်း လုံခြုံရေးဇုန်ကို စီမံခန့်ခွဲမှုများ ပြုလုပ်သွားမည်ဟု သဘောတူခဲ့ကြကြောင်း သိရသည်။

မည်သည့်အချိန်တွင် အဆိုပါ လုံခြုံစိတ်ချရေးဇုန် တည်ထောင်မည့်နည်းနှင့် မည်သို့မည်ပုံ တည်ထောင် မည်ဆိုသည်ကို မရှင်းလင်းသေးပေ။

ဆင်ဟွာ