ဆီရမ်ရိသို့ အလည်တစ်ခေါက်  ….

 

စန်းစန္ဒီဇော်

 

မိမိအနေဖြင့် က‌မ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိဒေသတွင် ကျင်းပပြုလုပ်ခဲ့သော “China-CMLTV Journalists Visit to Angkor Sangkranta 2024” ခရီးစဉ်တွင်ပါဝင်၍ ခရီးစဉ်အတွင်း ဆီရမ်ရိဒေသရှိ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများဖြစ်သော အန်ကောခေတ်ဘုရားကျောင်းများသို့ သွားရောက်လေ့လာခဲ့ပါသည်၊၊ ရှေးဟောင်း အမွေအနှစ်များသည် သက်ဆိုင်ရာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာပြယုဂ်များဖြစ်သည်ကို ပိုမိုသိရှိခဲ့ပြီးနောက် မိမိတို့နိုင်ငံတွင်လည်း ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်နေရာများကို မျိုးဆက်အဆက်ဆက် ပိုမိုတန်ဖိုးထား ထိန်းသိမ်းသွားစေလိုသောဆန္ဒ ဖြစ်ပေါ်မိပါသည်။   ထိုဆန္ဒမှတစ်ဆင့် ဆီရမ်ရိခရီးစဉ်အတွင်း လေ့လာခဲ့သည့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အကြောင်းအရာများကို ပြန်လည်မျှဝေပေးလိုသည့်အတွက် ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ပါသည်။

 

ဆီရမ်ရိဆိုသည်မှာ ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်မှ အနောက်မြောက်ဘက်တွင် တည်ရှိသော အန်ကောခေတ်၏ ရှေးဟောင်းအမွေ အနှစ်များတည်ရှိရာ နေရာဖြစ်သည်။ အန်ကော ခေတ်ကာလမှာ အေဒီ ၉ ရာစုမှ အေဒီ ၁၅ ရာစုအလယ်အထိဖြစ်၍ အန်‌ကောခေတ် ကမ္ဘောဒီးယားဘုရင်တို့သည် ၎င်းတို့၏ ဘာသာရေး ခံယူချက်ကို ကိုယ်စားပြုနိုင်စေရန်၊ တန်ခိုးကြီးမားမှုကို ထင်ဟပ်ပြသနိုင်စေရန် ဘုရားကျောင်းများကို ခမ်းနား ထည်ဝါစွာ တည်ဆောက်ခဲ့ကြကြောင်း လေ့လာသိရှိခဲ့သည်၊၊

 

အန်ကောမင်းများ   တည်ဆောက်ခဲ့သော ဘုရားကျောင်းများကို အန်ကောခေတ်ရှေးဟောင်း ယဉ်ကျေးမှုများ တည်ရှိရာ  ဆီရမ်ရိဒေသတွင် တွေ့မြင်နိုင်မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ - UNESCO က ယင်းဒေသကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ အန်ကောခေတ် ဘုရားကျောင်းများသည် ထုထည်ကြီးမားပြီး ဘုရားကျောင်းနံရံများကို ဇာတ်နိပါတ်တော်များ၊ ခမာလူမျိုးတို့၏ သမိုင်းကြောင်းများ၊ နတ်သမီးရုပ်ကြွများဖြင့် ပုံဖော်ထုဆစ်ထားသည်။ ယင်းဘုရားကျောင်းများတွင် ခမာလူမျိုးတို့၏ ဗိသုကာလက်ရာများ၊ ကျောက်ဆစ်လက်ရာများ၊ အုတ်စီလက်ရာများကို ထူးခြားအံ့ဖွယ် တွေ့မြင်ရမည်ဖြစ်သည်၊၊

 

ကမ္ဘာ့အကြီးဆုံး ဘာသာရေးအဆောက်အအုံတစ်ခု

ဆီရမ်ရိဒေသတွင် မိမိသွားရောက်ခဲ့သော ဘုရားကျောင်းများအနက်မှ အထင်ရှားဆုံးဖြစ်သော ကျောင်းတော်ကြီးမှာ အန်ကောဝပ် “Angkor Wat” ဘုရားကျောင်းဖြစ်သည်၊၊ ယင်းသည် ရှေးခေတ် ခမာလူမျိုးများ၏ မြို့တော်ဖြစ်သော အန်ကာ (Angkor) မြို့တော်ကြီးတွင်တည်ရှိသည်၊၊ ဂင်းနစ် မှတ်တမ်းများအရ အဆိုပါကျောင်းတော်ကြီးအား ကမ္ဘာ့အကြီးဆုံး ဘာသာရေး အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ကြကြောင်း သိရှိရသည်၊၊

 

အန်ကောဝပ်ကျောင်းတော်ကြီးကို UNESCO က ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တစ်ခုအဖြစ် စာရင်းသွင်းခဲ့သည်။ အန်ကောဝပ် ကျောင်းတော်ကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် အကျယ် ၆၂၆ ပေရှိသောကျုံးများ တည်ရှိပြီး ဘုရားကျောင်းတော်ကြီးကို မဟာတံတိုင်း ပတ်လည်ဝန်းရံလျက်ရှိသည်၊၊ အန်ကောဝပ်ကျောင်းတော်ကြီးသည် အနောက်ဘက်သို့ မျက်နှာမူနေသော ဘုရားကျောင်းဖြစ်ပြီး ဘုရားကျောင်းတော် ကြီးရှိ ပြာသာဒ်ငါးဆောင်သည် စကြာဝဠာ၏ ဗဟိုချက်ဖြစ်သော မြင်းမိုရ်တောင်နှင့် ၎င်း၏ တောင်စွယ်တောင်ထွတ်များကို ကိုယ်စားပြု ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဘုရားကျောင်းနံရံများတွင် ကျောက်ဆစ်ရုပ်ကြွများကို လက်ရာမြောက်စွာ ထွင်းထုထားသည့်အပြင် ဟိန္ဒူတို့၏ ထင်ရှားကျော်ကြားသော ဇာတ်နိပါတ်တော်များ၊ နတ်ဘုရားနှင့် ဘီလူးတို့ယှဉ်ပြိုင်တိုက်ခိုက်နေပုံများ၊ ငရဲနှင့် ကောင်းကင်ဘုံ  စသည်တို့ကိုလည်း အနုပညာမြောက်စွာ ထုဆစ်ဖော်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်သည်၊၊

 

သမိုင်းမှာ အေဒီ ၁၂ ရာစုတွင် ဘုရင်ကြီး ဒုတိယဆူယာဗာမင် (Suryavarman II) က ဗိဿနိုး နတ်ဘုရားအား ရည်စူး၍ အန်ကောဝပ်ကို ဟိန္ဒူဘုရားကျောင်းအဖြစ် စတင်ဆောက်လုပ်ခဲ့သောကြောင့် အန်ကောဝပ်ရှိ မူလဘာသာရေး ဒီဇိုင်းအားလုံးသည် ဟိန္ဒူဘာသာမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ဘုရင်ကြီး ဒုတိယဆူယာဗာမင် ကွယ်လွန်သွားပြီးနောက်တွင် ခမာလူမျိုးများ၏ ရန်သူ ချမ် (Cham) တို့သည် အန်ကောမြို့သို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ကာ ထီးနန်းကိုသိမ်းပိုက်ခဲ့ကြောင်း၊ နောင်နှစ်အနည်းငယ် အကြာတွင် မဟာယာနဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူ ဘုရင်ကြီး သတ္တမဂျေယာဗာမင် (Jayavarman VII) သည် ချမ် (Cham) တို့ကို တိုက်ခိုက်၍ ခမာအင်ပါယာကို ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း၊ အန်ကောဝပ်ကိုလည်း ပြန်လည်ထိန်းသိမ်းခဲ့၍ ဟိန္ဒူဘုရားကျောင်းမှ မဟာယာနဗုဒ္ဓဘာသာ ဘုရားကျောင်းအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲခဲ့ ပြီး ဟိန္ဒူလက်ရာများကို ဗုဒ္ဓဘာသာအနုလက်ရာများဖြင့် အစားထိုးခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းကို ဟိန္ဒူ-ဗုဒ္ဓဘာသာ ဘုရားကျောင်းဟုလည်း ခေါ်ဆိုသတ်မှတ်ကြကြောင်း သိရှိခဲ့သည်။ အန်ကောဝပ် ဘုရားကျောင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပြယုဂ်တစ်ခုဖြစ်သလို ဂုဏ်ယူဖွယ်ရာ ဘာသာရေး အဆောက်အအုံဖြစ်သောကြောင့်  ၎င်းတို့၏ နိုင်ငံတော်အလံတွင် အန်ကောဝပ်ဘုရားကျောင်း ပုံကို ထည့်သွင်းထားသည်။ အန်ကောဝပ်ဘုရား ကျောင်းသည် ရှေးဟောင်းဗိသုကာလက်ရာများနှင့် သဘာဝ အလှတရားကိုပါ ရောယှက်ခံစားနိုင်သော ဘုရားကျောင်းဖြစ်ပေသည်။

 

ဘေယွန်ဘုရားကျောင်းသို့ သွားရောက်လေ့လာ

ထို့နောက် ဘေယွန် “Bayon” ဘုရားကျောင်းသို့လည်း သွားရောက်လေ့လာခဲ့ပါသည်။ ယင်း ဘုရားကျောင်းသည် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ ပြည်နယ်ရှိ တော်ဝင်မြို့တော်ဖြစ်သော Angkor Thom မြို့လယ်တွင်တည်ရှိသည်။ ဘေယွန်ဘုရားကျောင်း သည် ၁၂ ရာစု နှောင်းပိုင်းကာလနှင့် ၁၃ ရာစုအစော ပိုင်းကာလများတွင် ဘုရင်ကြီး သတ္တမဂျေယာဗာမင် (Jayavarman VII) က ၎င်းနတ်ရွာမစံခင်အပြီး ဆောက်လုပ်ခဲ့သော ဗုဒ္ဓဘာသာ ဘုရားကျောင်းဖြစ်သည်။ ထိုမင်းလက်ထက်တွင် ဘေယွန်ကို နိုင်ငံတော်ဘုရားကျောင်းတစ်ဆူအဖြစ် အသုံးပြုခဲ့သည်၊၊

 

ဘုရားကျောင်း၏ ကျောက်သားနံရံများတွင် အေဒီ ၁၂ ရာစုနှင့် ၁၃ ရာစုနှစ်များက ကမ္ဘောဒီးယား လူမျိုးများ၏ နေထိုင်မှုဓလေ့စရိုက်များ၊ အန်ကောခေတ်ဖြစ်စဉ်များကို ဖော်ပြထားသော သရုပ်ဖော်ပုံများပါရှိသည်။ ကျောင်းအဆောက်အအုံ၏ တိုင်များပေါ်တွင်  နတ်သမီးကျောက်ဆစ်ရုပ်ကြွများကို ထွင်းထုထားသည်။ ထို့ပြင် ဘုရားကျောင်းတစ်ခု လုံးတွင် ပြုံးနေဟန်ရှိသည့် ကျောက်ဆစ်မျက်နှာ တော်ပေါင်း ၂၁၆၉ ခု ပါရှိသည်။ ဘုရားကျောင်း၏ မူလအမည်မှာ ဘန်ယန် “Banyan” (ဗောဓိ ညောင်ပင်) ဖြစ်၍ ဗုဒ္ဓမြတ်စွာဘုရားလောင်းသည် ဗောဓိညောင်ပင်အောက်တွင် ကာလရှည်ကြာစွာ တရားကျင့်တော်မူပြီးမှ ဉာဏ်အလင်းကို ရရှိလာပြီး ဘုရားဖြစ်တော်မူသည်ကို ရည်ညွှန်းကာ ပေးထားခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဒေသခံခမာလူမျိုးများ၏ နှစ်ကာလရှည်ကြာ အသံထွက်လွဲမှားစွာ ခေါ်ဆိုခဲ့ခြင်းကြောင့် ဘေယွန်Bayon”ဟူ၍ အမည် ပြောင်းလဲလာခဲ့ကြောင်း လေ့လာသိရှိခဲ့သည်။

 

တာပရွန်ဘုရားကျောင်း

နောက်ဆုံးအနေဖြင့် မိမိသွားရောက်လေ့လာခဲ့သော တာပရွန် “Ta Prohm” ဘုရားကျောင်းကိုလည်း ဖော်ပြလိုပါသည်။ တာပရွန်ဘုရားကျောင်းသည် တော်ဝင်မြို့တော် Angkor Thom ၏ အရှေ့ဘက် ကီလိုမီတာ အနည်းငယ်အကွာတွင် တည်ရှိသည်။ ဘုရားကျောင်း၏ မူလအမည်မှာ ရာဂျဗီဟာရ (Rajavihara) ဖြစ်ပြီး တော်ဝင်ဘုန်းတော်ကြီး ကျောင်းဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်၊၊

 

ဘုရင်ကြီး သတ္တမဂျေယာဗာမင် (Jayavarman VII) က ခရစ်နှစ် ၁၁၈၆ ခုနှစ်တွင် ယင်းဘုရားကျောင်းကို မဟာယာန ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအဖြစ် တည်ဆောက်လှူဒါန်းခဲ့သည်၊၊ ဘုရားကျောင်းကို အပြင်ဘက်က ကြည့်လိုက်သောအခါ ရိုးရှင်းသော ရှေးဟောင်းဘုရားကျောင်း တစ်ခုအဖြစ်သာ မြင်တွေ့ရမည် ဖြစ်သော်လည်း ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လိုက်ပါက ကြီးမားသောမြို့တစ်မြို့  တည်ရှိနေသ‌ယောင် ထင်မှတ်ရသည်၊၊

 

တာပရွန်ဘုရားကျောင်းနံရံများကို အံ့ဖွယ်နှစ်ရှည်ပင်ကြီးများက လွှမ်းအုပ်ထားခြင်းသည် ရေဘဝဲကဲ့သို့သော တွားသွားသတ္တဝါကြီးက နံရံကိုကျော်တက်ရန် ကြိုးပမ်းနေသည့် ပုံသဏ္ဌာန်နှင့် ဆင်တူနေသည်၊၊ သုတေသန မှတ်တမ်းများအရ ကျောင်းဝင်းအတွင်း၌  သစ်ပင်မျိုးစိတ်ပေါင်း ၁၅၀ ကျော်ရှိ၍ အများစုမှာ Sponge Tree နှစ်ရှည် ပင်ကြီးများဖြစ်ကြပြီး ကျောင်းနံရံများကို ပတ်ပတ်လည်ရစ်ပတ်ကာ ကြီးထွားလာသောကြောင့် ယင်း ဘုရားကျောင်းကို တောတွင်းဘုရားကျောင်းဟူ၍လည်း တင်စားခေါ်ဝေါ်ကြလေ့ရှိကြောင်း လေ့လာတွေ့ရှိ ခဲ့ရသည်။ တာပရွန်ဘုရားကျောင်းတော်သည်လည်း နှစ်ကာလကြာမြင့်နေပြီဖြစ်သဖြင့် အချို့သောနေရာများကို ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

 

ရှေးဟောင်းဘုရားကျောင်းများနှင့် ရှုခင်းအလှများ

စင်စစ်မှာ ဆီရမ်ရိဒေသ၌ မိမိအထက်တွင် ဖော်ပြခဲ့သော ဘုရားကျောင်းများအပြင် အန်ကောခေတ်၌ တည်ဆောက်ခဲ့သည့် အခြားသောဘုရား ကျောင်းများစွာလည်း တည်ရှိနေသေးသည်၊၊ အန်ကောယဉ်ကျေးမှု နယ်မြေရှိ ရှေးဟောင်းဘုရားကျောင်းများနှင့် ရှုခင်းအလှများကို မိုးပျံပူဖောင်းစီး၍ အမြင့်မှလည်း ကြည့်ရှုလေ့လာနိုင်ပေသည်၊၊ ဆီရမ်ရိဒေသရှိ အန်ကောခေတ် ရှေးဟောင်းဘုရားကျောင်းများတည်ရှိရာ အန်ကောရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်ရန် ပြည်ပခရီးသွားဧည့်သည်များသည် အခကြေးငွေပေး၍ တစ်ဦး ချင်းအလိုက် ဝင်ရောက်ခွင့်လက်မှတ် ဝယ်ယူရသည်၊၊

 

ဆီရမ်ရိသို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်အများအပြား လာရောက်လည်ပတ်ခြင်းသည် နိုင်ငံ၏ ခရီးသွားကဏ္ဍ တိုးတက်ရေးကို များစွာအထောက်အကူပြုသည့်အပြင် တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ဧည့်လမ်းညွှန်များသည် ခရီးသွားလုပ်ငန်းမှ တိုက်ရိုက်အကျိုးခံစားနိုင်သည်သာမက ဒေသခံပြည်သူများပါ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေသည်။ အန်ကောခေတ် ရှေးဟောင်းဘုရားကျောင်းများကို စီမံကိန်းများချမှတ်၍  စနစ်တကျ  ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ထားသဖြင့် ယင်းရှေးဟောင်းအမွေအနှစ် ဘုရားကျောင်းများကို မူလအနေအထားအတိုင်း  ရှေးမူမပျက် တွေ့မြင်ကြရခြင်းသည် ကမ္ဘောဒီးယား နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်သည်၊၊  အရှေ့တောင်အာရှနိုင်ငံများတွင် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ အစုလိုက်တည်ရှိနေသောနေရာများကို ဖော်ပြရမည်ဆိုလျှင် မြန်မာနိုင်ငံ ပုဂံဒေသနှင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိဒေသတို့ကိုသာ ဖော်ပြလိုပါသည်။ မိမိတို့နိုင်ငံရှိ ခမ်းနားထည်ဝါလှသည့် စေတီပုထိုးများများစွာ တည်ရှိနေသော ပုဂံဒေသသည်လည်း ၂၀၁၉ ခုနှစ် တွင် UNESCO ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ခဲ့သည်၊၊ မြန်မာနိုင်ငံတွင် UNESCO စာရင်းဝင် အခြားသော သမိုင်းဝင်နေရာများလည်း ရှိသေးသည်။ ယင်းကဲ့သို့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နေရာများသည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာများဖြစ်သည့်အပြင် မိမိတို့နိုင်ငံကို ကမ္ဘာကပိုမိုသိရှိနိုင်စေရန် လမ်းဖောက်ပေးနေသော နေရာများဖြစ်သည်၊၊

 

နိုင်ငံ၏ ခရီးသွားကဏ္ဍကို အလေးပေးမြှင့်တင်လျက်ရှိ

ကမ္ဘောဒီးယားနိုင်ငံသားတို့သည် ၎င်းတို့၏ အမွေအနှစ်နေရာများကို အစီအမံများ ချမှတ်ကာ စနစ်တကျ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး ယင်းအမွေအနှစ်များမှတစ်ဆင့် ဘက်စုံတိုးတက်ရေးကို အထောက်အကူပြုသည့် နိုင်ငံ၏ခရီးသွားကဏ္ဍကို အလေးပေးမြှင့်တင်လျက်ရှိသည်၊၊ ၎င်းတို့၏ ယဉ်ကျေးမှုအဆင့်အတန်း၊ ဘာသာရေးခံယူချက်၊ အနုသုခုမပညာ စသည်တို့ကို ကမ္ဘာအရပ်ရပ်မှ ခရီးသွားဧည့်သည်များအား တစ်နည်းမဟုတ်တစ်နည်း မိတ်ဆက်ပြသနေကြသည်ကို တွေ့မြင်ရင်း မိမိသည် ဆီရမ်ရိဒေသသို့ လေ့လာရေး ခရီးသွားရောက်နေစဉ်မှာပင် မိမိတို့နိုင်ငံ၏ တည်ရှိပြီးသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များကို အောက်မေ့သတိရခဲ့သည်၊၊ ယင်းအမွေအနှစ်တို့ကို မပျောက်မပျက်  ခိုင်မြဲတည်ရှိနေစေလိုသည့် စိတ်ဆန္ဒများလည်း ပိုမိုဖြစ်ပေါ်မိသည်၊၊

 

မိမိတို့နိုင်ငံ၏ တန်ဖိုးထားဖွယ်ရာ၊ ဂုဏ်ယူ ဖွယ်ရာမှန်သမျှ မည်သည့်နည်းဖြင့်မျှ တိမ်ကောပပျောက်မသွားဘဲ  အိမ်သာလို့ဧည့်လာ၍ ထိုအဖိုးတန်အရာများကြောင့် မိမိတို့နိုင်ငံသားတို့ဂုဏ်ယူဝင့်ကြွားနိုင်ပြီး အကျိုးကျေးဇူးများလည်း ပို၍ရရှိခံစားနိုင်ပါစေကြောင်း  ဆန္ဒပြုအပ်ပါသည်၊၊

 

Reference book : The Civilization of Angkor Era by Kyaw Nyunt Yi