ဆီသယ်ယာဉ်နှင့် ဝက်ခြင်းတင်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ဆိုင်ကယ်မောင်းသူသေဆုံး

မော်လူး ၂၀ ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပင်ဝယ်ရဲကင်းစခန်းပိုင် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မျက်နှာချင်းဆိုင် မောင်းနှင်လာသော ဆီသယ်ယာဉ်နှင့် ဝက်ခြင်းတင်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂၀ ခန့်က အင်းတော်မြို့နယ် ပင်ဝဲရဲကင်းစခန်းပိုင် တုံးလုံကျေးရွာနှင့် ပင်ဝဲကျေးရွာကြား ကားလမ်းမိုင်တိုင်အမှတ် ၂၅၇.၅ Km  နှင့် ၂၅၈ Km ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မော်လူးနယ်မြေရဲတပ်ဖွဲ့ ခေတ္တစခန်းမှူးရဲအုပ် မင်းသိန်းထွန်းနှင့် အဖွဲ့တို့သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ အင်းတော်ဘက်မှ မြစ်ကြီးနားဘက်သို့ စက်သုံးဆီပေပါ (၇၀)လုံးတင်ဆောင် မောင်းနှင်လာသော ယာဉ်မောင်းကျော်စိုးဝင်း ယာဉ်နောက်လိုက် ရွှေသောင်းလိုက်ပါလာသော (၁၀)ဘီးယာဉ်နှင့် မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ ဝက်ခြင်းအလွတ်များ တင်ဆောင်မောင်းနှင်လာသော စန်းလှိုင် (၃၆)နှစ် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူ စန်းလှိုင်မှာ တစ်ဖက်ယာဉ်ကြောအတွင်း ၃ ပေရောက်ရှိခဲ့ပြီး ကား၏ဝဲဘက်ခြမ်းနှင့် တိုက်မိခဲ့သဖြင့် ဦးခေါင်းကြေမွဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရှေ့ပိုင်းပျက်စီးခဲ့ပြီး မော်တော်ယာဉ်၏ ရှေ့ပိုင်းမှာ ပျက်စီးခဲ့သော်လည်း ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း၊ ထိုကဲ့သို့ လူကိုသေစေအောင် မဆင်မချင်မောင်းနှင်ခဲ့သူ ယာဉ်မောင်းစန်းလှိုင် (၄၁)နှစ် (ဘ)ဦးချစ်မဲ ငအိုးရွာ မဘိမ်းမြို့နယ် ရှမ်းပြည်နယ်နေသူအား မော်လူးနယ်မြေရဲစခန်းက ယာဉ်(ပ)၁/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝ၇၈