ဆီထွက် အများဆုံးသီးနှံဖြစ်သည့် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် ဝါ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်    

နေပြည်တော်၊ ဇွန် ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မေ ၃၀ ရက်က မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိကြပြီး ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ သုတေသနပြု ထုတ်လုပ်နေမှု၊ ဒေသနှင့်သင့်လျော်သည့် ဆီထွက်သီးနှံနေကြာ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးရေးစီမံ ဆောင်ရွက်ထားရှိမှုနှင့် နေကြာမျိုးစေ့ ဖြန့်ဖြူးပေးရန် အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာ မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် (၁၂၅)ဧက စံပြကွင်းတွင် ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ပြည်တွင်း အထည်လုပ်ငန်းအတွက် ချည်မျှင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဝါစိုက်တောင်သူအတွက် ဝင်ငွေအကျိုးအမြတ် တိုးတက်ရရှိစေမည့်  အထွက်နှုန်းရရှိစေရန် ဝါမျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေးနှင့် နည်းပညာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေမှုများ၊ ဈေးကွက်က လိုအပ်သည့် ချည်မျှင်ရှည်ဝါ အရည်အသွေး ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းပညာရပ်ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒုတိယဝန်ကြီးက မျိုးစေ့ထုတ် စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများကို ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါ မျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးသည်။ 

ဆက်လက်၍ အောင်ချမ်းသာကျေးရွာရှိ ကုတင်ကန် ရေဝင်ရောက်မှု ရေပေးနေမှုနှင့် ကန်ပေါင်ကြံ့ခိုင်မှု အ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ကုတင်ကန်သည် ကန်ပေါင် အလျားပေ (၃၁၀၀)၊  အမြင့် (၁၂)ပေ ရေလှောင် ပမာဏ ဧကပေ (၁၂၀) ရှိပြီး စိုက်ပျိုးမြေ ဧက (၂၅၀၀)ကျော်ကို အကျိုးပြုလျက်ရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်ရှိ အပူပိုင်းဒေသ သစ်သီးဝလံသုတေသနဗဟိုဌာန မယ်အောင်ကန်ခြံ၌ အပူပိုင်းဒေသ သစ်သီးဝလံများ၏ မျိုးဗီဇဖွံ့ဖြိုးစေရန်နှင့် အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် သီးနှံမျိုးကောင်းမျိုးသန့် မျိုးသစ်များ စမ်းသပ်ဖော်ထုတ်နေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အပူပိုင်းဒေသသစ်သီးဝလံများ၏ မျိုးဗီဇဖွံ့ဖြိုးစေရေးအတွက် မျိုးကူးစပ်ခြင်းနှင့် မျိုးမွေးမြူ ရွေးခြယ်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ သဘာဝအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး သီးနှံအလိုက် အကျိုးအမြတ်အများဆုံးရရှိသည့် စိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံပုံစံများ ဖော်ထုတ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် တပ်ကုန်းမြို့နယ် သပြေသာဘုန်းတော်ကြီးကျောင်းတွင် နေကြာစိုက် တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်နေကြာတိုးချဲ့စိုက်ပျိုးရေး၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့် မျိုးစေ့များအသုံးပြုစိုက်ပျိုးရေး၊ စိုက်စနစ် မှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး တောင်သူ ဦးခင်စိုး၏ မိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်