ဆီထွက်သီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်၊ ဒီဇင်ဘာ ၇

စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး စီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေနှင့် စပ်လျဉ်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ (၆) လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများအတွက် ဆီထွက်သီးနှံ နေကြာ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က မိုးနေကြာစိုက်ကာလတွင် ကြုံတွေ့ရသည့် အခြေအနေများအပေါ် ပြန်လည်သုံးသပ်ပြီးလာမည့် ဆောင်းနေကြာ စိုက်ပျိုးရေးအတွက် ရည်မှန်းထားသည့် လျာထားချက်များ ပြည့်မီရေးအတွက် ပြင်ဆင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်များ အလိုက် မတူညီသည့် လုပ်ငန်းအခြေအနေ အရပ်ရပ်အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆောင်းနေကြာ စိုက်ပျိုးရေး လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး ပြည်နယ်အဆင့် တာဝန်ရှိသူများက ဒေသအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်