ဆိပ်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုနည်းကာ တောင်သူတို့ စိုက်ပျိုးရန်နောက်ကျနေ 

ဆိပ်ဖြူ   ၂၉  ဇူလိုင် 


မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးကောင်းသောက် လယ်မြေများအတွက် စိုက်ပျိုးရန် ပျိုးထောင်ထားရှိပြီးဖြစ်သော်လည်း မိုးရေချိန်သွန်းမှု နည်းပါးခြင်းကြောင့် မိုးစပါးစိုက်ပျိုးမှုနှင့် အခြားမိုးသီးနှံ စိုက်ပျိုးမှု မပြုလုပ်ရသေးကြောင်းသိရှိရသည်။

 

1

 


ဆိပ်ဖြူမြို့နယ်ရှိ တောင်သူအများသည် စိုက်ပျိုရေကို အဓိက အားထားဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် မိုးသီးနှံ စိုက်ပျိုးသူအများနှင့် မိုးကောင်းသောက် စပါးစိုက်ပျိုးသူအများ မိုးရေချိန်ပြည့်ဝစွာ မရှိခြင်းတို့ကြောင့် မြေပြုပြင်ပြီး လက်ရှိ အချိန်အထိ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်မှု အခက်အခဲများရှိနေကြာင်း သိရသည်။


၂၀၁၉ခုနှစ်တွင် မိုးကောင်းသောက် မိုးစပါး ၄၆၄၂ ဧက၊ ဆည်ငယ်ကန်ငယ် ၂၉၂၃ ဧက၊ ရေစုတ်စက်ရေတင် ၃၀ဝ ဧက၊မြေအောက်ရေ ၁၀၅ ဧက ၊ မြစ်ရေတင်စနစ် ၅၀ဝ ဧက   မိုးစပါးစိုက်ပျိုး ရန် ၈၇၄၅ ဧက လျာထားဆောင်ရွက်လျှက်ရှိရာ ၂၀၁၉ ခုနှစ် မြို့နယ်အတွင်း မိုးရွာသွန်းမှုနည်းပါး၍ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း မိုးရေချိန် လက်မ ၆ ဒဿမ ၉၀ လက်မသာ ရွာသွန်းခဲ့ကြောင်း ယခင် ၂၀၁၈ ခုနှစ်တွင် ၁၅ လက်မ ကျော်ရွာသွန်းခဲ့ပြီး ယခင်နှစ်ထက် မိုးရေချိန် ၉ လက်မနှင့် ၁၀ လက်မနီးပါး သိသိသာသာကျဆင်းခဲ့ကြောင်း သိရသည်။


ထိုသို့ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မိုးကောင်းသောက်  မိုးစပါး ၄၆၄၂ ဧကတွင် ၄၈ ဧကနှင့် ဆည်ငယ်ကန်ငယ်တွင် မိုးရေဝင်ရောက်မှု နည်းပါးခြင်းတို့ကြောင့် ၂၉၂၃ ဧကတွင် ၂၃ ဧကသာ စိုက်ပျိုးနိုင်သေးကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရကာ  ဝန်ယူနှင့်ဝန်လိုတမံများမှ မိုးစပါးစိုက်ပျိုးရန် ဆည်ရေမရှိသောကြောင့် ရေပေးဝေနိုင်မှု မရှိကြောင်း ဆည်မြောင်းဦးစီးဌာနမှသိရှိရသည်။ 


တောင်သူများက ယခင်နှစ်များတွင် ဝါဆိုမိုး ဖြိုင်ဖြိုင်ရွာသွန်းခဲ့ပြီး လယ်မြေများအခြားသီးနှံများ ဖြစ်ထွန်းအောင်မြင်မှု ရှိခဲ့သော်လည်း ယခုနှစ်မှ မိုးရွာသွန်းမှုမရှိ တိမ်ပို့မိုးအဆင့်လောက်သာ ရွာသွန်းပြီး စိုက်ပျိုးရေ မရှိကြောင်း မိုးရွာသွန်းမှုလျှင်   မိုးကောင်းသောက် လယ်မြေများအတွက် စိုက်ပျိုးရန် ပျိုးထောင်ထားရှိပြီးဖြစ်သော်လည်း စိုက်ပျိုးနိုင်ရန်  မိုးကိုသာမျှော်လင့်မိ ကြောင်း၊ ရေတွင်းနီးသည့် လယ်မြေများကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးနေကြောင်း၊ အခြားသီးနှံများကို တိုက်ရိုက် အစေ့ချ အခြောက်ချစနစ်ဖြင့်သာ စိုက်ပျိုးမှု အနည်းငယ်ဆောင်ရွက်ထားရှိပြီး မိုးနှောင်းကာလနှင့် မိုးလွန်ကာများတွင် မိုးရွာသွန်းမှု များနိုင်သည့်အတွက် ဆောင်သီးနှံဖြစ်ထွန်းမှုကိုသာ မျှော်လင့်မိကြောင်း ဒေသခံတောင်သူများထံမှပြောကြား သိရှိရသည်။


စိုးလင်းနိုင်(IPRD)