ဆိပ်ဖြူမြို့နယ်တွင် ယောချောင်းအတွင်း ရေဆင်းချိုးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

ဆိပ်ဖြူ  ၃ ဩဂုတ်

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ယောချောင်းအတွင်းသို့ ရေဆင်းချိုးရာ၌ အမျိုးသားတစ်ဦး  ဩဂုတ် ၂ ရက်နေ့ ည ၇ နာရီခန့်က ရေနစ်သေးဆုံးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဩဂုတ် ၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ရေနစ်သေဆုံးခဲ့သူ သိန်းဇော်၊ အသက် ၄၃နှစ် သည် ၎င်း၏ သူငယ်ချင်းအဖော် အမျိုးသား (၃) ဦးနှင့်အတူ ယောချောင်းအတွင်း ရေဆင်းချိုးခဲ့ကြပြီး ည ၇ နာရီခန့်တွင် ရေနစ်ပျောက်ဆုံးက  ပြန်ပေါ်မလာ၍ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့ရာ ရေနစ်ပျောက်ဆုံးသူအား မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး  ဦးအောင်ဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေလုပ်သားများ၊ ဒေသခံပြည်သူတို့က ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်ဖြင့် ယောချောင်း နှင့် ဧရာဝတီမြစ်ဆုံနေရာများ၊ ချောင်းကမ်းဘေး ခြုံများအတွင်းသို့ ရှာဖွေခဲ့သည်။

 

mdn

 

ယင်းသို့ရှာဖွေရာ ရေနစ်ပျောက်ဆုံးသူအား မတွေရှိကြောင်း၊ ဩဂုတ် ၃ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ပူးပေါင်းဖွဲ့သည် မီးသတ်တပ်ဖွဲ့ရေယာဉ်၊ ရေလုပ်သမားများ၏ လှေများနှင့် ငါးမျှားချိတ်များအသုံးပြု၍ ဆက်လက်ရှာဖွေခဲ့ရာ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရေနစ်ပျောက်ဆုံးသူ သိန်းဇော်အား ရှာဖွေတွေ့ရှိခဲ့ပြီး ရေနစ်သေဆုံးသူ၏ အလောင်းအား သင်္ဂဟ လူမှုကူညီရေးယာဉ်ဖြင့် ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပြီး ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ ဆိပ်ဖြူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။    

                                                                                                           

ကိုဇွဲ(အညာမြေ)