ဆိုက်ပရပ်စ်နှင့် အစ္စရေးတို့ အကြီးမားဆုံးပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်

နီကိုရှာ မေ ၃၀

 

ဆိုက်ပရပ်စ်နှင့် အစ္စရေးတို့သည် ဆိုက်ပရပ်စ်နိုင်ငံ၌ ကြည်း၊ လေ၊ ရေပိုင်နက်အတွင်း အကြီးမားဆုံး နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှု ကို မေ ၂၉ ရက်တွင် စတင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ။

 

ကြာသပတေးနေ့တွင် အဆုံးသတ်မည်

Agapinor 2022 ဟု အမည် ပေးထားသော အဆိုပါစစ်ရေး လေ့ကျင့်မှုကို ဆိုက်ပရပ်စ် ပိုင်နက်နယ်နိမိတ်အတွင်း အဓိက ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံ စလုံးမှ ကြည်းကြောင်း၊ လေကြောင်းနှင့် ရေကြောင်းတပ်ဖွဲ့ ဝင်များ ပါဝင်မည်ဖြစ်ပြီး ကြာသပတေးနေ့တွင် အဆုံး သတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်

စစ်ဘက်ဆိုင်ရာမှ ပြုလုပ်သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် လက်ရှိအချိန်အထိ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ် လာမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်များကို ကိုးကားပြီး ဆိုက်ပရပ်စ် မီဒီယာက ဖော်ပြထားသည်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြား သဘောတူညီထားသည့် နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံကြားကာကွယ်ရေးနှင့် လုံခြုံရေး နယ်ပယ်တွင် ပြောင်မြောက် သော ဆက်ဆံရေးကိုဖော်ပြနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အစ္စရေးကာကွယ်ရေးဝန်ကြီး ဘင်ဂျမင်ဂျန့်ဇ်သည် စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ် တစ်ပိုင်းကို ကြည့်ရှုမည်ဖြစ်ကြောင်း အစ္စရေးမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။ သို့သော်လည်း အသေးစိတ်ကိုဖော်ပြထားခြင်း မရှိပေ။ အစ္စရေး အထူးတပ်ဖွဲ့ဝင်များနှင့် စစ်လေယာဉ်များစွာသည် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်းပြော ကြားသည်။

 

ဆင်ဟွာ