တွံတေး ဖေဖော်ဝါရီ ၂၀

 

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တွံတေးတူးမြောင်းမှ မွေးမြူရေးဇုန်သို့ ဆိုလာစနစ်သုံး ရေတင်စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် မူးလမန်းကျေးရွာအနီးတွင် ကျင်းပသည်။

 

ယခုဖွင့်လှစ်သည့် တွံတေးတူးမြောင်း (ဆိုလာ-လျှပ်စစ်ရေတင်) လုပ်ငန်းတွင် ကနဦး ရေလိုအပ်ချက် တစ်ရက် ရေဂါလန် ရှစ်သိန်းခန့် ရောက်ရှိနိုင်ရန် တစ်နာရီလျှင် ရေဂါလန် ၆၆၀၀၀ တွန်းတင်နိုင်မည့် ပန့်နှစ်စုံနှင့် အမြင့်တင်၊ အဝေး တွန်းနိုင်မည့် ၇၅ ကီလိုဝပ်မော်တာနှစ်ခုတို့ကို တွဲဖက်ထားကာ မော်တာများ လည်ပတ်နိုင်ရန် ၅၉၀ နှင့် ၅၈၅ ဝပ် ဆိုလာ ၅၁၂ ချပ်ဖြင့် တည်ဆောက်ခဲ့ရာ စုစုပေါင်း ပန့်၊ မော်တာ နှစ်စုံအတွက် ကီလိုဝပ် ၃၀၀ ဆိုလာ စွမ်းအင် ထုတ်ပေးနိုင်ကြောင်း သိရသည်။

 

ပြန်လည်ပြောကြား

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက နှစ်ချပ်တွဲ အနိမ့်တင် ဆိုလာပန့် ၁၈ စုံကို တွံတေးမြို့နယ်မှ တောင်သူများနှင့် တာဝန်ရှိသူများအား လည်းကောင်း၊ နှစ်ချပ်တွဲ အနိမ့်တင် ဆိုလာပန့် ၁၆ စုံကို ကော့မှူးမြို့နယ်မှ တောင်သူများနှင့် တာဝန်ရှိသူများအား လည်းကောင်း၊ နှစ်ချပ်တွဲ အနိမ့်တင် ဆိုလာပန့် ၃၅ စုံကို ကွမ်းခြံကုန်းမြို့နယ်မှ တောင်သူများနှင့် တာဝန်ရှိသူများအား လည်းကောင်း၊ နှစ်ချပ်တွဲ အနိမ့်တင် ဆိုလာပန့် ၁၀ စုံကို ဒလမြို့နယ်မှ တောင်သူများနှင့် တာဝန်ရှိသူများအားလည်းကောင်း ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တွံတေးမွေးမြူ ရေးဇုန်ဥက္ကဋ္ဌ ဦးတင်ရွှေက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ဆိုလာစနစ်ဖြင့် တွံတေးတူးမြောင်းမှ မွေးမြူရေးဇုန်သို့ ဆိုလာစနစ်သုံး ရေတင်စီမံကိန်းဖွင့်ပွဲကို တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး၊ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ တွံတေး မွေးမြူရေးဇုန်ဥက္ကဋ္ဌ ဦးတင်ရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ဖျော်ဖြေရေးအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ပြီး တွံတေးတူးမြောင်းမှ မွေးမြူရေးဇုန်သို့ ဆိုလာစနစ်သုံး ရေတင်စီမံကိန်းကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)