ဆိုလာပြား အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

ကျောက်ပန်းတောင်း   ၁၂   မတ်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ညောင်တိုအရှေ့ကျေးရွာတွင် မတ် ၁၁ ရက် ညနေ ၅ နာရီ ၄၀ မိနစ်က နေအိမ်ခေါင်မိုးပေါ်တွင် ထားရှိသော ဆိုလာပြား အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ဌေး ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင် (၁၂) ဦး၊ အရန်မီးသတ် ဝင် (၁၀)ဦးတို့နှင့်အတူ မီးသတ်ယာဉ် (၃) စီးဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုသည် ညောင်တိုအရှေ့ကျေးရွာနေ ဦးစိုးအောင်၏ နေအိမ်ရှိ ဆိုလာပြားဖြင့် ဘက္ကထရီအိုးအားသွင်းရာမှ ဆိုလာပြား အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း မြေစိုက် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)