ဆိုင်ကလုန်း(မိုခါ)ကျရောက်ခဲ့သော ရခိုင်ပြည်နယ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆေးကုသမှု အဖွဲ့များ ကွင်းဆင်းဆေးကုသမှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇွန် ၂၃

 

ကျန်းမာရေးဝန်ကြီးဌာနသည် ဆိုင်ကလုန်း(မိုခါ)ကျရောက်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျန်းမာရေး စောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းမကျရောက်မီကပင် ကျန်းမာရေး ကဏ္ဍဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ပြီး မုန်တိုင်းကျရောက်ပြီးချိန်တွင်လည်း အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစ်ပြိုင်နက် ဆောင်ရွက်လျက်ရှိပြီး ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများရှိ ထိခိုက်ပျက်စီးခဲ့သော အဆောက် အအုံများ အမြန်ဆုံးပြင်ဆင် ပြီးစီးစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်ပံ့ပိုးမှုဖြင့် နှီးနွယ်ဆက်စပ်သော ဝန်ကြီးဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ယနေ့အထိ အထူးကုဆေးအဖွဲ့(၁၇)ဖွဲ့ စေလွှတ်ပြီးဖြစ်ပြီး ရခိုင်ပြည်နယ်၌ လက်ရှိတာဝန် ထမ်းဆောင် လျက်ရှိသည့် ဆေးအဖွဲ့ (၃)ဖွဲ့ရှိသည်။

 

အဆိုပါ အထူးကု ဆေးအဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ ကျောက်တော်မြို့၊ မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့၊ ပေါက်တောမြို့၊ မြောက်ဦးမြို့၊ မြေပုံမြို့တို့ရှိ ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး အရေးပေါ်ကုသမှုများ ဖြစ်သည့် အူသိမ်ပေါက်သည့်လူနာ၊ အူအတက်ပေါက်သည့်လူနာများ၊ အရိုး၊အကြောဆိုင်ရာခွဲစိတ် ကုသမှုများ အပါအဝင် ခွဲစိတ်ကုသမှု (၅၉)ကြိမ်ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

မျက်စိအထူးကုဆေးအဖွဲ့သည် စစ်တွေမြို့ရှိမျက်စိအထူးကုဆရာဝန်ကြီး၊ မျက်စိကျွမ်းကျင်သူနာပြုများနှင့် အတူ ကွင်းဆင်းကုသမှုများတွင် လိုက်ပါဆောင်ရွက်ခြင်းနှင့် ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့၌ မျက်စိရောဂါ ပြင်ပလူနာများကြည့်ရှုကုသပေးခြင်း၊ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၂ ရက်အထိ ကွင်းဆင်းကုသမှု၌ ဒေသခံပြည်သူ (၃၂၃)ဦးကိုလည်းကောင်း၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့၌ မျက်စိ ပြင်ပလူနာ (၂၆၂)ဦး ကိုလည်းကောင်း ကြည့် ရှုကုသပေးနိုင်ခဲ့ပြီး ခွဲစိတ်ကုသမှုအဖြစ် အတွင်းတိမ်ခွဲစိတ်မှု (၂၅)ကြိမ်နှင့် အခြားခွဲစိတ်ကုသမှု (၁၀)ကြိမ် စုစုပေါင်း (၃၅)ကြိမ် ဆောင်ရွက် နိုင်ခဲ့သည်။

 

ထို့ပြင် အထူးကုဆရာဝန်များ တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့၊ ခရိုင်ပြည်သူ့ ဆေးရုံ၊ မောင်တောမြို့၊ ပြည်သူ့ဆေးရုံ၊ တောင်ကုတ်မြို့နှင့် ပြည်သူ့ဆေးရုံ၊ ဘူးသီးတောင်မြို့တို့မှ အထူးကုဆရာဝန်များသည် နီးစပ်ရာမြို့နယ်များ၊ ကျေးရွာများသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်လျက်ရှိရာ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ အထူးကုဆေးအဖွဲ့သည် ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့၊ စစ်တွေမြို့နယ် -မင်းဂံရပ်ကွက်၊ သင်ပုန်းတန်း ကျေးရွာ၊ ကြွီတဲကျေးရွာနှင့် ကြက်ကိုင်းတန်းကျေးရွာများသို့ လည်းကောင်း၊ ပြည်သူ့ဆေးရုံ တောင်ကုတ်မြို့မှ အထူးကုဆေးအဖွဲ့သည် မာန်အောင်မြို့သို့ လည်းကောင်း၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မောင်တောမြို့မှ အထူးကုဆေးအဖွဲ့သည် မောင်တော မြို့နယ်ရှိ ကျေးရွာများနှင့် ရသေ့တောင်မြို့နယ်များသို့လည်းကောင်း၊ ပြည်သူ့ဆေးရုံ ဘူးသီးတောင်မြို့မှ အထူးကုဆရာဝန်များ သည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်းကောင်း ကွင်းဆင်း ကုသမှုဆောင်ရွက်ခဲ့ပြီး ဇွန် ၂၂ ရက်နေ့ထိ ဒေသခံပြည်သူ (၉,၅၀၁)ဦးအား ဆေးကုသမှုများ ဆောင်ရွက် နိုင်ခဲ့သည်။

 

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(စစ်တွေမြို့)တွင် သူနာပြု-သားဖွား ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ တတိယနှစ်သင်တန်းကို ဇွန် ၅ ရက်တွင်လည်းကောင်း၊ ဒုတိယနှစ်သင်တန်းကို ဇွန် ၁၉ ရက်တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်ပြီးဖြစ်၍ တတိယနှစ် သင်တန်းသား သင်တန်းသူ (၂၂၆)ဦးနှင့်  ဒုတိယနှစ် သင်တန်းသား သင်တန်းသူ (၁၃၉) ဦး စုစုပေါင်း (၃၆၅)ဦး တက်ရောက်လျက်ရှိပြီး ကျန်သင်တန်း များကိုလည်း ဆက်လက်ဖွင့်လှစ်မည် ဖြစ်သည်။

 

နှလုံးရောဂါ၊ ဆီးနှင့်ကျောက်ကပ်ရောဂါ၊ အဆုတ်နှင့်ရင်ခေါင်းရောဂါ၊ အရိုး၊ အကြော/အဆစ် ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ၊ သွေးရောဂါ၊ အရေပြားရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါနှင့် အထွေထွေရောဂါကုသမားတော်ကြီးများ ပါဝင်သောအဖွဲ့သည် စစ်တွေမြို့သို့ မကြာမီ သွားရောက်၍ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)