ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက်သတင်းများနှင့်ပတ်သက်၍  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်

 

နေပြည်တော်၊ မေ ၇

ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့  ခန့်မှန်းချက်သတင်းများ ထွက်ပေါ်လာမှုနဲ့ပတ်သက်ပြီး အခုအချိန်မှာ အချို့သော သတင်း မီဒီယာများက နာဂစ်မုန်တိုင်းကဲ့သို့ ပြင်းထန်မယ်ဆိုပြီး ပြောကြားလျက်ရှိနေပါတယ်။ ပြည်သူ လူထုအနေနဲ့ အဆိုပါသတင်းများကို ကြည့်ရှုပြီး  စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။  ဒါကြောင့် မုန်တိုင်းရဲ့ လက်ရှိအခြေအနေနဲ့ အစိုးရရဲ့ စီမံ ဆောင်ရွက်ထားမှုများနဲ့  ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ အခုလို ဖြေကြားထားပါတယ် -

 

ဖြေ ။ ။ ပထမဆုံးအနေနဲ့ သဘာဝဘေးအန္တရာယ် အခြေအနေ၊ မြန်မာနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့မှုအခြေအနေ၊ ဒီဟာတွေပြီးရင်တော့ နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်သူလူထူကို အသိပေးချင်တာလေးတွေ ဖြေကြားပေးပါမယ်။

ကမ္ဘာမှာတော့ သဘာဝဘေး အန္တရာယ်ကျရောက်မှုက တစ်နှစ်ထက်တစ်နှစ်တော့ ပိုများလာတာ ရှိပါတယ်။ ၁၉၈၀ မတိုင်ခင်တုန်းကတော့ ပျမ်းမျှတစ်နှစ်ကို ခန့်မှန်းအကြိမ် ၆၀ လောက် ဖြစ်တယ်လို့ ထုတ်ပြန်ထားတာတွေ ရှိပါတယ်။ ၂၀၀၅ ခုနှစ်မှာကတော့ တစ်နှစ်ကို အကြိမ် ၂၄၀ သုံးဆလောက်ဖြစ်တယ်။ ၂၀၁၅ မှာကတော့ ၅၃၇ ကြိမ် ဖြစ်လာတယ်ဆိုတာ တွေ့ရပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာလည်း ကြိုတင်ပြီး ချိန်းဆိုထားတဲ့အရာမဟုက် တော့ ဘယ်လိုပဲတိုးတက်ခေတ်မီတဲ့ ကိရိယာတွေအသုံးပြုပြု အသေးစိတ် တိကျစွာ ခန့်မှန်းတွက်ချက်ဖို့ ခက်ပါတယ်။ ဒါကြောင့်မို့ အရေးကြီးတာက သဘာဝဘေးအန္တရာယ်ကို ကာကွယ်တာ၊ ပြန်လည်ထူထောင်တာ လျင်လျင်မြန်မြန် ပြန်လည်တုံ့ပြန်နိုင်တဲ့ စွမ်းရည်က ပိုပြီးအဓိကကျပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့ သတင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မေလအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခဲ့မှု ၁၄ ကြိမ်ရှိပါတယ်။ ၁၉၆၈ ခုနှစ်မှ ၂၀၁၈ အထိပါ။ အပြင်းထန်ဆုံးက ၁၉၉၄ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းလေတိုက်နှုန်း ၁၄၅ မိုင်လောက် ရှိပါတယ်။ ၂၀၀၈ ခုနှစ် ဧရာ ဝတီတိုင်းမှာဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းလေတိုက်နှုန်းက ၁၄၅ မိုင် ရှိပါတယ်။ လက်ရှိမုန်တိုင်းအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်သတိထားပြီး စောင့်ကြည့်ဆောင်ရွက်လျက် ရှိပါတယ်။

 

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်

 

ဒီနေရာတွေမှာ ခုနကပြောခဲ့သလို ခန့်မှန်းတွက်ချက်မှုတွေပဲ ရှိပါတယ်။ ခန့်မှန်းတွက်ချက်မှု လုပ်တဲ့နေရာမှာ စံထားသုံးခုနဲ့ ဆောင်ရွက်ပါတယ်။ တစ်ခုကတော့ global forecasting models (GFS) ဒေတာတွေနဲ့လုပ်တယ်။ နောက်တစ်ခုကတော့ euoropean center for medium- range weather forecast (ECMWF) ဒေတာနဲ့ ခန့်မှန်းထားတာရှိတယ်။ ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက global forecasting models (GFS) နဲ့ လုပ်ထားတာရှိပါတယ်။ အဲဒီလိုဆောင် ရွက်တဲ့နေရာမှာ ခန့်မှန်းချက်တွေအရတော့ ဘင်္ဂလားပင်လယ်အော် အတွင်းမှာ မေလ ၈ ရက်နေ့လောက်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းက အားကောင်းပြီး ၉ ရက်နေ့လောက်မှာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိပြီး မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားတာ ရှိပါတယ်။ ဒီလိုခန့်မှန်းတဲ့ နေရာမှာလည်း သုံးခုကို GFS ဒေတာကို ခန့်မှန်းထားတာကတော့ ၁၂ ရက်နေ့ ညနေပိုင်း ၆ နာရီကျော်ကျော်လောက်မှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ အနီးကနေ ဖြတ်နိုင်တယ်လို့ ခန့်မှန်းပြီး ယူရိုပီယံရဲ့ခန့်မှန်းချက်ကတော့ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူကြားဖြတ်နိုင်တယ်ဆိုပြီး ခန့်မှန်းပါတယ်။

 

အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်

 

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ GFS နဲ့ ခန့်မှန်းတာကတော့ ၁၅ ရက်နေ့ မနက်ပိုင်းလောက်မှာ ရခိုင်ပြည်နယ် စစ်တွေအနီး ဖြတ်ကျော်နိုင်တယ်ဆိုပြီးတော့မှ ခန့်မှန်းထားတာ ရှိပါတယ်။ ဒါတွေကို သုံးသပ်ကြည့်တော့ လမ်းကြောင်းနှစ်ခု တွေ့ရပါတယ်။ တစ်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နဲ့ ကွမ်းခြံကုန်း မြို့နယ်တွေမှာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်ပြီး လမ်းကြောင်းနှစ်ကတော့ ရခိုင်ပြည်နယ်ကိုဖြတ်ပြီး စစ်တွေနဲ့ ကျောက်ဖြူကြားမှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ရောက်နိုင်တာတစ်ခု ခန့်မှန်း ထားပါတယ်။ ဒါတွေကတော့ ခန့်မှန်းချက်ဖြစ်ပြီး ဒါထက်ပိုပြီး တိကျတာကတော့ မုန်တိုင်းငယ်အဖြစ် ကူးပြောင်းပြီး လမ်းကြောင်းကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ အကြမ်း ပျမ်းမျှခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအတွင်းကို မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့လောက်မှာ မုန်တိုင်း ဝင်ရောက်လာနိုင်တယ်လို့ အကြမ်းဖျင်းခန့်မှန်းပါတယ်။ လေဖိ အားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ် ဖြစ်မလာသေးဘူးပေါ့။ သွားတဲ့လမ်းကြောင်းတွေကြည့်ပြီး တိကျစွာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ခန့်မှန်းချက်အားလုံးကတော့ တိုင်းထွာတဲ့အချိန်ရယ်၊ အသုံးပြုတဲ့ပုံစံနဲ့ အသုံးပြုတဲ့ဒေတာတွေပေါ်မှာမူတည်ပြီး အမျိုးမျိုး ပြောင်းလဲနိုင်ပါသေးတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေနဲ့ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ မုန်တိုင်းဖြစ်လာပြီဆိုရင်လည်း မုန်တိုင်းအဆင့် သတ်မှတ်ချက်တွေဖြစ်တဲ့ အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အညိုရောင်အဆင့်၊ အစိမ်းရောင်အဆင့် ဒါတွေနဲ့အချိန်မီပြည်သူများသိအောင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

 

အဝါရောင်အဆင့်ကတော့ ဘင်္ဂလား ပင်လယ်အော်နဲ့ ကပ္ပလီပင်လယ် မုန်တိုင်းစတင်နေပြီ အဆင့်မျိုး၊ လိမ္မော်ရောင်အဆင့်ဆိုရင် စတင်ပြီးတော့ ခန့်မှန်းချက်တွေအရ မြန်မာ့ကမ်းရိုးတန်း ကို ဦးတည်နေပြီ၊ အဝါရောင်အဆင့်ဆိုရင်ဖြင့် မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းကို နီးကပ်နေတဲ့အချိန်၊ အညိုရောင်အဆင့်ကတော့ မြန်မာ့ကမ်းရိုးတန်း ဖြတ်ကျော်နေတဲ့အချိန်၊ အစိမ်းရောင်အဆင့်ကတော့ ကုန်းတွင်းပိုင်းဝင်ရောက် အားပျော့တဲ့အချိန် ဒါတွေကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာဖြစ် ပါတယ်။ အခုချိန်မှာ အလေးထားပြီး ပြောရမယ်ဆိုရင် မုန်တိုင်းငယ်အဖြစ် မရောက်သေးပါဘူး။ လေဖိအားနည်းရပ်ဝန်းအဆင့် ရှိပါသေးတယ်။ ခန့်မှန်း တွက်ချက်မှုပဲ ဖြစ်ပါတယ်။

 

ဒါပေမယ့် ပေါ့ဆလို့မရပါဘူး။ နိုင်ငံပိုင် မီဒီယာများဖြစ်တဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နိုင်ငံပိုင် Radio FM မှတစ်ဆင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ကြေညာချက်တွေ၊ မုန်တိုင်းသတိပေးချက်တွေကိုလည်း ကြေညာပေးနေပါတယ်။ ဒါ့အပြင်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆက်သွယ်ရေး အော်ပရေတာမှတစ်ဆင့် ပြည်သူလူထုကိုင်တဲ့ ဖုန်းထဲကို SMS တွေပေးပို့ပြီး သတိပေးလျက်ရှိပါတယ်။ အခြားမီဒီယာတွေကလည်း ထုတ်လွှင့်နေတာရှိပါတယ်။ ကျွန်တော်ပြောချင်တာက ခန့်မှန်းတွက်ချက်မှုတွေဖြစ်ပြီး စိုးရိမ်မှုလွန်ကဲမှု မလိုအပ်သလို ပေါ့လျော့လို့လည်း မရပါဘူး။ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မုန်တိုင်းအခြေအနေနဲ့ ပတ်သက်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အလေးထားဆောင်ရွက် လျက်ရှိပါတယ်။ ဝန်ကြီးချုပ်ညွှန်ကြားချက်နဲ့ မနေ့ကပဲ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင်ဦးစီးပြီး ဆောင်ရွက်ခဲ့ပါတယ်။ အဓိကအချက် လေးချက်ဆွေးနွေးခဲ့ပြီး တစ်ကတော့ မုန်တိုင်း ဝင်လာမယ်ဆိုရင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အခုကတည်းက ကြိုတင်ပြင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ မုန်တိုင်းဝင်လာရင် အရေးတကြီး ပစ္စည်းတွေဖြစ်တဲ့ ဆက်သွယ်ရေးစက်၊ ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့်ခွဲပြီးပို့ဖို့ အခုကတည်းက ညွှန်ကြားလိုက်ပြီးဖြစ်ပါတယ်။ ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကနေ အဆုံးအရှုံးအနည်းဆုံးနဲ့ ကျော်လွှားနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သုံးအချက်အနေနဲ့ကတော့ မုန်တိုင်းက အခြားနေရာကို ပြောင်းသွားရင်လည်း ကြိုတင်ပြင်ဆင်ခြင်းက လေ့ကျင့်ခြင်း အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။

 

 

ကယ်ဆယ်ရေးပစ္စည်းများစုပုံထား

 

လေးအချက် အနေနဲ့ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောင်ရွက်ခြင်းတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တုံ့ပြန်ဆောင်ရွက်ခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူပါပဲ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီရဲ့အောက်မှာ လုပ်ငန်း ကော်မတီ ၁၂ ခု ရှိပါတယ်၊။ ဥပမာ - ရှာဖွေကယ်ဆယ်ရေး ဆပ်ကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်လည် ထူထောင်ရေးဆပ်ကော်မတီ၊ လုပ်ငန်းကော်မတီအသီးသီးကလည်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုအဖြစ် ထိခိုက်ခံရနိုင်ခြေများတဲ့နေရာတွေ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် ဘေးဒဏ်ခံနားခိုတဲ့ အဆောက်အအုံတွေ ဆိုင်ကလုန်း ရှယ်တာ ၄၇ ခု၊ ဘေးဒဏ်ခံတည်ဆောက်ပြီး ၁၁၈ ခု၊ တည်ဆောက်ဆဲ ၁၇ ခု ရှိပါတယ်။ ကယ်ဆယ်ရေးပစ္စည်းများကိုလည်း စုပုံထားပြီးဖြစ်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်တဲ့ တိုင်းဒေသကြီးအဆင့်မှာ တစ်ခု၊ ခရိုင်အဆင့်မှာ ခြောက်ခု၊ မြို့နယ်အဆင့် ခြောက်ခုမှာ အိမ်ထောင်စု ၆၀၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ အသုံးပြုရမယ့် ကယ်ဆယ်ရေးပစ္စည်း တွေကို ဖြန့်ခွဲထားပြီး ဖြစ်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေမှာ သူ့ကိုယ်တာအလိုက် ပါပါတယ်။

 

ဝတ်ဖို့စားဖို့ လုံချည်၊ ထဘီကအစ၊ စောင်ထူနဲ့ ခြင်ထောင်တွေကအစ၊ ချက်ပြုတ် စားသောက်ဖို့အတွက် ဒန်အိုး၊ ဇလုံ ဒါတွေကအစ၊ မိုးရေခံတာပေါ်လင်စများကို ခန့်မှန်းတွက်ချက်၍ စုပုံထားပြီး ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး အရေးပေါ်သုံး ပစ္စည်းတွေအနေနဲ့ ဖိုက်ဘာစက်လှေ ၅၉ စင်း၊ အသက်ကယ်အင်္ကျီအထည် ၂၅၀၀ ခန့်နဲ့ အသက်ကယ်ဗောကွင်း၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တို့ကိုလည်း ဖြန့်ခွဲထားပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်းသုံးခွ မြို့နယ်များ၊ မြစ်ဝကျွန်းပေါ်နဲ့နီးသောနေရာများ၊ ကမ်းရိုးတန်းနဲ့နီးသောနေရာများမှာ ဆိုင်ကလုန်းရှယ်တာ အပါအဝင် နားခိုစရာအဆောက်အဦကိုးလုံး တည်ဆောက်ပြီးဖြစ်ပါတယ်။ ပြီးလျှင် အိမ်ထောင်စု ၅၀၀၀ အတွက် ထောက်ပံ့ရေးပစ္စည်းများ စုပုံထားပြီး ဖြစ်ပါတယ်။

 

ထောက်ပံ့မယ့်ပစ္စည်းတွေ အသင့်ရှိ

 

ရခိုင်ပြည်နယ်မှာ နားခိုရာအဆောက် အဦတည်ဆောက်ပြီး ၅၄ လုံးနဲ့ တည်ဆောက်ဆဲ ခြောက်လုံးဖြစ်ပါတယ်။ ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ တောင်ကုတ်၊ ဂွမြို့တွေမှာ ရှိပါတယ်။ သိုလှောင်ထားတဲ့ပစ္စည်းများက ပြည်နယ်အဆင့်တစ်ခု၊ ခရိုင်အဆင့် ငါးခု၊ မြို့နယ်အဆင့်သုံးခု၊ အိမ်ထောင်စု ၉၀၀၀ ခန့်အတွက် ထောက်ပံ့မယ့်ပစ္စည်းတွေ အသင့်ရှိပြီးဖြစ်ပါတယ်။ အရေးပေါ်သုံးမယ့် ဖိုက်ဘာစက်လှေ ၃၃ စင်း၊ အသက်ကယ်အင်္ကျီ ၅၀၀၀ ကျော်၊ ရေစုပ်စက်၊ ရေစုပ်ပိုက်များကိုလည်း လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မုန်တိုင်းဒဏ်ခံအဆောက်အဦ၊ သဘာဝ ဘေးအန္တရာယ်ဖြစ်လျှင် ခိုနားဖို့အတွက် အဆောက်အဦ ၁၄၃ လုံး ရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မနက်ဖြန် မေလ ၈ ရက်နေ့မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်နိုင်ဖို့၊ လျင်မြန်စွာတုံ့ပြန်နိုင်ဖို့အတွက် Disaster Managemenet Center ဖွင့်လှစ်ပြီး စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

 

 

ဒါ့အပြင် တပ်မတော်ပိုင်းအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ရင်းတပ်ဖွဲ့များကို သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမိန့် စောင့်စရာမလိုဘဲ ပြည်သူလူထုကို အမြန်ဆုံးကူညီရမယ်ဆိုပြီး ညွှန်ကြားပြီးဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌကိုယ်တိုင်ဦးစီးပြီး လုပ်ငန်းကော်မတီကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က ဦးစီးဆောင်ရွက် လျက်ရှိတယ်။ တပ်မတော်အဆင့်အနေနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေးအတွက် လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုများ ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်။ တိုင်းစစ်ဌာနချုပ်အဆင့်၊ ဒေသအဆင့်အနေနဲ့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ နောက်ဆုံးအပိုင်းအနေနဲ့ ပြည်သူလူထုကို အသိပေးချင်တာက နိုင်ငံပိုင် မီဒီယာတွေက၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်လွှင့်တာတွေကို အလေးထား နားထောင်လိုက်နာဖို့ အကြံပြုလိုပါတယ်။ ဒါ့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အသီးသီးက မုန်တိုင်းကျရောက်စဉ် လုပ်ဆောင်ရမယ့် အချက်များ၊ ရှောင်ရှားရမယ့် အကြံပြုချက်များကို ထုတ်ပြန်လျက်ရှိတယ်။ ပြည်သူများက လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ လေဖိအားနည်းရပ်ဝန်းအဆင့် ခန့်မှန်းချက်များဖြစ်တယ်။ သတိထားရမှာ ဖြစ်တယ်။ စိုးရိမ်လွန်ကဲဖို့ မလိုပါဘူး။ မုန်တိုင်း စတင်ဖြစ်ပေါ်လာပြီဆိုရင်­ အရောင်နဲ့ သတိပေးတဲ့စနစ်တွေ စတင်မှာဖြစ်ပါတယ်။

 

အဝါရောင်ဆိုရင် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မှာ မုန်တိုင်းစနေပြီ၊ အခြေအနေကို သတိထားဖို့လိုမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်သတင်း မီဒီယာတွေရဲ့ ထုတ်လွှင့်ချက်တွေကို သတိထားနားဆင်ဖို့ ဖြစ်ပါတယ်။ ဒီအဆင့်ကနေ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နေပြီး မုန်တိုင်းက မိမိနေထိုင်ရာ ဦးတည်ရွေ့လျားနေပြီဆိုရင် လိမ္မော်ရောင်အဆင့် ထုတ်ပြန်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ ပိုပြီးအထူးသတိထား စောင့်ကြည့်နားထောင်ဖို့လိုပါတယ်။ ဒီမုန်တိုင်းက မြန်မာ့ကမ်းရိုးတန်းကို ၁၂ နာရီအကြာလောက်မှာ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းပြီးပြီဆိုရင် အန္တရာယ်ရှိပြီဖြစ်လို့ အနီရောင်အဆင့် ထုတ်ပြန်မှာ ဖြစ်ပါတယ်။ စိတ်ချရတဲ့ နေရာတွေကို ပြောင်းရွှေ့နေထိုင်ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရတွေ၊ မြို့နယ်၊ ခရိုင်အဆင့်အုပ်ချုပ်ရေးအဖွဲ့တွေ၊ အမျိုးသားသဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့တွေက အချိန်မီတုံ့ပြန်သွားမှာဖြစ်ပြီး အညိုရောင်အဆင့် မုန်တိုင်းတိုက်ခတ်နေတဲ့ အဆင့်မှာလည်း လုံခြုံစိတ်ချရတဲ့အချိန်မှာ ခိုလှုံဖို့ဖြစ်ပါတယ်။ ပြီးမှထုတ်ပြန်ချက်တွေအရ အားပျော့သွားပြီဆိုမှ စိတ်ချရတဲ့ နေရာတွေ၊ မိမိနေရာတွေကို ပြောင်းရွှေ့နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

 

ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အဖွဲ့တွေက မုန်တိုင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ၊ အသေးစိတ်အသိပေးချက်တွေကို လုပ်ထားပါတယ်။ ဥပမာဆိုရင် မုန်တိုင်းတိုက်ခတ်နေစဉ်၊ မုန်တိုင်းဗဟိုဖြတ်နေစဉ်မှာ လေငြိမ်သွားမှာပဲ၊ ပြီးရင်တော့ ဆန့်ကျင်ဘက်ကပိုပြီး လေတိုက်ခတ်လာနိုင်တဲ့အတွက် လေငြိမ်သွားပြီဆိုပြီး အသေးစိတ် ထုတ်ပြန်ချက်ကအစ ဆောင်ရွက်ထားပါတယ်။ ဒါတွေကိုလည်း လိုက်နာကြဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။

 

ပြီးရင်တော့ ကောလာဟလတွေကို မယုံကြည်ကြဖို့နဲ့ တရားဝင် သတင်းမီဒီယာတွေရဲ့ သတင်းကိုနားစွင့်ဖို့ လိုတယ်လို့ပြောချင်ပါတယ်။ နိဂုံးချူပ်အနေနဲ့ကတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့က အားလုံးညွှန်ကြားပြီး ဖြစ်ပြီး လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိပါဘူး။ အစိုးရအနေနဲ့ မုန်တိုင်းသတင်းနဲ့ပတ်သက်ပြီး အလေးအနက်ထား စောင့်ကြည့်လျက်ရှိပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် ဦးစီးဆောင်ရွက်လျက် ရှိပါတယ်။ အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများအနေနဲ့အုပ်ချုပ်ရေး၊ စေတနာရှင်အဖွဲ့ အသီးသီးနဲ့ပူးပေါင်းပြီး ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ ပြည်သူများ သဘာဝဘေးအန္တရာယ်ကနေ အဆုံးအရှုံးအနည်းဆုံးနဲ့ ကျော်လွှားနိုင်စေရေးကို အခုချိန်ကစပြီး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားချင်ပါတယ်။

 

သတင်းစဉ်