ဆိုင်ကယ်ခိုးမှု စုစုပေါင်း ၆ မှုနှင့် ပတ်သက်၍ အမှုဖွင့်လှစ် အရေးယူ 

ပြင်ဦးလွင်  ၁၃   ဇွန်  


ပြင်ဦးလွင်မြို့မရဲစခန်းမှူး ဒုရဲမှူး လှိုင်မြင့်သိန်း၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုမြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းမင်းဦးနှင့် အဖွဲ့သည် ဇွန်လပထမပတ်  ည ၁၁ နာရီခွဲခန့်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀) သီရိပဒေသာ ကားကြီးကွင်းအနီး လမ်းမပေါ်၌  နံပါတ်မပါ FZ Yamaha အမျိုးအစားအနက်ရောင် ဆိုင်ကယ်တစ်စီး တွန်းလာသူ မသင်္ကာဖွယ်လူတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေး မေးမြန်းရာ ၎င်းလူငယ်မှာ ရဲမင်းထွန်း (ခ)လပ်ကီး၊ ဘူတာကျူး၊ ရပ်ကွက်ကြီး (၇)၊ ပြင်ဦးလွင်မြို့နေသူဖြစ်ကြောင်း သိရပြီး ၎င်းယူဆောင်လာသော ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိသည့်အပြင် နေအိမ်တစ်အိမ်မှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့်  စခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။


၎င်းအား စစ်ဆေးဖော်ထုတ် ဆောင်ရွက်ခဲ့မှုကြောင့် ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်း ဆေးလာရောက်ကုသသူများ ရပ်ထားသည့် ဆိုင်ကယ် ၅ စီးအား ခိုးယူရောင်းချထားသည်ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဆိုင်ကယ်ခိုးမှု စုစုပေါင်း ၆ မှုနှင့် ပတ်သက်၍ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


MDN