ဆိုင်ကယ်ပြင်ဆိုင်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

တပ်ကုန်း ၁၆ ဇန်နဝါရီ       


နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီက ဘုရင့်နောင်ရပ်ကွက်၊နယ်မြေ(၁၃)(ပိန်းတော)ရှိ ကိုသျှိုင်း(ခ)သျှိုင်းရန်နိုင်၏ ဆိုင်ကယ်ပြင်ဆိုင်သို့ မူးယစ်ဆေးဝါး သတင်းအရ ရှာဖွေဖမ်းဆီးခဲ့ရာ ၎င်းဆိုင်အတွင်း၌ ကိုကျော်သူဝင်း အသက်(၃၂)နှစ်၊ ကင်းသာကျေးရွာနေသူအား တွေ့ရှိရပြီး၊ ၎င်းဝတ်ဆင်ထားသည့် အင်္ကျီအိတ်ကပ်အတွင်းမှ WYစာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၃) ပြား၊ မူးယစ်ဆေးဝါးအသုံးပြုသည့်ဆက်စပ် ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။


၎င်းဖြစ်စဉ် စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့ မွန်းလွဲပိုင်းတွင် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် ကိုသျှိုင်း (ခ) သျှိုင်းရန်နိုင် အသက်(၂၈)နှစ်၊ ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ(၁၃)(ပိန်းတော)၏နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ ပိုက်ဆံအိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၁)ပြား၊အစိမ်းရောင် (၁)ပြားနှင့်မိုက်ကရိုဖုန်း(သီချင်ဆိုမိုက်)အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၉၃)ပြား၊ အစိမ်းရောင်(၂)ပြားအား ရှာဖွေတွေ့ရှိခဲ့သည်။ 


၎င်းဖြစ်စဉ်နှင့်ပတ်သက်သော ကိုကျော်သူဝင်းနှင့် ကိုသျှိုင်း(ခ)သျှိုင်းရန်နိုင်တို့ကို တပ်ကုန်းမြို့မရဲစခန်းမှ စစ်ဆေးအရေးယူထားကြောင်း တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN