စိုးသူရ 

 

ယနေ့ကမ္ဘာတွင် ဆယ်ကျော်သက်များနှင့် ကလေးများအကြား မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများ မှတစ်ဆင့် ဆိုရှယ်မီဒီယာသုံးစွဲမှုများ မြင့်တက်လာသည်ကို တွေ့ရှိရသည်။ ၎င်းတို့သည် အားလပ်ချိန် သုံးစွဲရာမှအစပြု၍ ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးစွဲ သူများဖြစ်လာပြီး ကျန်းမာရေးနှင့် နေ့စဉ် လူနေမှု ဘဝများကိုပါ ထိခိုက်လာနေကြောင်း လူမှုပတ်ဝန်းကျင်တွင် ကြားသိနေရသည်။

 

နိုင်ငံ ၄၄ နိုင်ငံမှ   ဆယ်ကျော်သက်များကို လေ့လာခဲ့ရာတွင် ၎င်းတို့အနက်မှ ၁၁ ရာခိုင်နှုန်း သည် ဆိုရှယ်မီဒီယာ စွဲလမ်းခြင်းနှင့် မသုံးစွဲရပါက စိတ်ဓာတ်ကျဆင်းခြင်းတို့ကို ခံစားရကြောင်း တွေ့ရှိရသည်။

 

ကမ္ဘာ့နိုင်ငံများရှိ  ဆယ်ကျော်သက်များ၏ ၃၆ ရာခိုင်နှုန်းသည် အွန်လိုင်းတွင် သူငယ်ချင်းများ နှင့် အချိန်ပြည့် ဆက်သွယ်နေကြောင်း လေ့လာမှုအရ သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏  ဥရောပ ဒေသဆိုင်ရာညွှန်ကြားရေးမှူး ဒေါက်တာ Hans Henri P Kluge က ဆိုရှယ်မီဒီယာသည် ဆယ်ကျော်သက်များ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း၊ ဆယ်ကျော်သက်နှင့် ကလေးများအပေါ် စိတ်ကျရောဂါ၊ အနိုင်ကျင့်မှု၊ စိုးရိမ်ပူပန်မှုနှင့် ပညာရေးစွမ်းဆောင်ရည်ညံ့ဖျင်းမှုတို့ကို ဖြစ်ပေါ်စေသည့် လူမှုမီဒီယာအလွန်အကျွံ အသုံးပြုမှုကို    ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဆယ်ကျော်သက်များနှင့် ကလေးများတွင် ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးစွဲခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အစာစားချိန်နှင့် အိပ်ချိန်မမှန်ခြင်းတို့ကို တွေ့ကြုံနေရကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

 

ထို့ကြောင့် ကျောင်းများတွင် ဆိုရှယ်မီဒီယာ သုံးစွဲမှုကြောင့်ဖြစ်လာနိုင်သည့် ကျန်းမာရေးအရ အကျိုးသက်ရောက်မှုများကို   ဆွေးနွေးရန်နှင့် လူမှုမီဒီယာများအား   ဝင်ရောက်ကြည့်ရှုနိုင်သည့် အသက်အရွယ်ကန့်သတ်ချက်တို့ကို သတ်မှတ်ရန် လူမှုမီဒီယာလုပ်ငန်းများက ဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားသည်။

 

ဂိမ်းဆော့ခြင်းနှင့် ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးစွဲခြင်းကြောင့် ဂျာမနီရှိသန်းနှင့်ချီသော ကလေးများနှင့် ဆယ်ကျော်သက်များတွင် သိသာထင်ရှားသည့် ဆိုးကျိုးများရှိလာခဲ့ကြောင်း လေ့လာမှုများအရ သိရသည်။

 

ဂျာမနီကျန်းမာရေးအာမခံကုမ္ပဏီ  DAK-Gesundheit နှင့် University Medical Center Hamburg-Eppendorf (UKE) တို့၏ ပူးတွဲလေ့လာ မှုအရ ဂျာမနီနိုင်ငံရှိ အသက် ၁၀ နှစ်မှ ၁၇ နှစ် ကြားရှိ လူဦးရေ ၁ ဒသမ ၃ သန်းသည် ဆိုရှယ် မီဒီယာအလွန်အကျွံသုံးစွဲနေကြောင်း တွေ့ရှိရသည်။

 

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းကြောင့် ကလေး ၂၅ ဒသမ ၂ ရာခိုင်နှုန်းသည် လူမှုရေး ပြဿနာများနှင့် တွေ့ကြုံခဲ့ရသည်ဟု သိရသည်။

 

“ကလေးများနှင့် ဆယ်ကျော်သက်များကြားတွင် မီဒီယာစွဲလမ်းမှုသည် ပြင်းထန်ပြီး ရေရှည် ပြဿနာတစ်ရပ်ဖြစ်လာသည်” ဟု DAK-Gesundheit ၏ CEO Andreas Storm က ဆိုသည်။ ဒစ်ဂျစ်တယ် ခေတ်တွင် ဆိုရှယ်မီဒီယာသုံးစွဲသူကလေးများနှင့် ဆယ်ကျော်သက်များအား ၎င်းတို့၏ ဆိုရှယ်မီဒီယာ သုံးစွဲမှုမှန်ကန်စေရေးအတွက် အကျိုးရှိသည့် လုပ်ဆောင်ချက်များကို အွန်လိုင်းတွင် ဆောင်ရွက် စေပြီး ထိန်းသိမ်းသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသရုံးတာဝန်ရှိသူ ဒေါက်တာ နာတာရှာ အဇာဗာဒီ မူစကတ်က ပြောကြားသည်။

 

သြစတြေးလျဖက်ဒရယ်ပါလီမန်သည် ယမန် နှစ် နိုဝင်ဘာလတွင် အသက် ၁၆ နှစ်အောက်လူငယ် များအတွက် ဆိုရှယ်မီဒီယာသုံးစွဲမှုတားမြစ်သည့် ဥပဒေကို အတည်ပြုခဲ့သည်။

ယခုနှစ်ကုန်တွင် အပြည့်အဝအသက်ဝင်လာမည့် ၎င်းဥပဒေသည် Facebook၊ Instagram၊ Snapchat အပါအဝင် သတ်မှတ်ထားသော လူမှုမီဒီယာပလက်ဖောင်းများသို့ အသက် ၁၆ နှစ် အောက်များ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားသည်။

 

အွန်လိုင်းဘေးကင်းရေး ပြင်ဆင်ချက် အက်ဥပဒေဟု လူသိများသော ယင်းဥပဒေအရ အွန်လိုင်းတွင် ဝန်ဆောင်မှုပေးသူများအနေဖြင့် ၁၆ နှစ်အောက်များကို ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အကောင့်များမပြုလုပ်နိုင်စေရေး တားဆီးရမည်ဖြစ်ပြီး သတ်မှတ်ချက်ကို မလိုက်နာသော ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကိုလည်း ပြစ်ဒဏ်များ ချမှတ်နိုင်သည်။

 

အဆိုပါဥပဒေပြဋ္ဌာန်းရခြင်းမှာ နိုင်ငံအတွင်း ဆိုရှယ်မီဒီယာများတွင် အချိန်ဖြုန်းသူ လူငယ်များ ရှိနေသောကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

 

သြစတြေးလျရှိ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ ဝန်ဆောင်မှုများသည် ကလေးများကို ကာကွယ်ရန်အတွက် ရုပ်သံကန့်သတ်ချက်များထားရှိသည်။

 

နိုင်ငံအတွင်း Apple နှင့် Google ကဲ့သို့သော ဝန်ဆောင်မှုများမှနေ၍ မသင့်လျော်သောအကြောင်း အရာများ ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ထားသည်။

 

ကမ္ဘာ့နိုင်ငံများကိုလေ့လာပါက ဆိုရှယ်မီဒီယာ သုံးစွဲခြင်းသည် လူငယ်များ၏ အပြုအမူအပေါ် ကြီးမားသောသက်ရောက်မှုရှိပြီး အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများ တိုးပွားလာခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။ ဆိုက်ဘာအနိုင်ကျင့်မှု၊ အုပ်စုဖွဲ့အကြမ်းဖက်မှုများသည် ဆိုရှယ်မီဒီယာ အသုံးပြုမှုနှင့် ဆက်စပ်လျက်ရှိသည်။ ဆိုရှယ်မီဒီယာတွင် အကြမ်းဖက်မှုကို ပုံမှန်ကြည့်ရှုသည့် လူငယ်များသည် ကြမ်းတမ်းသောအပြုအမူကို လက်ခံခြင်း၊ ရန်လိုသည့် ခံစားချက်များ များပြားလာခြင်းနှင့် လူမှုရေးနှင့် ဆန့်ကျင်သောအပြုအမူများ ပြုလုပ်မှုများ ပိုမိုများပြားလာသည်။

 

အုပ်ထိန်းသူများက ကူညီနိုင်

မိဘများအနေဖြင့် ၎င်းတို့၏ကလေးများ ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာအား လွဲမှားစွာအသုံးပြုခြင်းမှ ထိန်းကျောင်းကူညီ ပေးနိုင်ကြောင်း တွေ့ရှိရသည်။

 

အွန်လိုင်းတွင် အခြားသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လေးစားစောင့်ထိန်း ခြင်းနှင့် ဆိုက်ဘာအနိုင်ကျင့်သည့်လုပ်ရပ်များတွင် မပါဝင်သင့်ကြောင်း ကလေးများအား ဆွေးနွေးရမည် ဖြစ်သည်။ ဥပမာအားဖြင့် အွန်လိုင်းအသုံးပြုခြင်းထက် စာပေဗဟုသုတ လေ့လာခြင်းသည်ကောင်း ကြောင်း ကလေးများအား ပြောပြသင့်သည်။ ထို့ပြင် အွန်လိုင်းတွင် ဖြန့်ဝေသင့်သည့် အကြောင်းအရာများကို ကလေးများနှင့် ဆွေးနွေး ရမည်ဖြစ်သည်။

 

တတိယအချက်မှာ မိဘများသည် ၎င်းတို့၏ သားသမီးများကို အွန်လိုင်းတွင် အကျိုးရှိစေသည့် နည်းလမ်းဖြင့် တက်ကြွစွာပါဝင်ရန် တိုက်တွန်းသင့်သည်။ ဥပမာအားဖြင့် ကလေးများအား အွန်လိုင်းတွင် ကျွမ်းကျင်သူများဆွေးနွေးသည့် ဆွေးနွေးပွဲများကိုပြသပြီး အတုယူ ဆောင်ရွက်နိုင်စေရေး သင်ကြားပေးရမည်ဖြစ်သည်။

 

ထို့ပြင် ကျောင်းများ၊ ရပ်ကွက်များနှင့် လူမှုအသိုင်း အဝိုင်းများတွင် ဒစ်ဂျစ်တယ်နည်းပညာ၏ အကျိုး သက်ရောက်မှုများကို ဆွေးနွေးဟောပြောကြရမည် ဖြစ်သည်။ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ရာ ကလေးများနှင့် ဆယ်ကျော်သက်များအား အွန်လိုင်းကို အကျိုးရှိစွာ သုံးစွဲခြင်းဖြင့် အကျိုးများရရှိစေရေး ရေးသားလိုက်ရပါသည်။ ။

 

ကိုးကား -      Media addiction on rise among children in Germany