ဆက်ဆံရေး နှစ် (၇၀) ခရီးမှသည်....

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ

 

(ဤ မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် (၇၀) ပြည့် နှစ်နိုင်ငံချစ်ကြည်ရေး ဂုဏ်ပြုဆောင်းပါးတွင်ပါရှိသည့် ဖော်ပြချက်များသည် စာရေးသူ၏ အတွေ့အကြုံများနှင့် လေ့လာမှတ်သားထားသည့် အချက်များအပေါ် မူတည်ရေးသားထားသော စာရေးသူ၏ အာဘော်နှင့် ယူဆချက်များသာဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။)

 

(ယမန်နေ့မှအဆက်)

 

စီမံကိန်းများသည် မြန်မာနိုင်ငံ၏ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများနှင့် ကိုက်ညီမှုရှိ၍ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ပြည်သူများ၏ လူမှုအခြေခံများ တိုးတက်ကောင်းမွန်စေကာ ဒေသခံ ပြည်သူများ ပါဝင်လာစေရေးတို့အတွက် နှစ်ဖက် သဘောတူနိုင်ခဲ့ကြပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများကို ဖော်ဆောင်ကြရာတွင် ပိုမိုအောင်မြင်မှုများ ရရှိစေရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ချိတ်ဆက်နေသည့် ငြိမ်းချမ်းမှုရှိရေးသည်လည်း လွန်စွာအရေးကြီးပါသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသများ အေးချမ်းတည်ငြိမ်မှသာ ဆက်သွယ်မှုလမ်းကြောင်းများ၊ စီးပွားရေးဇုန်များ၊ အခြေခံ အဆောက်အအုံများနှင့် စီမံကိန်းများ ဖွံ့ဖြိုးလာစေမည်ဖြစ်ကြောင်းကိုလည်း နှစ်ဖက်သဘောတူကြပါသည်။

 

မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများ၏ အောင်မြင်မှုများဖြင့် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့်သာတူညီမျှမှုအတွက် အပြုသဘောဆောင်သည့် ရလဒ်ကောင်းကို ဖန်တီးပေးကြရမည် ဖြစ်ပါသည်။ စီမံကိန်းများကို လက်တွေ့ကျစွာ လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော်၍ ပြည်သူများအကျိုးကို ဖော်ဆောင်ကြရပါမည်။ နှစ်နိုင်ငံ ပြည်သူများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးကြရမည်ဖြစ်ပါသည်။ ရှိရင်းစွဲအပြန်အလှန် လေးစားမှုနှင့် နားလည်မှုများအပေါ် အခြေပြု၍ ပြည်သူချင်းတည်ငြိမ် အေးချမ်း ကောင်းမွန်ကာ တန်းတူရည်တူရှိသည့်ထိတွေ့ ဆက်ဆံရေး ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးကြရမည် ဖြစ်ပါသည်။

 

နှစ်နိုင်ငံဆက်ဆံရေး၏ ထူးခြားသောဝိသေသလက္ခဏာ

 

နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများအကြား ချစ်ကြည်ရေး ခရီးစဉ်များနှင့် အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်များ ကြိမ်ဖန်များစွာ အပြန်အလှန် သွားရောက်ခဲ့ကြခြင်းဖြင့် ခိုင်မာကောင်းမွန်သည့် ဆက်ဆံရေး အခြေခံကောင်းများ ချမှတ်နိုင်ခဲ့ကြပါသည်။ ထိုအစဉ်အလာကောင်းအား ခေတ်အဆက်ဆက်မှ ယခုအချိန်အထိပင် ဆက်လက်ဖော်ဆောင်လျက် ရှိနေပါသည်။ အပြန်အလှန်ခရီးစဉ်များ သွားရောက်ကြခြင်းဖြင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ တန်းတူရည်တူရှိမှုနှင့် အပြန်အလှန် နားလည်မှုများကို ဆတက်ထမ်းပိုး ပိုမိုတိုးတက် ဖြစ်ထွန်းစေခဲ့ပြီး အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ကြခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ထူးခြားသည့် ဝိသေသလက္ခဏာဟု ဆိုနိုင်ပါသည်။ ခေတ်အဆက်ဆက်တွင် နှစ်ဖက်ခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များမှတစ်ဆင့် အစဉ်အလာဆက်ဆံ ရေးကို မြှင့်တင် ပုံဖော်သွားနိုင်ခဲ့ကြပါသည်။ ။

 

၁၉၅၀ ပြည့်နှစ်တွင် နှစ်နိုင်ငံဆက်သွယ်ရေး စတင်ခဲ့ချိန်မှစ၍ ထိုစဉ်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ ကိုးကြိမ်တိုင် လာရောက်ခဲ့ပြီး ထိုခေတ် ထိုအချိန်က မြန်မာသမ္မတများ၊ ဝန်ကြီးချုပ် ဦးနု၊ ဦးဘဆွေနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့သည်လည်း တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ကြပါသည်။ တရုတ်သမ္မတ မစ္စတာလျှိုရှောင့်ချိသည် ၁၉၆၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အပြန်အလှန်အားဖြင့် မြန်မာခေါင်းဆောင်များလည်း တရုတ်နိုင်ငံသို့ သွားရောက် ခဲ့ကြပါသည်။ ။

 

ထိုနောက်ပိုင်း ၁၉၇၁ ခုနှစ်တွင် ထိုစဉ်က ဥက္ကဋ္ဌ ဦးနေဝင်း တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဆက်ဆံရေးကို တည်ငြိမ်စေခဲ့ပါသည်။ တရုတ်ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မဒမ်တိန့်ရင်နောင်သည် ၁၉၇၇ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ် မစ္စတာတိန့်ရှောင်ဖိန်သည် ၁၉၇၈ ခုနှစ်တွင်လည်းကောင်း၊ သမ္မတ မစ္စတာလီရှင့်နိုင်သည် ၁၉၈၄ ခုနှစ်တွင်လည်းကောင်း မြန်မာနိုင်ငံသို့ အသီးသီးလာရောက်ခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများတွင် တရုတ်ဝန်ကြီးချုပ် မစ္စတာလီပင်းသည် ၁၉၉၄ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယသမ္မတ မစ္စတာဟူကျင်တောင်သည် ၂၀၀၀ ပြည့်နှစ် တွင်လည်းကောင်း၊ သမ္မတ ကျန်ဇီမင်းသည် ၂၀၀၁ ခုနှစ်တွင် လည်းကောင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပါသည်။ ထိုအချိန်များက မြန်မာအကြီးအကဲများလည်း တရုတ် နိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြပါသည်။

 

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ထိုစဉ်က မြန်မာသမ္မတသည် တရုတ်နိုင်ငံသို့ ခြောက်ကြိမ် သွားရောက်ခဲ့ပြီး ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့လည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြပါသည်။ တရုတ်နိုင်ငံမှ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ဥက္ကဋ္ဌ ဝန်ကြီးချုပ် လီခချန်းနှင့် အခြားတရုတ် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပါသည်။

 

ယခင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့သည် သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံမဟုတ်သည့် နိုင်ငံများအနက် ပထမဦးဆုံး ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် သွားရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ၊ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဒုတိယအကြိမ် ရပ်ဝန်း နှင့်ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်များသို့ တက်ရောက်ကာ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့်လည်း နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် ထူးခြားသည့် ဝိသေသလက္ခဏာအရ နှစ်နိုင်ငံ ဆက်ဆံရေး ကို တိုးမြှင့်နိုင်ခဲ့ပါသည်။ ။

 

ထို့အပြင် မြန်မာနိုင်ငံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယသမ္မတများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့လည်း တရုတ်နိုင်ငံသို့ ခရီးစဉ်များ သွားရောက်ခဲ့ကြပြီး တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏ ထူးခြားသည့် ဝိသေသလက္ခဏာကို ပိုမိုပီပြင်စေခဲ့ပါသည်။  ခေတ်အဆက်ဆက်တွင် နှစ်ဖက်အကြီးအကဲ ခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များမှ အစဉ်အလာဆက်ဆံရေးကို မြှင့်တင်ပုံဖော် သွားနိုင်ခဲ့ကြပါကြောင်း ခရီးစဉ်များအား သမိုင်းမှတ်တမ်းများအဖြစ် ဖော်ပြလိုက်ရပါသည်။

 

 

ဆက်ဆံရေးအဆင့်တစ်ဆင့်တိုးမြှင့်နိုင်ခဲ့ခြင်း (သို့မဟုတ်) ဆက်ဆံရေးသမိုင်းမှတ်တိုင်သစ်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ခြင်း

 

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ပေကျင်းမြို့မှာ အပူချိန် ၅ ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိပြီး နေကောင်းစွာ သာလျက်ရှိပါသည်။ ကျွန်တော်သည် ခေါင်းပေါင်း၊ ရင်ဖုံးအကျီ၊ တောင်ရှည်ပုဆိုးတို့ဖြင့် ပေကျင်းမြို့ရှိ ခမ်းနားကြီးမားလှသည့် ပြည်သူ့ခန်းမဆောင်ကြီး (Great Hall) သို့ ရောက်ရှိခဲ့ပါသည်။ ယခင်အကြိမ်များက မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်များတွင် အဖွဲ့ဝင်အဖြစ်လိုက်ပါရင်း ရောက်ရှိခဲ့သော်လည်း ယခုတစ်ကြိမ်မှာ ကျွန်တော်၏ သံအမတ်ခန့်အပ်လွှာ (Credentials) အားပေးအပ်ရန် ဖြစ်ပါသည်။

 

သမ္မတ မစ္စတာရှီကျင့်ဖျင်ထံသို့ ကျွန်တော်၏ သံအမတ်ခန့်အပ်လွှာအား ပေးအပ်စဉ် သမ္မတကြီး ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က အဆွေတော်သမ္မတကြီးအား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ပါရန် ဖိတ်ကြားလိုက်ပါကြောင်း၊ မြန်မာအစိုးရနှင့် ပြည်သူများက အဆွေတော်သမ္မတကြီး မြန်မာနိုင်ငံသို့ လာရောက်မည်ကို ချစ်ကြည်ရင်းနှီးစွာဖြင့် နွေးထွေးစွာ ကြိုဆိုလျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်၏ အပြုံးဖြင့် ကြည်လင်နေသောမျက်နှာမှာ ပိုမိုတောက်ပသွားပါသည်။ ထို့နောက် သမ္မတကြီးက မိမိအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပါကြောင်း၊ နှစ်ဖက်အဆင်ပြေသည့်အချိန်ကို ဆက်လက်ညှိနှိုင်းသွားစေလိုပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ပေါက်ဖော်ချင်းယိ ဆက်ဆံရေး ဖြစ်ထွန်းလျက်ရှိသော အိမ်နီးချင်း နိုင်ငံများဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာ သွားရောက်မည် ဖြစ်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

 

ထိုမှစတင်၍ ကျွန်တော်သည် တရုတ်သမ္မတကြီး၏ မြန်မာနိုင်ငံခရီးစဉ်အား အရေးကြီးသည့် တာဝန်ကြီးတစ်ရပ်အနေဖြင့် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ သမ္မတကြီး မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီးနောက် ၁၈ ရက်နေ့တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင် နှုတ်ဆက်စဉ် သမ္မတကြီး မစ္စတာရှီကျင့်ဖျင်က ကျွန်တော့်အား လက်ဆွဲနှုတ်ဆက်လျက် ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာ လာရောက်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း တကူးတက ပြောကြားခဲ့ပါသည်။

 

တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာ-တရုတ် ဆက်ဆံရေး နှစ် (၇၀) ခရီး တွင် အရေးကြီးသည့်ဆက်ဆံရေး သမိုင်းမှတ်တိုင်သစ်တစ်ခု အနေဖြင့်သော်လည်းကောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ ထူးခြားသည့် ဝိသေသလက္ခဏာအား ဆက်လက် ဖော်ဆောင်မှုအနေဖြင့် သော်လည်းကောင်း ထူးခြားလေးနက်မှုများစွာ ရှိပါသည်။ တရုတ်နိုင်ငံနှင့် တရုတ် ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို များစွာအလေးထားကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်း အရေးပါအရာရောက်သည့် အခြေအနေကို ပိုမိုသိသာထင်ရှားစေခဲ့သည့် သမိုင်းမှတ်တိုင် တစ်ခုဟုဆိုပါက မမှားနိုင်ပါ။

 

တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး မလာရောက်မီ၊ လာရောက်နေစဉ်နှင့် လာရောက်ပြီးစအချိန်များတွင် တရုတ်နိုင်ငံထုတ်၊ တရုတ်၊ အင်္ဂလိပ်ဘာသာ သတင်းစာများ၊ စာစောင်များ၊ သတင်းဂျာနယ်များနှင့် မဂ္ဂဇင်းများတွင် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်း၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှသည် ဆက်ဆံရေးအဆင့်ဆင့် တိုးတက်လာခြင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှု ပုံရိပ်များ၊ ယဉ်ကျေးမှုအပါအဝင် အပြန်အလှန် ကူးလူးဆက်ဆံမှုများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများစသည်တို့အား သမိုင်းဝင် ဓာတ်ပုံများ၊ ရုပ်ပုံပန်းချီများ၊ ကိန်းဂဏန်း အချက်အလက်များ၊ စာချိုးများ၊ ကဗျာများနှင့် အထူးပြုလုပ်ထားသည့် ရုပ်ပုံများဖြင့် ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်မှာ ကျွန်တော်လက်လှမ်းမီသရွေ့ စုဆောင်းရရှိသမျှ သတင်းဆောင်းပါးနှင့် ဖော်ပြချက် စုစုပေါင်း ၄၅ ပုဒ် ရှိခဲ့ပါသည်။

 

ထိုအရေအတွက်မှာ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ပြည်ပနိုင်ငံတစ်ခုသို့ ခရီးစဉ် သွားရောက်ခဲ့ခြင်းအတွက် သတင်းနှင့် သတင်းဆောင်းပါးများ အများဆုံးဖော်ပြခဲ့ခြင်းဖြစ်ကာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံဘက်မှ မည်မျှအလေးထားသည်ကို သိရှိနိုင်ပါသည်။

 

 

၂၀၀၁ ခုနှစ်တွင် တရုတ်သမ္မတ မစ္စတာကျန်ဇီမင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီးနောက် သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ခရီးစဉ်မှာ ၁၉ နှစ်တာကာလအတွင်း တရုတ်သမ္မတတစ်ဦးအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်ခဲ့သည့် ခရီးစဉ်ဖြစ်ပါသည်။ ထို့အပြင် မြန်မာခရီးစဉ်သည် ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် တရုတ်သမ္မတ၏ ပထမဆုံးပြည်ပခရီးစဉ် ဖြစ်ခဲ့ပါသည်။ ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်သည့်အပြင် ကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင် အရေးပါသည့် နိုင်ငံဖြစ်ပြီး ပြည်တွင်းရေးရာ ကိစ္စရပ်များ လွန်စွာများပြားသည့် တရုတ်ခေါင်းဆောင် တစ်ဦးအနေဖြင့် ယခင်ပြည်ပခရီးစဉ်များ သွားရောက်ခဲ့စဉ်က တစ်နိုင်င တည်းသို့ သွားရောက်ခဲ့ခြင်းမရှိဘဲ အနည်းဆုံး နှစ်နိုင်ငံ တွဲဖက်သွားရောက်ခဲ့သော်လည်း မြန်မာနိုင်ငံခရီးစဉ်တွင်မူ တစ်နိုင်ငံတည်းအနေဖြင့်သာ လာရောက်ခြင်းဖြင့် ခရီးစဉ်အား အလေးပေးတန်ဖိုးထားကြောင်း ပြသခဲ့ပါသည်။

 

ခရီးစဉ်မလာရောက်မီ မြန်မာနိုင်ငံထုတ် နေ့စဉ် သတင်းစာများတွင် သမ္မတ မစ္စတာရှီကျင့်ဖျင် ရေးသားသည့် နှစ်နိုင်ငံ ချစ်ကြည်ရေးဆောင်းပါးကို ဖော်ပြခဲ့ရာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သည့် နှစ်နိုင်ငံအကြား တည်ရှိသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်ပုံဖော်သွားရေးအတွက် တရုတ်ခေါင်းဆောင် တစ်ဦးအနေဖြင့် ညွှန်းဆိုရေးသားခဲ့ပါသည်။ မြန်မာနိုင်ငံဘက်မှလည်း ဧည့်သည်တော် သမ္မတအား နေပြည်တော်လေဆိပ်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများ၊ ဂုဏ်ပြုတပ်ဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများက နွေးထွေးလှိုက်လှဲ ပျူငှာစွာဖြင့် ချစ်ကြည်ရင်းနှီးစွာ ကြိုဆိုခဲ့ပါသည်။

 

နှစ်နိုင်ငံသမ္မတကြီးများ အပြန်အလှန် လေးစားချစ်ကြည်စွာဖြင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြသည့်အပြင် သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် နှစ်နိုင်ငံ အစည်းအဝေးအပြင် ခင်မင်ရင်းနှီးစွာ သီးခြားတွေ့ဆုံခြင်းဖြင့် နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ နှစ်ဦးနှစ်ဖက် ပိုမိုနက်ရှိုင်းသည့် အပြန်အလှန်ယုံကြည်မှုများဖြစ်ထွန်းကာ နှစ်နိုင်ငံ ဆက်ဆံရေးကို အစဉ်အလာမပြတ် ဆက်လက်ထိန်းသိမ်း သယ်ဆောင်သွားရန် ကတိကဝတ်များပြုခဲ့ကြပါသည်။

 

ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ အထူး စီးပွားရေးဇုန် ကုန်သွယ်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အားကစား၊ ပညာရေး၊ ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ကဏ္ဍများတွင် သာတူညီမျှမှု ရှိကာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် မြှင့်တင်သွားရေးအတွက် နားလည်မှု စာချွန်လွှာ၊ သဘော တူညီချက်နှင့် စာလွှာ စုစုပေါင်း ၃၃ ခုအား လက်မှတ် ရေးထိုးခြင်း၊ လဲလှယ်ခြင်းများ ပြုလုပ်နိုင်ခဲ့ပါသည်။ ထိုမျှသော သဘောတူညီချက် အရေအတွက်သည် မြန်မာနိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေး မူဘောင်အောက်မှ ချစ်ကြည်ရေးခရီးစဉ်တစ်ခုတွင် သဘောတူလက်မှတ် ရေးထိုး လဲလှယ်နိုင်ခဲ့သည့် အများဆုံးအရေအတွက် ဖြစ်ပြီး နှစ်ဖက်အကြားဘက်စုံ၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်လိုကြောင်း စိတ်ဆန္ဒရှိမှုကို လက်တွေ့ပြသ နိုင်ခဲ့ခြင်းဖြစ်ပါသည်။

 

ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာစေလျက် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများအဆင့်အား မြှင့်တင်သွားကာ၊ နှစ်နိုင်ငံအကျိုးရှိပြီး သာတူညီမျှမှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်စေကာ အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်သွားရေး ရည်ရွယ်ချက်အတွက် နားလည်မှုများရရှိခဲ့ပါသည်။ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအား အဆင့်သစ်တစ်ဆင့်သို့ တက်လှမ်းရောက်ရှိစေခဲ့သည့် ခရီးစဉ်ဖြစ်သည့်အလျောက် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင် ထင်ရှားသည့် မှတ်တိုင်တစ်ခုဟု ဆိုချင်ပါသည်။

 

စဉ်ဆက်မပြတ် ထပ်လောင်းအတည်ပြုကြခြင်း

 

တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ မြန်မာ့နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပါရှိခဲ့သည့် တရုတ်-မြန်မာ ချစ်ကြည်ရေးဆောင်းပါးတွင် နှစ်နိုင်ငံလုံးတွင် “တွေ့ဖန်များသော်ခင်၊ ခင်ဖန်များသော်ရင်း”ဟူသော တူညီသည့် ဆိုရိုးစကားရှိကြောင်း ဖော်ပြခဲ့ပါသည်။ လက်ရှိနိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံမှုများပြားခဲ့ပါသည်။ ခင်မင်ရင်းနှီးမှုများလည်း ပိုမို နက်ရှိုင်းလာခဲ့ပါသည်။ ထိတွေ့ဆက်ဆံမှုများနှင့် တွေ့ဆုံဆွေးနွေးမှုများမှသည် စကားပြောကြေးနန်း (တယ်လီဖုန်း) ဖြင့် ဆက်သွယ်ဆွေးနွေးကြသည်အထိ ရင်းနှီးခဲ့ကြပါသည်။

 

နှစ်နိုင်ငံသမ္မတတို့သည် ၂၀၂၀ ပြည့်နှစ် မေ ၂၀ ရက်တွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေး၊ အကူအညီများ ပေးအပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအတွက် သမ္မတမစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးရရှိခဲ့သည့် နှစ်ဖက်သဘောတူချက်များကို ထပ်မံအတည်ပြုခဲ့ကြပါသည်။

 

ထိုကဲ့သို့ ဆက်သွယ်ပြောကြားရာတွင် လက်ရှိရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါအား ပူးပေါင်းကာကွယ် ထိန်းချုပ်ရေး၊ အကူအညီပေးအပ်ရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို အခြေခံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အရှိန်အဟုန်မြင့်တင်ရေး၊ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အခမ်းအနားများကို ကိုဗစ်-၁၉ အခြေအနေ တည်ငြိမ်လာသည့်အခါ ကျင်းပသွားရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံအောက်မှ စီမံကိန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည် ဖော်သွားရေးနှင့် ကိုဗစ်-၁၉ အခြေအနေ တည်ငြိမ်လာသည့်အခါ နှစ်နိုင်ငံအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် လည်ပတ်ရေးကိစ္စတို့အား ဆွေးနွေးခဲ့ကြပါသည်။

 

နှစ်နိုင်ငံအတွက် အရေးပါသည့် နိုင်ငံရေးသဘော တူညီချက်အသစ်ဖြစ်သည့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးနှင့်အညီ နှစ်နိုင်ငံရှေ့ဆက်ဆောင်ရွက် အကောင်အထည် ဖော်ရမည်များကို ခေါင်းဆောင်များအနေဖြင့် မျက်ခြည်မပြတ် ဦးဆောင်၍ လမ်းညွှန်မှုများ ပြုလျက်ရှိပါကြောင်း ဖော်ပြလိုက်ရပါသည်။

 

အေးအတူပူအမျှအသိုက်အဝန်းဆီသို့......

 

မြန်မာနှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေး နှစ်(၇၀)ခရီးတွင် အခြားနိုင်ငံများ၏ နှစ်နိုင်ငံဆက်ဆံရေးများနှင့် မတူညီသည့် ထူးခြားချက်များစွာရှိပါသည်။ တစ်နည်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏ အားသာချက်များဟုဆိုနိုင်ပါသည်။ နှစ်နိုင်ငံဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိခဲ့ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဖြစ်ထွန်းခဲ့ပါသည်။ ထိုမှတစ်ဆင့် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ ရှည်လျားသည့် နယ်နိမိတ် တည်ရှိနေခြင်းသည်ပင်လျှင် နှစ်နိုင်ငံပြည်သူများအတွက် ရင်းနှီးကျွမ်းဝင် နားလည်မှုများ ပိုမိုရရှိစေခဲ့ပါသည်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကြီးများကို အတူတကွချမှတ်ကာ မမှိတ်မသုန်လိုက်နာခဲ့၍ ဆက်ဆံရေးအဆင့်များ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ရောက်ရှိခဲ့ပါသည်။ နှစ်နိုင်ငံ အကြီးအကဲများနှင့် ခေါင်းဆောင်များအကြား ချစ်ကြည်ရေး ခရီးစဉ်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ခဲ့ပြီး အပြန်အလှန်ရပ်တည် ထောက်ခံမှုများကို ခိုင်မြဲ စေခဲ့ပါသည်။

 

ပိုမိုအလေးထားဖော်ပြလိုသည်မှာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးသည့် အိမ်နီးချင်းဆက်ဆံရေးအား ပြည်သူများကသာ အဓိက ဆောင်ကြဉ်းခဲ့သည့်အချက် ဖြစ်ပါသည်။ ဆက်လက်၍လည်း ဆောင်ကြဉ်းသွားကြရမည် ဖြစ်ပါသည်။ နှစ်နိုင်ငံပြည်သူများသည် သမိုင်းတစ်လျှောက်တွင် အတွေ့အကြုံများစွာ ကြုံခဲ့ကြရပြီး၊ ရင့်ကျက်ခဲ့ကြပြီး ဖြစ်ပါသည်။ အခက်အခဲများစွာနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်၍ အတူတကွ ကျော်လွှားနိုင်ခဲ့ကြပါသည်။ အခက်အခဲ ကြုံတွေ့ကြရပါက တစ်ဦးနှင့်တစ်ဦး မနေသာကြပါ။

 

လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကိုလည်း နှစ်ဖက်ပြည်သူများ အတူလက်တွဲ၍ ရင်ဆိုင်ကျော်လွှားလျက်ရှိကြပါသည်။ ရောဂါစတင်ဖြစ်ပွားသည့် အချိန်တွင် မြန်မာနိုင်ငံမှ ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် ဆန်တန်ချိန် ၂၀၀ တို့ကို မူဆယ်-ရွှေလီ နယ်စပ်ဂိတ်မှ တစ်ဆင့် ပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှလည်း သမ္မတ မစ္စတာရှီကျင့်ဖျင်ထံသို့ စာနာထောက်ထားသည့် သဝဏ်လွှာပေးပို့ခြင်းဖြင့် မြန်မာပြည်သူများသည် တရုတ် ပြည်သူများနှင့် အတူရှိနေကြောင်း ပြသခဲ့ပါသည်။ ထိုစဉ်က ကိုဗစ်ရောဂါကို တစ်နိုင်ငံတည်းအနေဖြင့် စတင်တွေ့ကြုံ နေရသည့် တရုတ်ပြည်သူများအတွက် များစွာအင်အား ဖြစ်စေခဲ့ပါသည်။ ။

 

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်တွေ့ရှိပြီး နောက်တွင် တရုတ်အစိုးရနှင့် ပြည်သူများ ပေးပို့သည့် ဆေးပစ္စည်းကိရိယာ မြောက်မြားစွာနှင့် ဆေးအဖွဲ့နှစ်ဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ လှူဒါန်းကူညီသည့် အကြိမ်အရေအတွက်နှင့် ပမာဏများပြားလှပါသည်။ ပေကျင်းမြို့ မြန်မာသံရုံး ကျွန်တော့်ထံသို့ ဆက်သွယ် လာရောက်လှူဒါန်းမှုများသည်ပင် တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်းတစ်သောင်းခွဲခန့်အထိ များပြားလှပါသည်။ အလားတူ နှစ် (၇၀) ဆက်ဆံရေး သက်တမ်းတစ်လျှောက် အပြန်အလှန် ကူညီခဲ့ကြသည်များမှာ ရေတွက်၍ ကုန်နိုင်မည်မဟုတ်သလို ဖော်ပြ၍ဆုံးနိုင်မည်မဟုတ်ပါ။

 

ကျွန်တော်တို့ နှစ်နိုင်ငံအကြား ရှေးအစဉ်အဆက် ဘိုးဘွားဘီဘင်များ လက်ထက်ကပင် ကြိုးပမ်း တည်ဆောက်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုရှိသော ကောင်းမွန်သည့် ဆက်ဆံရေးအား နှစ်နိုင်ငံ ပြည်သူများက အပြန်အလှန်နားလည်မှုဖြင့် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြကာ တစ်အူထုံဆင်း ဆိုးတူကောင်းဖက် ရင်းနှီးကျွမ်းဝင်မှု ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပါသည်။ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး (သို့မဟုတ်) ပေါက်ဖော် ချင်းယိ ဆက်ဆံရေးဟူ၍ သိရှိကြကာ နှစ်ဖက်ပြည်သူများအကြား စိမ့်ဝင်ပျံ့နှံ့နေပြီ ဖြစ်ပါသည်။

 

အေးအတူပူအမျှဟူသော စကား၏အဓိပ္ပာယ်မှာ များစွာကျယ်ဝန်းကာ တာသွားပါသည်။ နှစ်နိုင်ငံ ပြည်သူများ၏ သမိုင်းတစ်လျှောက် အတူတကွ ဖြတ်ကျော်လျှောက်လှမ်းခဲ့ခြင်းကို ကိုယ်စားပြုပြီး ရှိအတူ မရှိအတူ မွေးချင်းပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်၍ ထိရောက်စွာ လက်တွေ့ကျစွာ ဆက်လက်သယ်ဆောင် သွားရေးပင် ဖြစ်ပါသည်။ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်ကာ တကယ့်သွေးရင်းတွေဖြစ်ကြောင်းကိုလည်း ကိုယ်စားပြု နေပါသည်။

 

နိုင်ငံများ၏ ဆက်ဆံရေးသမိုင်းကြောင်းတွင် နှစ် (၇၀) သက်တမ်းမှာ များစွာရှည်ကြာလှသည်ဟု မဆို နိုင်ပါ။ သို့သော် မြန်မာနှင့် တရုတ်နိုင်ငံတို့အနေဖြင့် နှစ် (၇၀) အတွင်း နောင်နှစ်ပေါင်းများစွာ လက်ဆင့်ကမ်း သယ်ဆောင် လိုက်နာကျင့်သုံးသွားရမည့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ခိုင်မာသော အခြေခံကောင်းများ ချမှတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံဆိုသည်မှာ ရွေးချယ်၍မရပါ။ ကမ္ဘာတည်သရွေ့ ယှဉ်တွဲနေထိုင် သွားကြရမည့် မြန်မာနှင့်တရုတ် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေးသည် အခြားသော အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေးများတွင် စံပြနမူနာကောင်း ဖြစ်သည်အထိ အစိုးရများနှင့် ပြည်သူများက ခေတ်အဆက်ဆက်ပုံဖော် နိုင်ခဲ့ကြပြီးဖြစ်ပါသည်။

 

 

သမ္မတမစ္စတာရှီကျင့်ဖျင်၏မြန်မာနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်ယုံကြည်မှု ရှိခြင်းကို ကိုယ်စားပြုခဲ့ပါသည်။ ရှေ့ဆက်ကြိုးပမ်းရယူကြရမည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည့်ဝကုံလုံမှုများအပြင် မလွဲမသွေ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများကို အတူလက်တွဲ ကျော်လွှားသွားရန်အတွက် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအား အခြေခံသည့် မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေးကို ဆောင် ကြဉ်းပေးခဲ့ပါသည်။ ကောင်းမွန်သည့် နှစ်နိုင်ငံဆက်ဆံရေး အဆင့်သစ်ကို ဖွင့်လှစ်ပေးခဲ့သည်ဟု ဆိုချင်ပါသည်။

 

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သည့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း အပါအဝင် နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်လျက်ရှိရာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် အကောင်းဆုံးအဆင့်သို့ သမိုင်းဝင် ရောက်ရှိနေပြီဖြစ်ပါသည်။ နှစ်နိုင်ငံပြည်သူများ အားလုံးက လက်ရှိဆက်ဆံရေး အနေအထားကို သားစဉ် မြေးဆက် ဆက်လက်သယ်ဆောင်သွားကြရမည် ဖြစ်ပါသည်။ မြန်မာ-တရုတ်အေးအတူ ပူအမျှ အသိုက်အဝန်းကိုအောင်မြင်စွာ အကောင်အထည်ဖော်သွားရမည် ဖြစ်ပါသည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ဆက်ဆံရေးနှစ် (၇၀) ခရီးသည်အေးအတူပူအမျှ အသိုက် အ၀န်းဆီသို့ဟူ၍ ဂုဏ်ပြုညွှန်းဆိုဖော်ပြအပ်ပါသည်။ ။

 

mdn
၁၇-၁-၂၀၂၀ ရက်နေ့ ညပိုင်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်း အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခမ်းအနားတက်ရောက်သူများ နှစ်နိုင်ငံ ယဉ်ကျေးမှုအကအဖွဲ့ ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးစဉ်။