ဆက်နွှယ်မှုများဖြင့် ပိုမိုစည်းလုံးညီညွတ်

၁၀ သြဂုတ်

 

“အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ ယဉ်ကျေးမှုနဲ့ သမိုင်းအစဉ်အလာများအရ ရှေးနှစ်ပေါင်းများစွာကတည်းက ဆက်စပ်ဆက်နွှယ်မှုများရှိခဲ့ကြပါတယ်။ ဒီဆက်စပ်ဆက်နွှယ်မှုများဟာ မတူကွဲပြား ခြားနားတဲ့ကြားက လက်ရှိစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာမှာ မိမိတို့ကို ပိုမိုစည်းလုံးစေပြီး ကွဲပြားခြားနားမှုများကို လျော့နည်းစေကာ အာဆီယံကိုပိုမိုစည်းလုံးညီညွတ်စေခဲ့ပါတယ်”ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၅၁)နှစ်မြောက် အာဆီယံနေ့တွင် ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြပါရှိသည်။

 

 

အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ)အသင်းကြီးကို ၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ထူထောင်ခဲ့ရာယခုအခါ (၅၁)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ စင်ကာပူ ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထူထောင်ထားသည့် အာဆီယံအသင်းကြီးသည် မှီတင်းနေထိုင်ကြသည့် ပြည်သူသန်းပေါင်း ၆၀ဝ ကျော်အတွက် ပိုမိုကောင်းမွန်သော ရည်မှန်းချက်၊ ယုံကြည်ချက်နှင့် စည်းလုံးညီညွတ်မှုများဖြင့် ခရီးဆက်လျက်ရှိသည်။

 

 

ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံအများသည် မတည်ငြိမ်မှုများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရသည်။ ဒေသတွင်း နိုင်ငံများသာမက အိမ်နီးချင်းနိုင်ငံများ အချင်းချင်းပင်လျှင် ရံဖန်ရံခါ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမှုများရှိခဲ့သည်။ ထိုအခြေအနေတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် အာဆီယံနိုင်ငံများအားလုံးမှာ စည်းလုံးညီညွတ်နေကြသည်ကို မြင်တွေ့ရသဖြင့် ကျေနပ်ဝမ်းမြောက်ရမည်ဖြစ်သည်။

 

 

အာဆီယံ ၁၀ နိုင်ငံသည် မိသားစုအသွင်၊ ညီအစ်ကိုမောင်နှမပုံစံ ရပ်တည်နေထိုင်ကြသောကြောင့် တစ်ခါတစ်ရံ စိတ်အခန့်မသင့်မှုရှိခဲ့လျှင်လည်း နားလည်မှု၊ သည်းခံမှုတို့ဖြင့် ပြေပျောက်ခဲ့၊ နိုင်ငံအချင်းချင်း အကျိုးများကို ရှေးရှုသယ်ပိုးခဲ့ကြသည်သာဖြစ်သည်။ မျက်မှောက်ကာလတွင် မတူကွဲပြားမှုနှင့် စိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင်နေရချိန်ဖြစ်၍ အသင်းကြီးရေရှည်ရပ်တည်ရေးအား ပိုမိုရှေးရှုကြသည်ကို တွေ့ရသည်။ သံသယများရှိခဲ့လျှင်လည်း တူညီသည့်ရည်မှန်းချက်နှင့်ဆုံးဖြတ်ချက်များဖြင့် အာဆီယံအသင်းကြီးကို ပိုမိုစည်းလုံးညီညွတ်ပြီး ခိုင်မာတောင့်တင်းစေခဲ့သည်။ 

 

ကမ္ဘာပေါ်၌ စီးပွားရေးအရ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရချိန်တွင် အာဆီယံအသင်းဝင်နိုင်ငံများ၏ စီးပွားရေးမှာ မှန်မှန်တိုးတက်လျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး ဈေးကွက်ဖြစ်နေသည်။ အာဆီယံသည် ကမ္ဘာပေါ်တွင် တတိယမြောက် လုပ်သားအင်အားအများဆုံးနိုင်ငံများ ဖြစ်သောကြောင့် ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများစွာရှိသည်။ သို့သော် အာဆီယံနိုင်ငံများအတွင်းနိုင်ငံဖြတ်ကျော် မှုခင်း၊ အကြမ်းဖက်တိုက်ခိုက်မှု၊ ဆိုက်ဘာလုံခြုံရေး၊ရာသီ ဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ အစာရေစာနှင့် စွမ်းအင်ပြဿနာများ စသည်တို့ကို ရင်ဆိုင်ဖြေရှင်းနေရသည်။

 

 

သို့ဖြစ်ရာ ကမ္ဘာ့နိုင်ငံအများပြဿနာများကို ရင်ဆိုင်ဖြေရှင်းကြရာတွင် စိတ်သဘောထားချင်း နီးစပ်သည့် အာဆီယံနိုင်ငံများအချင်းချင်းအတူလက်တွဲ၍ ပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်ကြ၍ စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ကြပေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း တာဝန်သိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲလျက် အာဆီယံနိုင်ငံအချင်းချင်း ဖွံ့ဖြိုးတိုးတက်ရေး၊ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

ကြေးမုံ