ဆက်သွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ ဥပဒေစကားဝိုင်းကျင်းပ

လူမှုကွန်ရက်မှာ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေကိုဖြန့်ချိမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ အရေးယူနိုင်ပါတယ်

လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြတ်မွန်

 

ဆက်သွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ ဥပဒေစကားဝိုင်းကျင်းပ

ပြည်သူများ လတ်တလောကြုံတွေ့နေရသည့် ဆက်သွယ်ရေးဥပဒေနှင့်ပတ်သက်ပြီး ဥပဒေစကားဝိုင်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနမှ ပြည်သူများသိရှိစေရန်အတွက် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မြတ်မွန်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုဝင်းတို့က နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)ရှိ စတူဒီယိုခန်းမ၌ ဆွေးနွေးခဲ့ကြသည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-

 

 

အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေများကို သိရှိလိုပါတယ်။

ဒေါ်ခင်မြတ်မွန်။ ။ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထား တဲ့ ဆက်သွယ်ရေးဥပဒေ တွေကတော့ The Myanmar Telegraph Act ရယ်၊ The Myanmar Wireless Telegraphy Act ရယ်၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထဲကမှ The Myanmar Telegraph Act နှင့် The Myanmar Wireless Telegraphy Act တို့ကတော့ အခုခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့အတွက်ကြောင့်မို့ ရုပ်သိမ်းပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦး။

ဒေါ်ခင်မြတ်မွန်။ ။ ဆက်သွယ်ရေးဥပဒေကို အကျဉ်းချုပ်ရှင်းပြရမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေမှာ အခန်း ၇ ခန်းပါဝင်ပြီး ပုဒ်မပေါင်း ၈၉ ခု ပါဝင်ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့်တွေ၊ လုပ်ငန်းလိုင်စင်ကိစ္စတွေ၊ နောက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်တွေနဲ့ လိုင်စင်ကိုင်ဆောင်တဲ့သူတွေရဲ့ တာဝန်ရှိတဲ့အပိုင်းတွေကို ပြဋ္ဌာန်းထားပါတယ်။

 

 

အစီအစဉ်မှူး ။ ။ ဆက်သွယ်ရေးကွန်ရက်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ရှင်းပြပေးပါဦး။

ဒေါ်မြတ်ဆုဝင်း ။ ။ ဆက်သွယ်ရေးကွန်ရက် ဆိုတာက ဆက်သွယ်ရေး နည်းပညာတစ်ခုခုကို အသုံးပြုပြီးတော့ ကွန်ရက် အထောက်အကူပြုပစ္စည်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ ကွန်ပျူတာ၊ ကွန်ပျူတာလိုမျိုးသုံးလို့ ရတဲ့ ပစ္စည်းတွေ အဲဒီပစ္စည်းတွေနဲ့တွဲဖက်အသုံးပြု နိုင်တဲ့စနစ်နှင့် ပစ္စည်းတွေကိုကြိုးနဲ့ဖြစ်စေ၊ ကြိုးမဲ့ဖြစ်စေ အချင်းချင်း ချိတ်ဆက်အသုံးပြုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖုန်းပြောတာ၊ အင်တာနက်ကို သုံးပြီးတော့ ဖေ့စ်ဘွတ်မှာ ရေးသားဖော်ပြနေခြင်းမျိုးတွေဖြစ်ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ ပြည်သူတွေအပြောများနေတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

ဒေါ်မြတ်ဆုဝင်း ။ ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ မှာ ပုဒ်မခွဲ (က) ကနေ (ဃ) ထိပြဋ္ဌာန်းထားပါတယ်။ ပုဒ်မခွဲ (ဃ) မှာ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကိုသုံးပြီးတော့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ခြောက်လှန့် တောင်းယူမယ်၊ အနိုင်အထက်ပြုမယ်၊ မတရားတောင်းယူမယ်၊ အသရေဖျက်မယ်၊ မလျော်ဩဇာ သုံးမယ် ဒါမှမဟုတ် ခြိမ်းခြောက်တာတွေ ပြုလုပ်မယ်ဆိုရင် အဲဒီလူကို သုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ယခင်ဥပဒေအဟောင်းမှာ ပြဋ္ဌာန်း ခဲ့ပါတယ်။

 

 

ယခင်ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက် ကျူးလွန်သူတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားပါ ပြဋ္ဌာန်းချက်တွေအရ အာမခံပေးခွင့်မရှိတဲ့အတွက်ကြောင့် အချုပ်နဲ့ တရားရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အချုပ်နဲ့ အမှုရင်ဆိုင်ရတဲ့အတွက် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ဖြစ်ပေါ်နေတာကိုလည်း သိရှိပြီးဖြစ်မှာပါ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ပြဋ္ဌာန်းဖို့အတွက် လွှတ်တော်မှာ အပြန်အလှန်ဆွေးနွေးခဲ့ပြီးတော့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့မှာ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။

 

 

ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) မှာ ပြစ်မှုအင်္ဂါရပ်တွေကို ပြင်ဆင်ခဲ့တာအပြင် ပြစ်ဒဏ်ပိုင်းမှာလည်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)မှာ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကိုအသုံးပြုပြီးတော့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ခြောက်လှန့် တောင်းယူတာ၊ အသရေဖျက်တာ၊ နှောင့်ယှက်တာ ဒါမှမဟုတ် ခြိမ်းခြောက်တာလို့ ပြင်ဆင်ထားပြီး ကျူးလွန် ဖောက်ဖျက်သူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ပြစ်မှုကျူးလွန်တဲ့သူတွေက အချုပ်လွတ် ထုချေခွင့် တစ်နည်းအားဖြင့် ချုပ်နှောင်ခံရမှုမရှိဘဲ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ ဆက်သွယ်ရေးဥပဒေအရအမှု တိုင်ကြားခွင့်နဲ့ပတ်သက်ပြီး တော့လည်းသိရှိလိုပါတယ်။

ဒေါ်ခင်မြတ်မွန် ။ ။ ယခင်ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) အရဆိုရင် အသရေဖျက်မှုနဲ့ စွဲဆိုခံထားရတယ်ဆိုရင် ဘယ်သူတွေက အမှုဖွင့်တိုင်ကြားနိုင်တယ်ဆိုတာကို ဥပဒေမှာ တိတိကျကျပြဋ္ဌာန်းထားတာတွေ မရှိတဲ့အတွက် ကြောင့် သူတို့မှာ အခက်အခဲတွေရှိတယ်လို့ ကြားသိရပါတယ်။ ဒါကြောင့်မို့ ပြင်ဆင်လိုက်တဲ့ ပုဒ်မ ၈၀(ဂ) ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆၊ ပုဒ်မခွဲ(ဃ)ပါ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီးတော့မှ ပုဂ္ဂိုလ်တစ်ဦးဦး ကို အသရေဖျက်မယ်ဆိုရင် နစ်နာသူကိုယ်တိုင်ဖြစ်စေ၊ ဒါမှမဟုတ် သူ့ရဲ့ ကိုယ်စားလွှဲအပ်ခြင်း ခံရသူဖြစ်စေ ကိုယ်တိုင် တိုင်တန်းခြင်းမဟုတ်ရင် အရေးယူဆောင်ရွက်လို့မရဘူးလို့ သတ်မှတ်ပြဋ္ဌာန်း ထားပါတယ်။

 

 

ဒါ့အပြင် ဆက်သွယ်ရေးဥပဒေမှာပါတဲ့ ပုဒ်မတွေအကုန်လုံးကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေလို့ ပြဋ္ဌာန်းထားပြီး အဲဒီအမှုကို တရားစွဲမယ်ဆိုရင်လည်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရရှိရမှာဖြစ်ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာ မမှန်မကန်တဲ့ သတင်းတွေ ရေးသားဖော်ပြမယ်ဆိုရင်ရော ဘယ်လိုအရေးယူလ ရပါသလဲ။

ဒေါ်ခင်မြတ်မွန် ။ ။ လူမှုကွန်ရက်မှာ မမှန်ကန် တဲ့ သတင်းအချက် အလက်တွေ၊ အကြောင်းအရာတွေကို၊ ဖြန့်ချိ မယ်ဆိုရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ အရေးယူနိုင်ပါတယ်။ အဲဒီလို အရေးယူဆောင်ရွက်တဲ့ အခါမှာ ဒီပြစ်ဒဏ်ပိုင်းအနေနဲ့ပြောရရင် ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဒါကြောင့်မို့ ဖေ့စ်ဘွတ်သုံးစွဲသူတွေအနေနဲ့ မမှန်ကန်တဲ့သတင်းတွေ၊ အကြောင်းအရာ တွေကို ကိုယ်တိုင်တင်တာပဲဖြစ်စေ၊ ပို့စ်တင်လိုက်တဲ့အပေါ် ပြန်မျှဝေတာပဲဖြစ်ဖြစ် အထူးသတိပြုဖို့လိုပါတယ်။

 

 

အစီအစဉ်မှူး ။ ။ ဆက်သွယ်ရေးပစ္စည်းတွေကို လက်ဝယ်အသုံးပြုမယ်ဆိုရင်ရော ဘယ်လိုတွေလုပ်လို့ ရသလဲဆိုတာကို ရှင်းပြပေးပါဦး။

ဒေါ်မြတ်ဆုဝင်း ။ ။ ဆက်သွယ်ရေးဥပဒေအရ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေကို လက်ဝယ်ထား အသုံးပြုမယ်ဆိုရင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို တရားဝင်လိုင်စင်လျှောက်ထားရယူပြီးမှသာ အသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စကားပြောစက်လိုမျိုးပစ္စည်းတွေကို လက်ဝယ်ထားမယ်ဆိုရင် တရားဝင်ခွင့်ပြုချက်လိုင်စင် လျှောက်ထားရမှာဖြစ်ပါတယ်။

 

 

လိုင်စင်ရယူပြီး အသုံးပြုဖို့ သတ်မှတ်ထားတဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို လိုင်စင်မရှိဘဲနဲ့ သုံးမယ်ဆိုရင်တော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မိမိတို့အသုံးပြုတဲ့ ဆက်သွယ်ရေးပစ္စည်းတွေက ခွင့်ပြုချက် လိုင်စင်ရယူဖို့ လို မလိုစုံစမ်းပြီးမှ အသုံးပြုဖို့ ပြောကြားလိုပါတယ်။

 

 

အစီအစဉ်မှူး ။ ။ ဆက်သွယ်ရေးဥပဒေတွေဟာ ဘယ်နေရာဒေသတွေအထိ အာဏာသက်ရောက်မှု ရှိသလဲဆိုတာကို သိချင်ပါတယ်။

ဒေါ်မြတ်ဆုဝင်း ။ ။ နိုင်ငံတော်ရဲ့ နယ်နိမိတ် အတွင်းရှိသူတွေ၊ နိုင်ငံတော်ပြင်ပ မည်သည့်အရပ်ဒေသ၌မဆို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအထိ အာဏာသက်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံပြင်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ဆက်သွယ်ရေးဥပဒေကို ဖောက်ဖျက်ကျူးလွန်မယ်ဆိုရင် ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူနိုင်မှာဖြစ်ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ ပြည်သူတွေရော ဘယ်လိုအသိ ပညာများ ပေးလိုပါသလဲ။

ဒေါ်ခင်မြတ်မွန် ။ ။ ယနေ့ခေတ်မှာ ခေတ်မီနည်းပညာတွေကို အသုံးပြုလာကြတယ်။ နောက်ပြီးတော့ ခေတ်မီတဲ့ စက်ပစ္စည်းကိရိယာတွေကို အသုံးပြုလာတဲ့အတွက်ကြောင့် ဒီစက်ကိရိယာတွေရယ်၊ နည်းပညာတွေရယ်ကို အသုံးပြုပြီးတော့ ရာဇဝတ်မှုတွေ ကျူးလွန်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့်မို့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို အသုံးပြုတဲ့နေရာမှာ အထူးသတိထားစေလို ပါတယ်လို့ ပြောချင်ပါတယ်။

 

 

နောက်တစ်ခုက ကိုယ့်ရဲ့ Facebook Account ကို အခြားသူတစ်ယောက်က ယူသွားမယ်၊ အဟတ်ခံရတာပေါ့။ အဲဒီလို အဟတ်ခံရရင် ကိုယ့်ရဲ့ Personal Information တွေ ကိုယ်ရေးအချက်အလက်တွေ ပါသွားနိုင်တယ်။ ဒါ့အပြင် ဒီထက်သိရှိနိုင်သကဲ့သို့ အရေးကြီးတဲ့အချက်အလက်တွေ ဥပမာအားဖြင့် ဘဏ်အကောင့်တွေ ပါမယ်ဆိုရင် ကိုယ့်ရဲ့ဆုံးရှုံးနစ်နာမှုက ကြီးသွားမယ်။ အဲဒီလိုဆုံးရှုံးနစ်နာမှုတွေ ကြီးသွားတဲ့အတွက်ကြောင့်မို့ ကိုယ့်ရဲ့အကောင့်ကို အခြားလူဆီအဟတ်မခံရဖို့ သတိထားသုံးဖို့လိုအပ်ပါတယ်။

 

 

အစီအစဉ်မှူး ။ ။ အခုဆိုရင် Facebook Account တွေကနေငွေပေး ငွေယူလိမ်လည်မှုတွေ၊ ငွေကြေးလိမ်လည်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာရော ငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး ဒီအပေါ်မှာရော ဘယ်လိုဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲရှင်။

ဒေါ်မြတ်ဆုဝင်း ။ ။ Facebook Account အစစ်တစ်ခုကို အကောင့်အတုတွေက ဝိုင်းဝန်းထောက်ခံပြီး လိမ်လည်နေတာတွေ ဖြစ်ပွားနေပါတယ်။ 

 

 

ငွေကြေးလိမ်လည်မှုများမှာ ဖေ့စ်ဘွတ်ကို အဓိကထား အသုံးပြုတာမဟုတ်ပေမယ့်လည်း ငွေကြေးလိမ်လည်မှု စတင်ဖြစ်ထွန်းရာ ဇာစ်မြစ်ကတော့ ဖေ့စ်ဘွတ်မှ စတင်ဆက်သွယ် ယုံအောင်ပြောတယ်။ အပြင်မှာတွေ့ ကြတယ်။ အဲဒီတော့ ယုံအောင်ပြောပြီး လိမ်လည်တာတွေ ဖြစ်ပေါ်နေပါတယ်။

 

 

ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် 

ဒီဆက်သွယ်ရေးကွန်ရက်ကိုသုံးပြီးတော့ ငွေကြေးနဲ့ ပစ္စည်းတွေကိုခိုးယူမယ်၊ လိမ်လည်မယ်၊ အလွဲသုံးစား ပြုမယ် ဒါမှမဟုတ် အကျိုးပျက်စီးမယ်ဆိုရင်တော့ ဆက်သွယ်ရေးဥပဒေ ၆၆(ဂ)အရ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်မှာဖြစ်ပါ တယ်ရှင်။

 

 

အစီအစဉ်မှူး ။ ။ အခုဆိုရင် ဖေ့စ်ဘွတ်ကတစ်ဆင့် Online တွေမှာ လောင်းကစား ပြုလုပ်မှုတွေလည်း ရှိနေတယ်။ ဒီလောင်းကစားပြုလုပ်မှုတွေကို ဘယ်လိုဥပဒေအရ အရေးယူလို့ရသလဲဆိုတာကို ရှင်းပြပေးပါဦး။

ဒေါ်မြတ်ဆုဝင်း ။ ။ Facebook Online မှာ ရှမ်းကိုးမီး လောင်းကစားကြော်ငြာတွေတင်ထားပြီး Admin က အကောင့်ဖွင့်တယ်။ ပြီးတော့ Master Agent တွေ Agent ထားတယ်။ ပြီးတော့ လောင်းကစား သူ Player နဲ့ ခုနက Agent တွေနဲ့ဆက်သွယ်တယ်။ လောင်းကြေးငွေယူနစ်တွေ သတ်မှတ်ပြီးတော့ လောင်းကြေးငွေတွေ ရောင်းဝယ်ယူတာ၊ လောင်းကြေးငွေယူနစ်တွေအပေါ်မှာ အကောက်ရတာတွေကို လောင်းကစားဥပဒေအရ အရေးယူနိုင်မှာဖြစ်ပါတယ်။ ဆက်သွယ်ရေးဥပဒေမှာ ဆက်သွယ်ရေးကွန်ရက်ကိုသုံးပြီးတော့ လောင်း ကစားပြုလုပ်ခြင်းနှင့် ပတ်သက်ပြီးတော့ ဥပဒေပြဋ္ဌာန်းထားတာမပါရှိတဲ့အတွက် လောင်းကစားခြင်းကို စီမံဆောင်ရွက်သူ၊ ဒိုင်တွေကို လောင်းကစားဥပဒေပုဒ်မ ၁၄(က)၊ လောင်းကစားသူတွေကို ဥပဒေပုဒ်မ ၁၃(က) အရ အရေးယူနိုင်မှာ ဖြစ်ပါတယ်ရှင်။

 

 

အစီအစဉ်မှူး ။ ။ အခုတလော ပြည်သူတွေ စိတ်ဝင်စားနေတဲ့ စုမဲနဲ့ ပတ်သက်ပြီးတော့ အွန်လိုင်းရှယ်ယာတွေ လိမ်လည်မှု တွေဖြစ်ပေါ်နေပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးဆောင်ရွက်နေသလဲဆိုတာ ရှင်းပြ ပေးပါဦး။

ဒေါ်ခင်မြတ်မွန် ။ ။ ဒီမေးခွန်းလေးကတော့ အခုလတ်တလောမှာ ခေတ်စားနေတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင် ဖေ့စ်ဘွတ်ကတစ်ဆင့် ငွေလိမ်လည်တဲ့အမှုတွေက အတော်များလာတာ တွေ့ရပါတယ်။ ဘာဖြစ်လို့ အဲဒီလိုများလာတာလဲဆိုရင် ဖေ့စ်ဘွတ်ရဲ့  Security တွေ၊ Social Network တွေကို သေချာမသိတာတွေ၊ အယုံလွယ်တာတွေကြောင့် ဒီလိုလိမ်လည်မှုတွေ ဖြစ်ပေါ် နေတာဖြစ်ပါတယ်။ ဒီ Social Network ဆိုတာကလည်း ဒီ Social Network ကို များသောအားဖြင့် အသုံးပြုကြတယ်ဆိုတာကလည်း ကိုယ့်ရဲ့ မိတ်ဆွေတွေ တိုးပွားဖို့ရယ်၊ အပြင်မှာတွေ့တဲ့ မိတ်ဆွေတွေ၊ ကိုယ့်ရဲ့ဆွေမျိုးတွေနဲ့ အွန်လိုင်း ကနေတစ်ဆင့် ချိတ်ဆက်ပြီး ဆက်သွယ်နိုင်ဖို့တွေ၊ ကိုယ်ရရှိလာတဲ့အတွေ့အကြုံ ဗဟုသုတတွေကို မျှဝေနိုင်ဖို့အတွက် ဒီ Social Network ကို သုံးတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်တကယ် ငွေပေးငွေယူ လုပ်တဲ့ကိစ္စတွေမှာဆိုရင် ယုံကြည်စိတ်ချရလောက်အောင် ခိုင်မာတဲ့နေရာ မဟုတ်ဘူးဆိုတာကို အသိပေး လိုပါတယ်။

 

 

ရှယ်ယာခေါ်ယူ လိမ်လည်မှု 

နောက်တစ်ခုက Facebook Social Network ကို လူသုံးများလာတဲ့အခါကျတော့ ဖေ့စ်ဘွတ်က ဈေးကွက်ရှာတဲ့နေရာတွေ ဖြစ်လာပြီးတော့ နာမည်ကြီးပြီးတော့ လူသိများလာတဲ့ လိမ်လည်မှုနှစ်ခုရှိပါတယ်။ စုမဲလိမ်ခြင်းနဲ့ ရှယ်ယာငွေတွေကိုလိမ်တဲ့ လိမ်လည်မှုတွေဖြစ်ပါတယ်။ ရှယ်ယာခေါ်ယူပြီး လိမ်လည်တဲ့အမှု ဆိုတာက အွန်လိုင်းပေါ်ကနေ ရှယ်ယာအမည်ခံတယ်၊ ပိုက်ဆံတွေထည့်ခိုင်းတယ်၊ ထည့်ခိုင်းပြီးတော့ လိမ်လည်တယ်။ ဘယ်လိုလိမ်လဲဆိုတော့ အမြတ်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိပေါ့။ အမြတ်ငွေတွေကို လစဉ်ပုံမှန်ပေးပြီး ယုံကြည်လာတယ်၊ ယုံကြည်အောင်စည်းရုံးပြီးမှ နောက်ထပ် ထည့်ဝင်သူတွေရဲ့ ငွေတွေကို ရှေ့လူတွေကိုအမြတ်ငွေပေးတယ်။ အယုံလွယ်တဲ့ ဖေ့စ်ဘွတ်သုံးသူတွေကို အသုံးပြုပြီးတော့ ကျူးလွန်ကြတာဖြစ်ပါတယ်။

 

 

တည်ဆဲဥပဒေအရဆိုရင်တော့ ငွေကြေးရှယ်ယာခေါ်ယူတဲ့ လုပ်ငန်းအမျိုးအစားဆိုတာက သာမန်ကုမ္ပဏီ မှတ်ပုံတင်ရှိရုံနဲ့ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းအမျိုးအစားမဟုတ်ဘူး။ သူတို့ကကျတော့ ဒီလုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကိုကျော်ဖြတ်ပြီး တော့မှသာလျှင် အများပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ပြီး လုပ်ကိုင်လို့ရတဲ့ လုပ်ငန်းအမျိုးအစားဖြစ်ပါတယ်။

 

 

ငွေကြေးသုံးစွဲတဲ့နည်းပညာမြင့် 

ဒါကြောင့်မို့ တရားဝင်လုပ်ကိုင်ခွင့်မရှိတဲ့ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်တွေကို ကျော်ဖြတ်ပြီးမှ ရှယ်ယာခေါ်ယူ လုပ်ကိုင်တယ်ဆိုတာ ဥပဒေကို ချိုးဖောက်တာပဲဖြစ်တယ်။ အဲဒီလိုဥပဒေကို ချိုးဖောက်တဲ့အခါကျတော့ ငွေကြေးဆုံးရှုံးနစ်နာ တဲ့သူတွေက အမှုဖွင့်တိုင်တန်းရပါတယ်ရှင်။ အခုခေတ်မှာ ငွေကြေးသုံးစွဲတဲ့ နည်းပညာ မြင့်မားလာတဲ့အတွက် ငွေချေတဲ့အခါမှာဆိုရင် အရင်ကပိုက်ဆံလေးတွေကိုင်ပြီး ငွေချေနေကြတာလေ။ ဒါပေမယ့် အခုနည်းပညာတွေမြင့်မားလာတော့ သူတို့တွေက ဘာတွေသုံးလာ သလဲဆိုရင် Credit Card တို့၊ Prepaid Card တို့၊ MPU Card ၊ Master Card တို့ နောက်ပြီးတော့ Union Pay Card အဲဒီလိုမျိုးနဲ့ ငွေပေးချေနေကြတာပေါ့။ အဲဒါကို e-Banking, Mobile Banking လို့လည်းခေါ်တာပေါ့။ နောက်တစ်ခု အဖြစ်များလာတာကတော့ Bitcoin ပေါ့။ Bitcoin က လျှို့ဝှက် ငွေကြေးဖြစ်တယ်။ Bitcoin ရဲ့ နောက်ဆက်တွဲ အနေနဲ့ Cryptocurrency ငွေကြေးတွေကလည်း အမျိုးအစားပေါင်း ၁၅၀ဝ ကျော်လောက် ပေါ်ထွက် နေတာပေါ့။ ဒါတောင်မှ ဈေးကွက်မဝင်ဘဲ ဈေးကွက်ဝင်ဖို့ ပြင်ဆင်ထားတဲ့ ငွေကြေးအမျိုး အစားပေါင်း Cryptocurrency , Pre - Coin တွေကလည်း အများအပြားရှိနေပါတယ်။

 

 

အများကြီးနစ်နာဆုံးရှုံး 

 

အခုလတ်တလော ဖြစ်ပွားခဲ့တဲ့အမှုတစ်ခုဆိုရင် တရားခံကနေ နာမည်တစ်ခုကိုသုံးပြီး Online ကနေတစ်ဆင့် ဆင့်ပွားကြော်ငြာတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို Agent နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ပြီးတော့မှ ရှယ်ယာ ရှင်တွေကိုခေါ်တာပေါ့နော်။ အဲဒီလို ရှယ်ယာရှင် တွေခေါ်လိုက်တဲ့အခါကျတော့ ကြော်ငြာ Page တွေကို သူပြန်ရောင်းတယ်။ Bitcoin ရောင်းဝယ်တဲ့အလုပ်တွေ သူလုပ်ပြီးတော့ ပြည်သူတွေကိုစည်းရုံးပါတယ်။ ကုမ္ပဏီတွေဖွင့်ထားတယ်။ နိုင်ငံတကာတရားဝင် အစုရှယ်ယာရောင်းချခွင့်ပြု ထားတဲ့ကုမ္ပဏီထဲမှာမပါဝင်ဘူး။ အဲဒီတော့ ဒီလိုတရားမဝင်လုပ်ပြီးတော့ ဖေ့စ်ဘွတ်ကို အသုံးပြုပြီးတော့မှ ကျူးလွန်ခံရတဲ့ ပြည်သူတွေအတွက် ကျတော့ အများကြီးနစ်နာဆုံးရှုံးမှုတွေရှိတာပေါ့။ ဒါကြောင့်မို့ ပြည်သူတွေကလည်း ဖေ့စ်ဘွတ်ပေါ်က လိမ်လည်မှုတွေမှာ သားကောင်မဖြစ်စေဖို့အတွက် အဲဒါလေးကိုသတိပြုမိစေဖို့ အသိပညာပေးလိုပါတယ်။ ခင်ရတနာ၊ သိမ့်သိမ့်မိုး(မြန်မာ့အလင်း) ဓာတ်ပုံ - သိင်္ခ