ဆမ်ဆောင်းက အန်းဒရွိုက် ၁၃ ကိုအခြေခံသည့် One UI 5.0 အပ်ဒိတ်ရမည့်ဖုန်းစာရင်းကို ကြေညာ

 

ရန်ကုန် အောက်တိုဘာ ၂၄

 

ဆမ်ဆောင်းက အန်းဒရွိုက်ဗားရှင်း အသစ်ဖြစ်သည့် အန်းဒရွိုက် ၁၃ ကို အခြေခံထားသော စက်လည်ပတ်မှုစနစ်ဖြစ် သည့် One UI 5.0 ကို အောက်တိုဘာ ၁၅ ရက်တွင် မိတ်ဆက်ခဲ့ပြီး အပ်ဒိတ်ရနိုင်မည့် ဖုန်းမော်ဒယ်များနှင့် ရနိုင်မည့် ရက်စွဲများကိုလည်း ကြေညာခဲ့သည်။

 

နောက်ဆုံးထွက် တန်ဖိုးမြင့် ဖုန်းစီးရီးတစ်ခုဖြစ်သည့် Galaxy S22 စီးရီးများသည် အပ်ဒိတ်ကို ပထမဆုံး ရရှိမည်ဖြစ်ကာ ယခုနှစ် အတွင်းထွက်ထားသော Galaxy A series, F series, M series, Note series, S series ဖုန်းများနှင့် Galaxy Tab တက်ဘလက်များလည်း အပ်ဒိတ်ကို ရရှိနိုင်မည်ဖြစ်သည်။

 

သို့ရာတွင် ဖုန်းအားလုံး အနေဖြင့် အပ်ဒိတ်ကို တစ်ပြိုင်တည်း ရရှိမည်မဟုတ်ဘဲ မော်ဒယ်အလိုက် သတ်မှတ်ထုတ် ပေးသည့်အချိန်တွင် ရရှိမည်ဖြစ်သည်။

 

One UI 5 တွင် ပါဝင်လာမည့် လုပ်ဆောင်ချက် အသစ်များအနေဖြင့် ဖုန်းမဖြေနိုင်သော အချိန်တွင် ဖုန်းခေါ်ဆိုမှုများကို စာတိုဖြင့် ဖြေကြားနိုင်ပြီး ခေါ်ဆိုသူ၏တုံ့ပြန်မှုဖြင့် ခေါ်ဆိုမှုကို မှတ်တမ်းတင်ထားနိုင်မည့် Bixby စာသားခေါ်ဆိုမှု၊ ဖုန်း၏ဆက်တင်များကို ကြိုတင်သတ်မှတ်ထားသည့် အချိန်တွင်ဖြစ်စေ၊ ခလုတ်တစ်ချက်နှိပ်ရုံဖြင့်ဖြစ်စေ ပြောင်းလဲနိုင်မည့် One UI 5 Mode၊ ဗီဒီယိုများကို လော့ခ်စခရင်တွင် နောက်ခံအဖြစ်ထားနိုင်မည့် Video Wallpaper ၊ ဖုန်းနှင့် ချိတ်ဆက်ထားသည့် Quick Share၊ Smart View နှင့် Samsung DeX ကဲ့သို့သော စက်ပစ္စည်းများကို တစ်နေရာ တည်းတွင် စုစည်းပြသ၍ ထိန်းချုပ်မှုများ လုပ်ဆောင်နိုင် မည့် Connected devices menu စသည့် လုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

 

ကိုစိုး