ပရီမီယာလိဂ်ပွဲစဉ် (၂၄) မှ ဖေဖော်ဝါရီ ၃ ရက် နံနက် ၂ နာရီခွဲက  ယှဉ်ပြိုင်ကစားခဲ့သည့်  ဆန်းဒါးလန်းနှင့် ဘန်လေအသင်းပွဲစဉ်တွင် ဆန်းဒါးလန်းအသင်းက အိမ်ကွင်းအားသာချက်ကို  အပြည့်အဝအသုံးချကာ သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။

ဆန်းဒါးလန်းအသင်းသည် ပွဲစအပိုင်းကတည်းက ခံစစ်-ကွင်းလယ်- တိုက်စစ် ဟန်ချက်ညီညီကစား နိုင်ခဲ့သည့်အပြင် ပြိုင်ဘက် ဘန်လေအသင်း၏  အားနည်းချက်ကို အသုံးချနိုင်ခဲ့သည့်အတွက် ပြတ်သားသည့် နိုင်ပွဲရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ ဘန်လေအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပွဲကို  ထိန်းချုပ်ကစားနိုင်ရေး ကြိုးပမ်းလာသော်လည်း ဆန်းဒါးလန်းအသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှုအောက် အသင်းကစားပုံဟန်ချက်ပြက်ခဲ့ပြီး အမှားအယွင်းများစွာ ပြုလုပ်ခဲ့သည့်အတွက် နိုင်ပွဲဆက်လက်ပျောက်ဆုံးကာ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ဘန်လေအသင်းသည် ယခုပွဲစဉ်ရလဒ်ကြောင့် နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့်အတူ တန်းဆင်းဇုန်အတွင်း ဆက်လက်ရပ်တည်နေသည်။ ထို့ကြောင့် ဘန်လေအသင်းသည် လာမည့်ပွဲစဉ်များတွင် ရလဒ်ကောင်းရရှိရေး  ဖော်ဆောင်နိုင်ခြင်းမရှိပါက တန်းဆင်းဇုန်မှ လွတ်မြောက်နိုင်ရေး မျှော်လင့်ချက် မှေးမှိန်သွားဖွယ်ရှိသည်။

ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့သည့် ဆန်းဒါးလန်းအသင်းက နိုင်ပွဲကိုးပွဲနှင့်အတူ ရမှတ် ၃၆ မှတ်ဖြင့် အဆင့် (၈) နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။   

အောင်ဇော်